နဂါးပတ် ကျော့ကွင်းကနေ ရုန်းထွက်ဖို့ ရှေ့ခြေတလှမ်းတိုးလိုက်တဲ့ မြန်မာ

မြန်မာက ရှေ့တစ်လှမ်းတိုးလိုက်တယ်

နယူးရန်ကုန် စီမံကိန်းအတွက် တရုတ်နိုင်ငံက CCCC ကုမ္ပဏီနဲ့ ယှဉ်ပြိုင် လုပ်ကိုင်ဖို့ရာ အခြားသော ကုမ္ပဏီတွေကို ခွင့်ပြုပေးလိုက်ပါတယ်။ နယူးရန်ကုန် စီမံကိန်းကို တင်ဒါ ပြန်ခေါ်ရာမှာ တင်ဒါလုပ်ငန်းတွေကို ကြီးကြပ်ဖို့ ဂျာမန် အကြံပေးကုမ္ပဏီ Roland Berger ကို ငှားရမ်းလိုက်တာ ဖြစ်လို့ နယူးရန်ကုန် စီမံကိန်းအတွက် ​ခြေလှမ်းတစ်လှမ်း တိုးလာနိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက တရုတ်နိုင်ငံသတင်းစာရဲ့ဖော်ပြချက် အပေါ် ကိုးကား ရေးသားလိုက်ပါတယ်။

Swiss Challenge လို့ ခေါ်လို့ရပြီဖြစ်တဲ့ တင်ဒါစနစ်ဟာ အရှေ့တောင်အာရှက နိုင်ငံတစ်ခု (မြန်မာ) ကို ပြည်သူလူထု အတွက် ဖော်ဆောင်တဲ့ လုပ်ငန်းတွေ အပေါ်မှာ ပွင့်လင်း မြင်သာစေပြီး ဒီလိုလုပ်လိုက်တာဟာ ရင်းနှီးမြုပ်နှံသူတွေကို Swiss Challenge လုပ်လိုက်ပြီလို့ အချက်ပေးလိုက်နိုင်တာပါပဲ။ Swiss Challenge စနစ်ဆိုတာဟာ ပြည်သူလူထုနဲ့ ပတ်သက်နေတဲ့ လုပ်ငန်းတွေအတွက် တင်ဒါခေါ်ရာမှာ ပွင့်လင်း မြင်သာစေတဲ့ စနစ်ပါ။ တင်ဒါ ပြိုင်သူတွေဆီက ကမ်းလှမ်းချက်တွေကို ပုံနှိပ်ထုတ်ဝေပြီး ပြည်သူကို ချပြတယ်။ ပြီးတော့မှ ကြားက အတိုင်ပင်ခံ အကြံပေးအဖွဲ့ တစ်ခုကနေ တင်ဒါကို သမာသမတ်ကျကျ ဝင်ရောက် ဆုံးဖြတ်ပေးတဲ့ စနစ်ပါပဲ)။ အမေရိကန်နဲ့ တရုတ် အကြားမှာ ညပ်နေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်က Blacklist ​​ကြေညာတာ ခံထားရတဲ့ CCCC လို ကုမ္ပဏီနဲ့ အလုပ်လုပ်ဖို့ လိုတိုးပိုလျှော့ လုပ်ရင်း မဲတင်းနေရတဲ့ မြန်မာပြည်ကို ကြိုးတန်းပေါ်က မကျအောင် ဂရုတစိုက် လမ်းလျှောက်နိုင်အောင် ဒီနည်းလမ်းက ဆောင်ရွက်ပေးပါလိမ့်မယ်။ အခုရွေးချယ်လိုက်တဲ့ Swiss Challenge ဟာ မြန်မာတို့ရဲ့ လိုလားချက် အားလုံးကိုလည်း ပြည့်စေ၊ ဒုက္ခလည်း ကင်းစေဖြစ်မယ့် နည်းလမ်းပါပဲလို့ လေ့လာသူတွေနဲ့ အတိုင်ပင်ခံ အကြံပေးတွေက ပြောကြပါတယ်။

တရုတ် ရေးဆွဲခဲ့တဲ့ စီမံကိန်း

၂၀၁၈ ခုနှစ်တုန်းက မြန်မာတွေဟာ (ရန်ကုန် အစိုးရကလို့လည်း ပြောကြပါတယ်) တရုတ် CCCC ကုမ္ပဏီကို ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် နယူးရန်ကုန် စီမံကိန်း ရေးဆွဲဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ စီမံကိန်းဟာ မီးရရှိရေး၊တံတား တည်ဆောက်ရေး၊ လမ်းတည် ဆောက်ရေး၊ ရေသန့်စနစ် စတဲ့ အခြေခံ အဆောက်အအုံတွေ အပြည့်အစုံပါတဲ့ စီမံကိန်းဖြစ်ပါတယ်။ ဒါပေမဲ့ အခု လုပ်လိုက်တဲ့ Swiss Challenge ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ လိုက်နာရမယ့် စည်းကမ်းချက်တွေအရ တရုတ်နိုင်ငံပိုင် ကုမ္ပဏီကြီးကနေ ရေးဆွဲထားတဲ့ စီမံကိန်း အဆိုပြုချက်တွေထဲက အလုပ်တွေကို အခြားသော ကုမ္ပဏီတွေကလည်း ဝင်ပါပြီး သာသည်ထက်သာအောင် ဝင်ရောက် လုပ်ကိုင်နိုင်စေဖို့ ဖိတ်ကြားရပါတော့တယ်။ CCCC ရဲ့ ကနဦး စီမံချက်ကြီး ထွက်ပေါ်လာတဲ့ အချိန်မှာ ဒီစီမံကိန်းကြီးဟာ ကီလိုမီတာ ၁၇၀၀ ရှည်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ CMEC ရဲ့ အဓိကကျတဲ့ အပိုင်းအဖြစ် ကောင်းချီးမင်္ဂလာ ပြုနေတယ် ဆိုတာကို တွေ့လိုက်ကြရပါတယ်။ CMEC ဟာ ကူမင်းကနေ မန္တလေးနဲ့ ရန်ကုန်ကို ဆက်သွယ်မှာဖြစ်ပါတယ်။ CMEC ဟာ တရုတ်တို့ရဲ့ BRI စီမံကိန်းထဲမှာ ရတနာတစ်ပါး ဖြစ်နေပါတယ်။ CMEC စင်္ကြံကနေ အာရှနဲ့ အရှေ့အလယ်ပိုင်း၊ အာဖရိက နဲ့ ဥရောပတို့ကို ဆက်သွယ်မှာပါ။ ပြီးခဲ့တဲ့နှစ်က နယူးရန်ကုန် ဖွံဖြိုးရေးကုမ္ပဏီ ဆိုတဲ့ စီမံကိန်းကို ဦးဆောင်မယ့် အေဂျင်စီကနေ ပါဝင် ဆောင်ရွက်လိုတဲ့ ကုမ္ပဏီတွေကို တင်ဒါခေါ်ခဲ့ပါသေးတယ်။

မြို့သစ်အတွက် ပထမဆုံး ခြေလှမ်း

“ဒီနေ့ ကျွန်တော်တို့ဟာ အရေးကြီးတဲ့ မှတ်တိုင်တစ်ခု စိုက်နိုင်ခဲ့ပါပြီ။ ရန်ကုန်မြစ်ရဲ့တစ်ဖက်ခြမ်းမှာ မြို့အသစ်တစ်ခု ဖြစ်ပေါ်လာဖို့ စိတ်ကူးကို အကောင်အထည် စဖော်နိုင်မယ့် ပထမဆုံးခြေလှမ်းကို စလှမ်းနိုင်ခဲ့ပါပြီ” လို့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်ဆံရေး ဝန်ကြီး ဦးသောင်းထွန်းက ဒီအပတ်ထဲ (စက်တင်ဘာ ၄ ရက်) မှာ ထုတ်ဖော် ကြေညာခဲ့ပါတယ်။ ကိုဗစ် ၁၉ ကြောင့် နိုင်ငံရဲ့ စီးပွားရေး ထိခိုက်မှုတွေကို လျော့ပါး သက်သာစေဖို့ လိုအပ်နေတဲ့၊ ကောင်းမွန်တဲ့ အလုပ်အကိုင်တွေ ရရှိဖို့နဲ့ စီးပွားဖြစ် ရပ်တည်နိုင်ဖို့သေချာတဲ့ အလုပ်တွေ စနိုင်ဖို့ရာ စက်မှုဇုန်တွေ ထူထောင်ရေးကို ကျွန်တော်တို့ အရင်ဆုံး အာရုံစိုက်ရပါမယ်။ စီးပွားရေးတွက်ခြေကိုက်မှု အလားအလာ သေချာတဲ့ လုပ်ငန်းတွေကို ပရောဂျက် အသေးလေးတွေ အဖြစ် ခွဲထုတ်ချလိုက်ခြင်းအားဖြင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဖြစ်သွားတယ်၊ နိုင်ငံတကာအဆင့် ပွင့်လင်းတဲ့၊ နိုင်ငံတကာက ဝင်ရောက် ယှဥ်ပြိုင်နိုင်တဲ့ တင်ဒါစနစ်ကို ဖြတ်သန်းရတာလည်း ပါလာတယ်။

Roland Berger ဟာ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေ ဖြစ်တဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုနဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ ၂၀၁၂ ကတည်းက ပါဝင် ပူးပေါင်း ဆောင်ရွက်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ အဲဒီဂျာမန် အတိုင်ပင်ခံ ကုမ္ပဏီကို အခုကိစ္စမှာ အရေးပါတဲ့ ကုမ္ပဏီ အစုရှယ်ယာရှင်တွေနဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ တာဝန်ပေးသွားမှာ ဖြစ်ပြီး တင်ဒါ အောင်မြင်သူကို ရွေးချယ် သတ်မှတ်ပေးရမှာပါ။ ရိုးသားဖြောင့်မတ်တဲ့ ဘယ်သူမဆို ဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံနိုင်မယ် လို့ သိရပါတယ်။ ဟက်တာ ၈၈၃၀ (၂၁၈၁၉ ဧက) စီမံကိန်းဟာ ရန်ကုန်မြစ်ရဲ့အနောက်ဘက်ခြမ်းမှာ တည်ရှိပါတယ်။ အိမ်အလုံးရေပေါင်း ၁၆၃၀၀၀ ပါဝင်မှာ ဖြစ်ပြီး အလုပ်အကိုင်ပေါင်း တစ်သန်းလောက် ပေါ်ထွက်လာဖို့ ရှိပါတယ်။

တရုတ် သည်းခြေကြိုက်

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၂၀၂၀ ဇန်နဝါရီလတုန်းက မြန်မာပြည်ကို လာခဲ့ပါတယ်။ သူ့ခရီးစဥ် အတွင်းမှာ သဘောတူညီမှု ၃၃ ခု ပြုလုပ်နိုင်ခဲ့တယ်။ အဲဒီအထဲက ၁၃ ခုဟာ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး ကိစ္စတွေပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အတွက်ရော ပိုးလမ်းမ (BRI) အတွက်ပါ အရေးပါနေတဲ့၊ ရည်မှန်းချက်ကြီးကြီး ထားရှိထားတဲ့ ပရောဂျက် ဆိုတာကို အငြင်းပွားစရာ မရှိပါဘူးလို့ စီနီယာ လေ့လာသူ တစ်ဦးဖြစ်တဲ့ Kaho Yu (Asia risk analyst at Verisk Maplecroft) က ပြောပါတယ်။ “မြန်မာဟာ BRI အတွက် သည်းခြေကြိုက် ဖြစ်တယ်ဆိုတာ ရှီရဲ့ခရီးစဥ်က ဖော်ပြနေပါတယ်။ ဒါပေမဲ့ ကိုဗစ် ၁၉ ကြောင့် မြန်မာဟာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ပေါ်လစီကို ပြောင်းလဲခဲ့တယ်။ ကိုဗစ်ကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို ခုသာခံသာအောင် ငွေကိုမျှော်မနေဘူး။ ပရောဂျက်တွေကို စီးပွားဖြစ်နိုင်ခြေ ရှိတာသေချာမှ လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်” လို့ Kaho Yu က ပြောပါတယ်။ Swiss Challenge စနစ်ဟာ မြန်မာ အစိုးရအတွက် ပေါင်းမြက်တွေကို ရှင်းထုတ်နိုင်တဲ့ အခွင့်အရေးကို ရစေတယ်။ ပျော့ကွက်ဟာကွက်၊ အားနည်းချက် ရှိနေတဲ့ အသင်းအပင်းတွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။ CCCC ကုမ္ပဏီကို အမေရိကန်က အမည်ပျက် Blacklist စာရင်းသွင်းလိုက်လို့ ပြဿနာ ဖြစ်စေခဲ့တာမျိုးကိုပေါ့။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် မြန်မာဟာ အားလုံးကို ပြန်စည်းရုံးနိုင်ဖို့ အားရှိသွားခဲ့တယ်” လို့ ပြောပါတယ်။

ကြားညှပ်မယ့် အနေအထား

ပြီးခဲ့တဲ့ အပတ်တုန်းက အမေရိကန် စီးပွားရေး ဌာနဟာ တရုတ် နိုင်ငံပိုင် ကုမ္ပဏီ ၂၄ ခုကို သူ့ရဲ့ အကျုံးဝင်စာရင်း (Entity List) ထဲကို ထည့်သွင်းခဲ့ပါတယ်။ တရုတ် ကွန်မြူနစ်ပါတီရဲ့တောင်တရုတ် ပင်လယ်ထဲက စစ်ရေးစခန်းတွေ တည်ဆောက်ရေးမှာ ပါဝင် ကူညီခဲ့ကြတဲ့ ကုမ္ပဏီတွေ ဖြစ်လို့ပါပဲ။ Entity List ဆိုတဲ့ စာရင်းကြီးဟာ တရုတ် စာရင်းပေါင်း ၃၀၀ ကျော် ပါဝင်ပါတယ်။ ဆက်သွယ်ရေး ကုမ္ပဏီ ဟွာဝေးလည်း ပါနေပါတယ်။ အမေရိကန် လုပ်ငန်းရှင်တွေက အဲဒီစာရင်းထဲ ပါနေသူတွေကို ပစ္စည်းရောင်းတာ၊ ဝယ်တာ မလုပ်ရတော့ပါဘူး၊ အထူး ခွင့်ပြုချက်ရမှ လုပ်ခွင့်ရှိပါမယ်။ အမေရိကန်တို့ရဲ့ လုပ်ရပ်ဟာ မြန်မာပြည်လို နိုင်ငံမျိုးတွေကို နူးညံ့တဲ့ သတိပေးချက်နဲ့ သတိပေးလိုက်တာပါ။ Blacklist ဖြစ်နေတဲ့ CCCC လိုမျိုးတွေနဲ့ အလုပ်မလုပ်နဲ့ လို့ ပြောလိုက်တာပါပဲလို့ International Trade Lawyer Julien Chaisse က ဆိုပါတယ်။

မြန်မာအနေနဲ့ တရုတ်နိုင်ငံပိုင် CCCC လို ကုမ္ပဏီကြီးရဲ့ကမ်းလှမ်းမှုကို ဘယ်လို ခက်ခက်ခဲခဲ ငြင်းပယ်နိုင်မလဲ ဆိုတာ မေးခွန်း ထုတ်ချင်စရာပါပဲလို့ Singapore Institute of International Affairs က ဥက္ကဌ Simon Tay က ပြောခဲ့ပါတယ်။ “မြန်မာတွေဟာ ရင်းနှီးမြှုပ်နှံမှု လိုနေတယ်။ နယူးရန်ကုန် စီမံကိန်းဟာ ရည်မှန်းချက် ကြီးမားတဲ့ ပရောဂျက် ဖြစ်တယ်။ လုပ်ကွက်က သိပ်ကြီးတယ်။ ဒါဟာ ပြည်ထောင်စု အစိုးရရဲ့စီမံကိန်း မဟုတ်ဘူး၊ ရန်ကုန် အစိုးရ စခဲ့တဲ့ လုပ်ငန်းပါ။ ဒီတော့ သူတို့ဟာ လက်တွေ့ကျကျ လုပ်ရဲပြီး ငွေပေါတဲ့ ရင်းနှီးမြှုပ်နှံသူကို ရှာရမှာပါပဲ။ အာရှ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်တွေဟာ အနောက်နိုင်ငံတွေနဲ့ ဖူးစာဆုံခွင့် မရခဲ့ပါဘူး။ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း သူတို့ နားမလည်နိုင်ကြပါဘူး။ ဘင်္ဂါလီ အရေးကိစ္စတွေ ဖြစ်ပြီးတဲ့နောက်မှာ မြန်မာပြည်မှာ အလုပ်လုပ်ဖို့ ဆန္ဒရှိသူတွေဟာ အာရှက နိုင်ငံတွေပါပဲ။ တရုတ်၊ ဂျပန်နဲ့တောင်ကိုရီးယားတို့ပဲ ရှိတယ်” လို့ Simon Tay က ပြောပါတယ်။ “တရုတ်ဟာ အကြီးမားဆုံး၊ သြဇာအာဏာ အရှိဆုံးပါပဲ။ သူတို့ဟာ နယ်စပ်နယ်ခြားတွေမှာ ပိုသြဇာကြီးပါတယ်။ အမေရိကန်ဟာ မြန်မာအတွက် အရေးကြီးတယ်။ ဒါပေမဲ့ တရုတ်က သေရေးရှင်ရေးတမျှ အရေးကြီးတယ်” လို့တောင် Simon Tay က ဆိုလိုက်ပါတယ်။

“ပရောဂျက်ကြီးကို အသေးလေးတွေ ခွဲထုတ် ချလိုက်တဲ့အခါ အားလုံးဟာ တန်းတူညီမျှ ပြိုင်ဆိုင်ခွင့် ရသွားမှာ ဖြစ်ပါတယ်။ CCCC က အကုန်လုံးကို ပြန်လိုချင်ရင်၊ သူချည်းပဲ လုပ်ချင်ရင် သူလည်း ပြန်ကြိုးစားရလိမ့်မယ်” လို့ ရန်ကုန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှု အကြံပေးအဖွဲ့ Consult- Myanmar က Andrew Tan ဆိုသူက ပြောပါတယ်။ “နိုင်ငံရေး ကတိကဝတ်တွေ နှစ်ဦးနှစ်ဖက်က ပေးထားပြီးသား ဖြစ်ပါတယ်။ CCCC ကို သဘောတူထားတဲ့ အလုပ်ထဲကနေ ဖယ်ထုတ်တာဟာ တောင်တရုတ် ပင်လယ်ထဲက ပရောဂျက်မှာ ပါမိလို့ အမေရိကန်က Blacklist လုပ်ထားတာထက် ပိုသွားလိမ့်မယ်” လို့ Steptoe & Johnson ဥပဒေအဖွဲ့က ရှေ့နေလည်းဖြစ် စီးပွားရေးပိတ်ဆို့မှု ဆန်ရှင်ဆိုင်ရာ ကျွမ်းကျင်သူလည်း ဖြစ်တဲ့ Nicholas Turner က သူ့အမြင်ကို ပြောပါတယ်။

သုံးသပ်ချက်

ဒီပရောဂျက်ဟာ ကြာပါပြီ။ ပြည်တွင်းမှာ အတော်လေး မေးခွန်း အထုတ်ခံရတဲ့ စီမံကိန်းပါပဲ။ ကမ္ဘာမှာ တရုတ်တို့ရဲ့ ကြွေးမြီ ထောင်ချောက်ဆိုတဲ့ အသံတွေ ဆူညံလာပြီးချိန်မှာ ​အရင်အစိုးရ လက်ထက်က စခဲ့တဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းလို စီမံကိန်းတွေရဲ့တန်ဖိုးတွေ ပြန်လျှော့ချခဲ့ရပါတယ်။ နယူးရန်ကုန်ဟာ ၂၀၁၈ မှာ ရန်ကုန်အစိုးရက စတယ် ဆိုပေမယ့် အမြုတေ စတင်ခဲ့တာ ကြာနေပါပြီလို့ အတွင်းသိသူတွေက ပြောကြပါတယ်။ တရုတ်သမ္မတ လာပြီးနောက်မှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ CMEC စဖို့ တိုက်တွန်းခဲ့ပေမယ့် မြန်မာဘက်က အထနှေးနေခဲ့ပါတယ်။ နှေးနေရတဲ့ အကြောင်းတွေဟာလည်း ပြောလို့ဆိုလို့၊ အကြောင်းပြလို့ ကောင်းနေခဲ့တာမို့ တရုတ်တို့ မပြောသာခဲ့ပါဘူး။ ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံး အစစအရာရာ ယိုယွင်းနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အဲ့သည်လို နေရင်းကနေ မြန်မာအစိုးရဟာ ပြန်သုံးသပ်နေခဲ့ပြီး “စီးပွားရေးတွက်ခြေကိုက်မှု” ဆိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲလာပါတယ်။ ကိုင်စွဲနိုင်လောက်တဲ့ အခြေအနေတွေကလည်း ပေးလာပါတယ်။ မြန်မာတို့ဘက်က အီလည်လည် ဖြစ်နေချိန်ဆိုပေမယ့် နယူးရန်ကုန်အတွက် ပြန်လည်သုံးသပ်ပြီး Swiss Challenge လုပ်ဖို့ စီမံနေခဲ့ချိန် ဖြစ်ပါတယ်။

တရုတ်တို့ဟာ နိုင်ငံခြားရေး ဝန်ကြီးထက် နိုင်ငံခြားရေးမှာ အဆင့် ပိုမြင့်တဲ့သူကို ဥရောပ ခရီးစဉ် အစမှာ မြန်မာနိုင်ငံကို ဝင်ရောက်စေခဲ့ပါတယ်။ အဲဒီအချိန်ဟာ ကမ္ဘာမှာ တရုတ်တို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ဘယ်နေရာမှာမှ မျက်နှာပန်းမလှ ဖြစ်နေရလို့ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိဟာ ဥရောပ ခရီးထွက်ပြီး အီးယူကို စည်းရုံးနေရချိန် ဖြစ်နေပါတယ်။ တရုတ် အဆင့်မြင့် သံတမန်ဟာ စက်တင်ဘာ ၁ ရက်မှာ မြန်မာပြည်ကို လာပါတယ်။ နေ့ခင်း ၁၂ နာရီမှာ ရောက်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံနဲ့ ညနေ ၃ နာရီမှာ တွေ့ပါတယ်။ တွေ့ပြီးနောက် ဆွေးနွေးပွဲလုပ်ပါတယ်။ ဆွေးနွေးပွဲဟာ ဘယ်အချိန် ပြီးတယ် မသိပေမယ့် နိုင်ငံတော် သမ္မတကို ညနေ ၄ နာရီခွဲမှာ တွေ့ဆုံပါတယ်။ ​အဲဒီလို တွေ့ဆုံတာတွေပဲ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ နောက်တစ်ပတ်လောက်ကြာမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း တွေ့ဆုံခဲ့တယ်ဆိုတာကို သိကြရပါတယ်။

အဆင့်မြင့် သံတမန် မလာခင် ကတည်းက ညှိနှိုင်းနေတဲ့ နယူးရန်ကုန်ဟာ သူလာလို့ ပျက်မသွားဘဲ Swiss Challenge လုပ်နိုင်ခဲ့ပြီး စက်တင်ဘာ ၄ ရက်မှာ ကြေညာခဲ့ပါတယ်။ အဲဒီနေ့မှာ အကြံပေး ဝန်ဆောင်မှု လုပ်ငန်းအပ်နှံရေး စာချုပ်ကို ဂျာမန်အဖွဲ့နဲ့ လက်မှတ်ထိုးပါတယ်။ အဲ့သည်လို ထိုးလိုက်လို့ တရုတ်အစိုးရပိုင် CCCC ကုမ္ပဏီဟာပြိုင်ဘက်မရှိ အဖြစ်ကနေ လုံးဝနီးပါး လက်လျှော့လိုက်ရမယ့် အနေအထား ဖြစ်သွားနိုင်ပါတယ်။ တရုတ်အစိုးရဟာ နယူးရန်ကုန်ကို CMEC ရဲ့အရေးကြီး ပရောဂျက်အဖြစ် သူပဲလုပ်ချင်မှာပါ။ မြန်မာအစိုးရဟာ လတ်တလော အမည်ပျက် စာရင်းဝင်ခဲ့ရတဲ့ CCCC ကို ပညာသားပါပါ ရှောင်တယ်လို့ ဆိုပေမယ့် တရုတ်တို့ ကျေနပ်ပုံ မပေါ်ပါဘူး။ အဆင့်မြင့် သံတမန်သာ လာရင်းကိစ္စ အောင်မြင်တယ် ဆိုရင် စက်တင်ဘာ ၄ ရက်နေ့မှာ လက်မှတ်ထိုးပွဲ ဖြစ်မလာနိုင်ပါဘူး။

နောက်တစ်ခုကတော့ မြန်မာတို့ အနေနဲ့ ကျောက်ဖြူကို အချိန်ဆွဲထားတာကို တရုတ်တို့ သိနေပါတယ်။ ဖိအားပေးနိုင်ဖို့ လုပ်ပါလိမ့်မယ်။ အရင်က ဗိုလ်ချုပ်မှူးကြီးနဲ့ ဘယ်လို ဆွေးနွေးခဲ့တယ် ဆိုတာ မသိရပါဘူး။ သို့သော် အရင်ကတည်းက အေအေ ဖမ်းမိထားတယ်ဆိုတဲ့ တပ်သားတွေထဲက နှစ်ယောက်ကို နယ်သာလန် သည်ဟိတ်ကို ပို့လိုက်တယ်ဆိုတဲ့ သတင်းအရ တရုတ် အဆင့်မြင့် သံကြီးရဲ့ နေပြည်တော်ခရီးစဉ်ဟာ အောင်မြင်တယ်၊ မအောင်မြင်ဘူး ခန့်မှန်းလို့ရပါတယ်။ ရဲဘော်နှစ်ယောက် နယ်သာလန် ရောက်သွားတဲ့ သတင်းဟာ ဘယ်သူ့လက်ချက် ဆိုတာ ဗေဒင် မေးစရာ မလိုတဲ့ မူလတန်း သင်္ချာပါ။ တရုတ်ဟာ မြန်မာအစိုးရ၊ တပ်မတော်တို့နဲ့ စက်တင်ဘာ ၁ ရက်နေ့က အဆင့်မြင့်မြင့်ကြီးကို တွေ့ဆုံခဲ့ပါတယ် ဆိုတာ အခု လတ်တလော နယူးရန်ကုန် Swiss Challenge နဲ့ စစ်သည် နှစ်ဦးကိစ္စ The Hague တို့က ထင်ထင်ရှားရှား ပြသလိုက်တာလို့ မြင်ပါတယ်။ သည်ကြားထဲမှာ Arakan Rohenger Army (ARA) ဆိုတာ တစ်ခုက ထပ်ပေါ်ပေါက်လာပါသေးတယ်။ ဘယ်သူတွေက ကျောထောက်နောက်ခံ ပြုထားသလဲ ဆိုတာ မသိရသေးပါဘူး။ မကြာခင် သိရမှာပါ။

ဘယ်လိုပဲဖြစ်စေ ရန်တွေ အများကြီး ရှိနေတုန်းမှာပဲ မြန်မာက ရှေ့တစ်လှမ်း တိုးလိုက်ပါပြီ။

Pi Lon

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page