ရုရှားသမ္မတပူတင်ရဲ့ ပါတီကိုယ်စားလှယ်လောင်းကို အနိုင်ရခဲ့တဲ့ သန့်ရှင်းရေးအမျိုးသမီး

သန့်ရှင်းရေးအမျိုးသမီးမှ မြို့တော်ဝန် ဖြစ်လာသူ (စိတ်ခွန်အားဖြည့် စာစု လုံးဝမဟုတ်ပါ)

ဒီဇာတ်လမ်းက ဘာမှ မဟုတ်ပေမဲ့ ပြည်သူများအနေနဲ့ ရွေးကောက်ပွဲ နီးလာတာနဲ့ အမျှ စိတ်လှုပ်ရှားနေတာ တွေ ပြေရာပြေကြောင်း ဖြစ်အောင်၊ ကာချုပ်ကြီးလည်း ယာဉ်တန်းတွေ နဲ့ ခရီးထွက် အောင်မြေနင်းတယ်တို့ ဘာတို့နဲ့ လူထုကို စိတ်ရွှင်လန်းလာအောင်၊ ရယ်စရာ မောစရာ ဖြစ်အောင် လုပ်ပေးနေတာ တွေ့ရတဲ့ အတွက် ဖေ့စ်ဘုတ်မှာ ရေးကြ၊ရယ်ကြနဲ့ စိတ်ပြေလက်ပျောက် ဖြစ်သွားကြတာ တွေ့ရလို့ ကျွန်တော်လည်း ဗဟုသုတ အပြင် ရယ်စရာလို့လည်း ယူဆလို့ ရတဲ့ အဖြစ်အပျက်လေးတခုကို ရေးချင်စိတ် ပေါက်လာပါတယ်။

ဗိုလ်ချုပ်မှုးကြီး အဖို့ကတော့ ရွှေဘို တမြို့လုံး နီးပါးက မိမိတို့သည် လမ်းဘေး ဝဲယာမှ လူထု ပါတီကြီးကိုသာ ထောက်ခံကြောင်း အလံများ ဝှေ့ရမ်းပြီး ပြသခဲ့ကြတဲ့ အတွက် စိတ်ရွှင်လန်းမှုတော့ ရခဲ့မည် မဟုတ်ပေ။

ပိုဗာလီခီနို မြို့တွင် ဖြစ်ပါတယ်။

ထိုမြို့လေးက မော်စကို နဲ့ မိုင် သုံးရာ အကွာမှာ ရှိပြီး ထင်းမီးဖိုတွေ သုံးကာ ချက်ပြုတ်စားသောက်နေဆဲ ဖြစ်တဲ့ သစ်လုံးအိမ်များသာ ရှိတဲ့ ရွာသာသာ မြို့လေး ဖြစ်ပါတယ်။ မြို့လေးရဲ့ မြို့တော်ဝန် နီကိုလိုင် လော့တက်ဗ် ကတော့ ရွေးကောက်ပွဲ နီးလာတာနဲ့ အမျှ ဇောချွေး တွေ ပြန်လာပါတယ်။ ဇောချွေး ပြန်လာနေရတာကလဲ သူနဲ့ ယှဉ်ပြိုင် အရွေးခံမယ့်လူ ထွက်မလာလို့ပါပဲ။

အနောက်တိုင်း ဒီမိုကရေစီ တွေမှာတော့ ဒီလိုမျိုး ဖြစ်တာ လန့်စရာ မဟုတ်ဘဲ ဝမ်းသာစရာ ကိစ္စပင် မဟုတ်ပါလား။ အတိုက်အခံ မှန်သမျှ ကို ရွေးကောက်ပွဲတွေ မှာ လိမ်ပြီး အနိုင်ယူနေကျ ဖြစ်တဲ့ ရုရှားမှာ အာဏာရ ညီညွတ်သော ရုရှား ပါတီကြီးက ကြိမ်းသေနိုင်မဲ့ နေရာမျိုးမှာ အတိုက်အခံ တယောက်ကိုတော့ မဖြစ်မနေ ရှာရပါမယ်။ ဒါမှလည်း ဒီမိုကရေစီကျကျ ရွေးကောက်ပွဲတွေ ရှိတယ်လို့ အထောက်အထား ပြလို့ရကြောင်း ညွှန်ကြားချက် တွေ ရှိလာပြီး ပြိုင်ဖက် ရှာမရ ဖြစ်နေတာမို့ ဇောချွေး တွေ ပြန်လာနေတာပဲ ဖြစ်ပါတယ်။

မြို့အနှံ့ လိုက်လံ တီးခေါက်ကြည့် ပြန်တော့လည်း ဘယ်သူမှ ပြိုင်ဖို့ ထွက်မလာကြပါဘူး။ နောက်ဆုံး သူ့လက်ထောက် ကို ပြိုင်ဖို့ပြောလည်းမရ၊ ၂၀၁၁ ခုနှစ်တုန်းက ဝင်ပြိုင်ပြီး သူ့ကို ရှုံးသွားတဲ့ လူကိုတောင် ဒီတခေါက်လည်း ပြိုင်ပါဦး လို့ သွားပြီး ခယ တောင်းပန်ပြန်ပါတယ်။ နှစ်ယောက်စလုံးက ခေါင်းတခါခါ လည်တခါခါ နဲ့ ငြင်းကြပါတယ်။

နောက်ဆုံးမှာတော့ မြို့တော် ခန်းမမှာ သန့်ရှင်းရေး လုပ်နေတဲ့ မာရီနာ အာဂေါ့စကာရာ ဆိုတဲ့ အမျိုးသမီး (ပုံတွင်ဖေါ်ပြထားသူ) က သူ့ရဲ့ အလုပ်ရှင်လည်း ဖြစ်ပြန်တော့ အားနာပြီး ဖြစ်မယ်ဆိုရင် သူ ပြိုင်ပါ့မယ် ပြောလို့ နီကိုလိုင် ရဲ့ ပြဿနာ ကြီး ပြေလည်သွားပါတယ်။

သို့သော် လုံးဝထင်မှတ်မထားဘဲ ရွေးကောက်ပွဲမှာ မာရီယာက အနိုင်ရရှိသွားခဲ့ပါတော့တယ်။

သူမရဲ့ လစာမှာ သန့်ရှင်းရေး အလုပ်သမားအဖြစ် ရနေတဲ့ လစာရဲ့ နှစ်ဆနည်းပါး ဖြစ်တဲ့ ရူဘဲလ် ၂၉,၀၀၀ (ဒေါ်လာ ၃၈၀) လည်း ရရှိသွားပြီ ဖြစ်တဲ့ အတွက် မြို့တော်ဝန် အဖြစ် အောင်မြင်အောင် လုပ်ဖို့ သံဓိဠာန် ချလိုက်ပါတယ်။ သူမ အဖို့ ပထမဆုံး လုပ်ရမယ့် အလုပ်ကတော့ သူမနေရာ မှာ အစားထိုးရန် သန့်ရှင်းရေး အလုပ်သမားတဦး ရှာရဖို့ပဲ ဖြစ်ပါတယ်။ ဒုတိယ အဆင့်အဖြစ် မြို့ရဲ့ လမ်းတိုင်းမှာ လမ်းမီးတွေ ထိန်နေအောင် ထွန်းမယ်လို့ ပြောပါတယ်။

မာရီယာဟာ အသက် ၃၅ နှစ်ရှိပြီး အမျိုးသား က နေ့စား အလုပ်ကြမ်းသမား တဦးနှင့် ဆယ်ကျော်သက်အရွယ် ကလေးနှစ်ယောက် ရှိနေပါတယ်။

သူမသည် နိုင်ငံရေးလည်း တလုံးတပါဒမျှ သိသူမဟုတ်၊ မဲဆွယ်ဖို့လည်း နားမလည် ပေမယ့် သူ့ကို သိနေကြတဲ့ မြို့ကလူတွေက ပုံအောပြီးမဲထည့်လိုက်ကြတာပဲ ဖြစ်ပါတယ်။ အရေးနိမ့်သွားတဲ့ မြို့တော်ဝန်ဟောင်းကတော့ ယခုအထိ သတင်းသမားတွေနဲ့ အတွေ့မခံပဲ ရှောင်နေတယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ အာရပ်နိုင်ငံတွေ နဲ့ ကျန်နေသေးတဲ့ ကွန်မြူနစ် နိုင်ငံတွေကလွဲလို့ ဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပကြရပြီး နိုင်ငံရေး အာဏာ ကို ပြည်သူတွေရဲ့ အတည်ပြုချက် ရယူကြရစမြဲပဲ ဖြစ်ပါတယ်။ ဒီအတွက် ရုရှား လို နိုင်ငံတောင် အနည်းဆုံး တော့ အယောင်ဆောင် ပြုလုပ်ပေးရပါတယ်။

ကျွန်တော်လည်း စာဖတ်သူများ စိတ်ပြေလက်ပျောက် ဖြစ်အောင် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

လှစိုးဝေ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page