မန္တလေးမြို့မှာ တချိန်က ရှိခဲ့ဖူးတဲ့ ဓာတ်ရထား နှင့် မြို့ပတ်ရထား
ဓာတ်ရထား
ခရစ်နှစ် ၁၈၈၇ (သက္ကရာဇ် ၁၂၄၉) ခုနှစ်၌ မန္တလေးတွင် အင်္ဂလိပ်က မြူနီစီပယ်ဖွဲ့သည်။ ထို့နောက် မန္တလေးမြို့တွင်း ဓာတ်ရထားလမ်းကို ၁၉၀၄ ခု ဇူလိုင် ၁၄ ရက် (၁၂၆၆ ခု၊ ဒုတိယ ဝါဆိုလဆန်း ၃ ရက်) က လက်ထောက်ဘုရင်ခံ ဆာဟရူးဘာနီ(ဘန်းစ်)က ဖွင့်လှစ် ပေးခဲ့ပြီး ၈၄ လမ်းတစ်လျှောက် ရှမ်းစုအထိလမ်းကိုမူ ၁၉၀၇ ခု၊ ဇန်နဝါရီလ ၂၆ ရက် (၁၂၆၈ ခု၊ တပို့တွဲလဆန်း ၁၄ ရက်)နေ့တွင် တိုးချဲ့ဖွင့်လှစ်ခဲ့သည်။
မန္တလေး ဓာတ်ရထားလမ်းများအား ၁၉၀၄ ခုနှစ်တွင် ဓာတ်ရထားဆိုသည်မှာ သွယ်တန်းထားသော ဓာတ်ကြိုးတစ်လျှောက် အမိုးပေါ်ရှိ လက်တံဖြင့်ထိကာ လျှပ်စစ်ဓာတ်အားဖြင့် ပြေးဆွဲရသော ယာဉ်ဖြစ်သည်။ မန္တလေးတွင် ပြေးဆွဲသော ဓာတ်ရထားများကို လန်ဒန်မှ Dick Kerr Co. Ltd of Preston, London ကုမ္ပဏီက တာဝန်ယူ ပြေးဆွဲခြင်းဖြစ်သည်။
အဆိုပါကုမ္ပဏီသည် ဘာစီလိုနာ၊ မက်ဒရစ်နှင့် ကာလကတ်္တားမြို့များ၌လည်း ဓာတ်ရထားများ ဖောက်လုပ်ပြေးဆွဲခဲ့သည်။ မန္တလေး၌ ပြေးဆွဲခဲ့သော ဓာတ်ရထားများမှာ တစ်ထပ်သာရှိပြီး ဘေးတံခါးများ မပါရှိသော ဟင်းလင်းဖွင့်များဖြစ်၏။ လူ ၄၈ ယောက်စီး ဓာတ်ရထား ၂၄ စီးဖြင့် ပြေးဆွဲခဲ့သည်။ မန္တလေးမြို့အတွင်း ဓာတ်ရထားလမ်းမှာ ၆ မိုင်ခွဲခန့်ရှည်ကာ အသွားလမ်းတစ်လမ်း၊ အပြန်တစ်လမ်း ဖောက်လုပ်ထားသည်။ ဘုရားကြီးနှင့် ရုံးကြီး၊ ရုံးကြီးနှင့် ဂေါဝိန်လမ်းနှစ်လမ်းရှိကာ ခရီးဆုံးဘူတာများကား ရှမ်းစုဘူတာ၊ မန္တလေးဂေါဝိန်ဆိပ်နှင့် ရုံးကြီး တို့ဖြစ်သည်။
၁၃၀၀ ပြည့်နှစ်ဝန်းကျင်၌ ရှေ့၌ ဦးခေါင်း ချွန်ကြီးများပါရှိသော ဆိုက်ကားများပေါ်လာပြီး ထိုဆိုက်ကားများကိုလည်း အစီးများလာပြန်၏။ ဆိုက်ကားများကား မြန်မာအမျိုးသားအများစု၏ တစ်ဦးချင်းစီ အသီးသီး ပိုင်ဆိုင်ကြသည့် ပုံစံဖြစ်သည်။ ထိုအခါ အင်အားကြီးအရင်းရှင်ကုမ္ပဏီကြီးက တစ်နေကုန်စီး ၃ ပဲတန်လက်မှတ်များ ရောင်းချကာ ၃ ပဲဖြင့် တစ်နေကုန် ခေါက်တုံ့ခေါက်ပြန် စီးချင်သလောက်စီး။ ထိုလက်မှတ်ဖြင့်ပင် ထိုနေ့အတွက် မည်သူ့မဆို လက်လွှဲစီးနိုင်သည့် စနစ်ကို တီထွင်ခဲ့သည်။
သို့သော် ၁၃၀၀ ပြည့်ဝန်းကျင်က အမျိုးသားရေးစိတ်ဓာတ် တံခွန်အမြင့်မားဆုံးအချိန်ဖြစ်သည်။ ထိုစိတ်ဓာတ်ဖြင့်ပင် အမျိုးသားပိုင် ဆိုက်ကားများကိုပဲ ဝိုင်းဝန်း အားပေးခဲ့သောကြောင့် အင်အားကြီး ဓာတ်ရထား ကုမ္ပဏီကြီး ဓာတ်ရထားကုမ္ပဏီကြီး အရှုံးပေး နောက်ဆုတ်ကာ ဓာတ်ရထားများ ဖြုတ်သိမ်းသွားရသည့် အဖြစ်အပျက်မှာလည်း မှတ်သား ဖွယ်ရာဖြစ်ပါသည်။
မြို့ပတ်ရထား
မန္တလေးမြို့၏ ပထမဆုံး မြို့ပတ်ရထားလမ်းကို ၁၉၉၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်နေ့က အနောက်မြို့ပတ် ရထားလမ်းအဖြစ် ဖွင့်လှစ်ခဲ့သည်။ ဘူတာကြီးမှ အနောက် ၃၅ အေလမ်းအတိုင်း အနောက် မြစ်ဆိပ်သို့ မူလ သစ်တင် ဆီတင် ရထားလမ်းအတိုင်း ဆင်းပြီး ကမ်းနားလမ်းအရောက် မြောက်သို့ အသစ်ဆက်ဖောက်သည်။ ထို့နောက် ၂၆ ဘီလမ်းအနောက်ထိပ် ပိုက်ကျုံးတွင် ၂၆ ဘီလမ်းမကြီး လမ်းလယ်အတိုင်း အရှေ့ ၈၆ လမ်း ရွှေတချောင်း၊ ထိုမှ မြောက် ၈၆ လမ်းအတိုင်း ရွှေတချောင်းမြောင်းဘောင်အတိုင်း မြောက်သို့ ရေကြည် မဲအိုးတန်း ညောင်ပင်ဈေး ကြံခင်း ဗြစ်စက်မှ အိုးဘိုဘူတာသို့ဝင်သည်။
အရှေ့မြို့ပတ်ရထားလမ်းကို ၁၉၉၁ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ထပ်မံဖွင့်လှစ်ပြီး ဘူတာကြီးမှ တောင်သို့ ရှမ်းစု မြို့ဟောင်းအထိ မူလလမ်းအတိုင်း၊ ထိုမှအရှေ့ လာရှိုးရထားလမ်းအတိုင်း အရှေ့တက်ကာ သိုးခြံ ကန်သာယာ ယဉ်ပျံ နန်းရှေ့ နွယ်နီ မန္တလေးတောင်မှတဆင့် သူရဲဈေးသို့ ဝင်သည်။ မြို့ပတ်ရထားလမ်းများက ၁၉.၃၂ မိုင်ရှိသည်ဟုဆိုသည်။ မြို့ပတ်ရထားများကို ကားရထားများဖြင့် ပြေးဆွဲပြီး အထူးသဖြင့် အနောက်မြို့ပတ်လမ်းတွင် ယာဉ်အသွားအလာ ရှုပ်ထွေးသော ၂၆ ဘီလမ်းမကြီး အလယ်ခေါင်တွင် ရထားလမ်းဖောက်ထားသောကြောင့် မကြာခဏဆိုသလို မတော်တဆမှုများ ဖြစ်ကာ အသက်ဆုံးရှုံးမှုများပင် ကြုံကြရသည်။
မန္တလေး၏ သယ်ယူပို့ဆောင်ရေးတွင် (ထိုအချိန်က) စက်ဘီး ဆိုက်ကား မြင်းလှည်းများကသာ အသုံးတည့်သည့်အပြင် မြို့ပတ်ရထားများက အန္တရာယ်များလှသည့်အတွက် မကြာမီ ရပ်ဆိုင်းကာ အနောက်မြို့ပတ်ရထားလမ်းကိုလည်း ဖျက်သိမ်းလိုက်သည်။
အရှေ့မြို့ပတ်ရထားလမ်းကိုလည်း မူလက မန္တလေးတောင်မှတဆင့် သူရဲဈေးဘူတာလမ်းကြောင်းအစား နွယ်နီဘူတာမှ ရွှေကျင် သူရဲဈေး လမ်းကြောင်းပြောင်းခဲ့သည်။ ထို့နောက် ရှေးယခင် ကတည်းက ဘူတာကြီးမှ နန်းတွင်းကိုဖြတ်သန်းကာ သူရဲဈေးဘူတာမှတဆင့် မတ္တရာသို့ ပြေးဆွဲသည့် ရထားလမ်းကြောင်း အစား နန်းတွင်း ဖြတ်သည့် လမ်းကြောင်းကို ဖျက်သိမ်းကာ ဘူတာကြီး မှ အရှေ့မြို့ပတ်လမ်းအတိုင်း သူရဲဈေးဝင်ကာ မတ္တရာသို့ ခေါက်ပြန်ပြေးဆွဲ လျက်ရှိသည်။
ဆူးငှက်၊ မြို့ပတ်ရထားနှင့် မတ္တရာရထား ဓာတ်ပုံ – Thant Min Ma Zin