မိုင်းဖုန်းဆရာတော်ရဲ့ မေတ္တာစာ အစစ်အမှန်

မိုင်းဖုန်းဆရာတော်ရဲ့ မေတ္တာစာ အစစ်အမှန်

သာသနာတော်နှစ် ၂၅၆၄ သီတင်းကျွတ်လပြည့် (ယွန်းဂိုဏ်ပြက္ခဒိန်)၊ တော်သလင်းလပြည့် (မြန်မာပြက္ခဒိန်) (၁၊ ၁၀၊ ၂၀၂၀) အရညဝါဒီ မိုင်းဖုန်းဆရာတော်၏ တပည့်ဒကာများအား သိရှိရန် ပေးပို့သော မေတ္တာစာ-

မိုင်းကျက်ဂူမှာ ဆရာတော်အဓိဋ္ဌာန်ဝင်ကာ ချမ်းမြေ့စွာဖြင့် တရားဘာဝနာ အားထုတ်လျက်ပါ။ တောတောင်သဘာဝနဲ့အတူ အေးချမ်းလှပါတယ်။ တောကြက်၊ ဂျီ၊ မျောက်၊ ကျားသစ်လေး၊ တောကြောင် စတဲ့ သားငှက်တိရစ္ဆာန်တွေ ဂူမှာ လာရောက်ကျက်စားပါတယ်။ ညနေပိုင်း ဥဒေါင်းတွန်သံတွေ ညံနေသလို မြွေလည်း ဂူထဲမှာ လာအိပ်ပါတယ်။ ဆရာတော်လည်း သူတို့တတွေကို ရင်ဝယ်သားလို မေတ္တာထားပါတယ်။ ဂူရှေ့မှာလည်း ငှက်ကလေးတွေ ကျီးတွေကို အစာကြွေးပါတယ်။ သတ္တဝါတိုင်း ဝမ်းရေးအတွက် ရှာစားနေကြရတာ အားလုံး အတူတူပါပဲ။

ဆရာတော်ကတော့ သတိတရားနဲ့ အတူနေပြီး ဝိပဿနာနဲ့ ရုပ်နာမ်ရဲ့ မမြဲတဲ့ဖြစ်မှုပျက်မှုတွေကို ရှုမှတ်ပါတယ်။ ဒီရုပ်နာမ်ကြီးကတော့ အစာစားရင်း သေနေ့ကိုစောင့်နေလျက်ပါ။ ဒီလောကကြီးထဲမှာ ဘယ်အရာမှ မမြဲပါဘူး။ တရားမှအပ ဘယ်အရာမှ အားကိုးလို့မရပါ။

စာမျက်နှာ (၂) – တရားကသာလျင် ကိုးကွယ်အားထားရာ အစစ်ဖြစ်ပါတယ်။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသည်သာ ကိုးကွယ်ရာအစစ်ဖြစ်ပါတယ်။ အနန္တဂုဏ်အင် ကျေးဇူးရှင်တွေပါ။ အနန္တငါးပါးကို နေ့စဉ်ညစဉ်မပြတ် သဒ္ဓါတရားဖြင့် ကြည်ညိုရပါမယ်။ အနန္တငါးပါးတို့ရဲ့ ဂုဏ်ကျေးဇူးဟာ ကမ္ဘာမြေကြီးထက် ကျယ်ပြန့်တယ်။ သမုဒ္ဒရာထက် နက်နဲတယ်။ ဒါကြောင့် ပညာရှိသူတော်ကောင်းတွေ အနန္တငါးပါးကို ယုံကြည်လေးစားကြည်ညိုကြတယ်။

အနန္တငါးပါးကို ယုံကြည်မှုကြောင့် လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို ရရှိကြတယ်။ အချိန်တွေကလည်း သံလွင်မြစ်လို မရပ်မနား တသွားထဲသွားနေပြီး အချိန်တွေ ကုန်ဆုံးသွားတာနဲ့အမျှ လောကထဲမှာ နေရမည့် ရက်တွေလည်း နှမျှောစွာ ကုန်ဆုံးသွားတယ်။

ဒို့တတွေလည်း ကုန်ဆုံးသွားတဲ့ အချိန်နဲ့အတူ အိုသွားရင်း နာသွားရင်း သေမင်းထံကို တဖြည်းဖြည်း နီးကပ်လာပါပြီ။ ဝင်လေထွက်လေတွေ ဝင်ထွက်တိုင်း အသက်က တဖြည်းဖြည်း တိုတိုသွားတယ်။ မရဏသေမင်း နိုင်ငံထံကို ချဉ်းကပ်သွားတယ်။
ဒါန သီလ ဘာဝနာ သတိပဋ္ဌာန် အလုပ် အစဉ်ကြိုစားအားထုတ်ကြပါကုန်။

ရုပ်နာမ် ခန္ဓာကိုယ်ရဲ့ မမြဲတဲ့ အနိစ္စ၊ ဆင်းရဲတဲ့ ဒုက္ခ၊ အစိုးမရ အလိုမလိုက်တဲ့ အနတ္တသဘော ပရမတ်သဘောကို မြင်အောင်ရှုမှတ်ပွားများကြ။ ဒီခန္ဓာကြီးဟာ အနှစ်သာရမရှိတဲ့ အသုဘပါ၊ အပုတ်ကောင်နဲ့ သရုပ်ဆောင်ထားတဲ့ ခန္ဓာကိုယ်ကြီးပါ။
သတ္တဝါတွေ မွေးဖွားလာတာဟာ ဒုက္ခသဘောကို ဘယ်သူကမှ မလွှတ်နိုင်ဘူး။ မွေးဖွားလာကတည်းက ကံစီမံတဲ့အတိုင်း စခန်းသွားကြရပါတယ်။

စာမျက်နှာ (၃) – အချိန်တွေ ကုန်ဆုံးသွားတာ သိပ်မကြာသေးသလိုလိုနဲ့ ဆရာတော် အဓိဋ္ဌာန်ဝင်လာတာ ၂ နှစ်တောင်ရှိသွားပြီ။ နောက်တစ်နှစ်ပဲ ကျန်ပါတော့တယ်။ တခြား ဘာအလုပ်မှ ဆရာတော်က မလုပ်ဖြစ်ဘူး။ ဒီခန္ဓာကြီးရဲ့ ဖြစ်မှု ပျက်မှုကိုပဲ နေ့ညမပြတ် ရှုမှတ်နေရပါတယ်။ သံဝေဂတွေနဲ့အတူ ဖြစ်ပျက်ရှုမြင်တဲ့ ဝိပဿနာဉာဏ်ကို တိုးပွားစေပါတယ်။

မဂ္ဂင်ဖောင်ကြီးကို ဦးဆောင်တဲ့သူအဖြစ် သတ္တဝါတွေကို မအို မနာ မသေအောင် ဆောင်ပို့ဖို့ပဲ စိတ်ဆန္ဒ ရှိပါတယ်။ ကုသိုလ်လုပ်ဖို့ ရဲရင့်ကြပါကုန်။ မကောင်းမှုကို ရဲရဲရှောင်ကြဉ်ကြပါ။ ကောင်းမှုုသိုလ်ကို ရဲရဲဝံ့ဝံ့ လုပ်ကြပါ။ စိတ်သဘောထားကို အဖြူစင်ဆုံးဖြစ်အောင် ထားကြပါ။

ဒို့တတွေ ကုသိုလ်ထူးလို့ မြတ်စွာဘုရားရဲ့ သာသနာတော်နဲ့ ကြုံခွင့်ရကြတာပါ။ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း နေထိုင်ကျင့်ကြံကြပါ။ သတ္တဝါတွေအပေါ် မေတ္တာ ကရုဏာ အပြည့်အဝထားကြပါ။ အိုနာသေ စတဲ့ ဘေးဒုက္ခအားလုံး ကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန်အတွက် ဘုရားရှင် ပေးထားတဲ့ ပဋိပတ်လမ်းစဉ်ကို ကျင့်ကြံအားထုတ်ကြပါကုန်။ သံဝေဂဉာဏ်အားနဲ့အတူ မှန်ကန်သော အမြင် သမ္မာဒိဋ္ဌိဦးဆောင်မှုဖြင့် မမေ့မလျှော့ဘဲ ကျင့်ကြံအားထုတ်မှ မအို မနာ မသေတဲ့ နိဗ္ဗာန် ရုပ်ဓါတ်နာမ်ဓါတ်ငြိမ်းတဲ့ နိဗ္ဗာန်ကို ရမှာပါ။ ကြိုးစားအားထုတ်ကြပါကုန်။

စာမျက်နှာ (၄) – ရုပ်နာမ်ဖြစ်ပျက် ဉာဏ်ဖြင့်စွက် သော့ချက်နိဗ္ဗာန်ဝင်။ ဖြစ်ပျက်ဆုံးက မဂ်ဖိုလ်ရ မုချနိဗ္ဗာန်မြင်။ နိဗ္ဗာန်ခရီးတာ မဝေးပါ သတိသာရှိနေရင်။ နိဗ္ဗာန်ခရီးတာ မဝေးပါ ပညာရှိနေရင်။ ပါရမီကုသိုလ်အတွက် ဒါနကို ဖြည့်ဆည်းပါ။ သီလကို စောင့်ထိန်းပါ။ ငါးပါးသီလသည် အခရာကျပါတယ်။ သီလရှိက ချမ်းသာရပါမယ်။

သတ္တဝါအားလုံးအပေါ် တူမျှသော မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါး ထားကြပါ။ ဘာဝနာအတွက် ဗုဒ္ဓါနုဿတိ ဓမ္မာနုဿတိ သံဃာနုဿတိ မရဏာနုဿတိ အာနာပါနာနုဿတိ စတာတွေကိုလည်း ပွားများကြပါ။ ဝိပဿနာအတွက် အနိစ္စဝိပဿနာ၊ ဒုက္ခဝိပဿနာ၊ အနတ္တဝိပဿနာ ပွားများကာ ရုပ်နာမ်ခန္ဓာရဲ့ ဖြစ်ပျက်မှုကို မြင်အောင်ရှုပါ။

ဖြစ်ပျက်မြင်မှ ကိလေသာ ကင်းစင်မယ်။ ကိလေသာ ကင်းစင်မှ အိုနာသေက လွတ်မယ်။ တရားကို တွေ့မြင်မှ သာသနာတော်နဲ့ ကြုံရဆုံရ ကျိုးနပ်ပါမယ်။ အချိန်တွေ အလဟသ မကုန်စေနဲ့။ တရားနဲ့နေ တရားနဲ့သွား တရားနဲ့စားပါ။

မအိုခင် ကြိုတင်ပြီး ကုသိုလ်များများလုပ် မနာခင် ကြိုတင်ပြီး ကုသိုလ်များများလုပ် မသေခင် ကြိုတင်ပြီး ကုသိုလ်များများလုပ် ကုသိုလ်လုပ်ထားရင် နောင်တရစရာ အကြောင်းမရှိဘူး။ တရားကို ဦးစားပေးပါ၊ နံပါတ်တစ်အဖြစ် ထားရှိပါ။ ဘုရားရှင်က သားတော် ရာဟုလာကို ဆုံးမပါတယ်။

နိဗ္ဗာန်ရောက်ချင်ရင် ပထဝီ (မြေကြီး)၊ အာပေါ (ရေ)၊ တေဇော (မီး)၊ ဝါယော (လေ)၊ အာကာသ (ကောင်းကင်) ကဲ့သို့ ကျင့်ကြံနေထိုင်ပါ။ ဆိုခဲ့တဲ့ ပထဝီ အာပေါ တေဇော ဝါယော အာကာသတွေဟာ လူတွေက ဘယ်လို ကောင်းတာပဲလုပ်လုပ် မကောင်းတာပဲလုပ်လုပ် အဲဒီပထဝီစတာတွေဟာ ဘာမှ မတုန်လှုပ်ဘူး။ (ဆိုလိုတာက လောကဓံကို ကြံ့ကြံ့ခံဖို့ပါ၊ ပထဝီမြေကြီးပေါ်မှာ အပေါ့အလေးတွေ စွန့်ချသည်ဖြစ်စေ၊ ရေမွှေးတွေ လောင်းချသည်ဖြစ်စေ မြေကြီးက ဘာမှ မတုန်လှုပ်ဘူး ဆိုတဲ့သဘောပါ) လောဘကင်းရင် သောကကင်းစင်မယ်။

စာမျက်နှာ (၅) – ကပ်ရောဂါကြောင့် လူတွေ အများကြီးသေကြေကြရတာက သတ္တဝါတွေရဲ့ ဝိပါကဝဋ်တွေကြောင့်ပါ။ သတိသံဝေဂနဲ့အတူ ထိတ်လန့်စရာကောင်းလှပါတယ်။ သီလမြဲအောင်နေ၊ တရားနဲ့အညီစားသောက်ကြပါ။ သတ္တဝါတွေအပေါ် မေတ္တာထားကြပါ။

မိခင်ဖခင်တို့ရဲ့ ဂုဏ်ကျေးဇူးကို သိရှိကြပြီး မိဖဘိုးဘွားများကို ကောင်းကောင်းမွန်မွန် အလုပ်အကျွေးပြုကြပါ။ ဆရာသမားကိုလည်း ပူဇော်ပြုစုကြပါ။ ကောင်းမွန်စွာ အလုပ်အကျွေးပြုကြပါ။ စိတ်ကောင်းထား၊ အကောင်းပြော၊ အပြစ်မရှိတဲ့ အလုပ်ကိုလုပ်မှ ကောင်းတဲ့ဘုံဘဝ ကောင်းတဲ့ အခြေအနေကို ရောက်ပါမယ်။ လူဖြစ်လာပြီး ဂုဏ်ကျေးဇူးမသိရင် ဘာမှ ထူးလာမှာ မဟုတ်ဘူး။ သဘာဝလောကတွေအားလုံးဟာ မိမိတို့အပေါ် ဂုဏ်ကျေးဇူးတွေ ရှိတယ်။ သက်ရောက်တယ်။

တောတောင်သစ်ပင် ပန်းမာလ်အသီးအနှံတွေ မြစ်ချောင်းအင်းအိုင် စတဲ့ သဘာဝတရားတွေဟာ တန်ဖိုး မဖြတ်နိုင်တဲ့ ကြီးမားတဲ့ ဂုဏ်အင်တွေရှိပါတယ်။ သဘာဝနဲ့ တည့်အောင်နေတတ်ကြပါစေ။ လောကသဘာဝတရားတွေကို ဉာဏ်မျက်စိနဲ့ ရှုမြင်တတ်ရင် အားလုံးဟာ အသိဉာဏ်ကို ပွင့်လင်းစေပါတယ်။ တောတောင်ရေမြေ သစ်ပင်ပန်းပင်စတဲ့ သဘာဝတွေကို မဖျက်ဆီးကြပါနဲ့။ ထိမ်းသိမ်းစောင့်ရှောက်ကြပါ။ ကမ္ဘာတည်သရွေ့ အဲဒီတောတောင်သဘာဝရေမြေကို အမှီပြုသွားရပါမယ်။ ကမ္ဘာကြီးကလည်း အတော်ကို ပူပြင်းလာပါပြီ။ သဘာဝကို ထိမ်းသိမ်းကာ သဘာဝနဲ့ အတူဆက်လက် ရှင်သန်ကြပါစို့။

အနတ္တ မေတ္တာဖြင့်
အရညဝါသီ မိုင်းဖုန်းဆရာတော်

(မိုင်းဖုန်းဆရာတော်၏ မေတ္တာစာကို တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန္ဒမှ ဆီလျှော်အောင် ဘာသာပြန်ပေးထားခြင်းဖြစ်ပါတယ်။ မိုင်းဖုန်းဆရာတော်ရဲ့ ရှမ်းလက်ရေးနဲ့ ရေးလာမှ မိုင်းဖုန်းဆရာတော်ရဲ့ မေတ္တာစာ အမှန်ဖြစ်ကြောင်း ပြောလိုပါတယ်။ မိုင်းဖုန်းဆရာတော်ရဲ့ မေတ္တာစာထဲမှာ ဒါန သီလ ဘာဝနာ မေတ္တာအကြောင်းတွေ ဆည်းဖူးဖို့ပဲ ပါပါတယ်။ ဆန်တို့ ဆားတို့ ဟိုဟာ ဒီဟာ ယတြာလုပ်ခိုင်းတာတို့ မတွေ့ရပါဘူး၊ ယတြာ မလုပ်ခိုင်းပါဘူး၊ ဘာဝနာပဲ လုပ်ခိုင်းပါတယ်၊ မှားတဲ့အယူကို ပြန့်ပွားအောင်လုပ်တာနဲ့တူပါတယ် အပြစ်ကြီးပါတယ်။ မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ရှဲထားရင်လည်း ပယ်ဖျက်ကြပါကုန် ပညာရှိသူတော်ကောင်းတို့ …)

ဘာသာပြန်သူ တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း)
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ လွယ်တိန်ခမ်းဘုရားကျောင်း၊ မူဆယ်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page