ကိုဗစ်ရဲ့ ပဉ္စလက်တွေနဲ့ မြစ်ကို အလျားလိုက် ဖြတ်ကူးနေရတဲ့ ကျန်းမာရေးဝန်ထမ်းများ

ကိုဗစ်ရဲ့ ပဉ္စလက်တွေနဲ့ မြစ်ကို အလျားလိုက် ဖြတ်ကူးနေရတဲ့ ကျန်းမာရေးဝန်ထမ်းများ

အူအတက်ယောင်နေလျင် ယောင်နေသောအူအတက်ကို ဖြတ်ထုတ်ပြီး ၊ လိုအပ်သော ပဋိဇီဝဆေး ပေးလိုက်လျှင် ၊ ပြသနာ၏ ၉၀ ရာခိုင်နှုန်းကျော် ပြေလည်သွားပြီဖြစ်သည် ။ ထို့အတူ ရင်သားအကျိတ်ဖြစ်နေသလား ? အကျိတ်ကို အသားစယူပြီး ၊ အသားစအဖြေထွက်လျင် ကုသမှုလမ်းကြောင်းကို စဥ်းစားလို့ရပြီ ။

ထိုနည်းတူစွာပင် အစာအိမ်နာဖြစ်နေသလား အစာအိမ်ဆေးပေးလိုက်ရင်ပြီးပြီ ။ ဖျားနာနေသလား လိုအပ်သောဆေးပေးပြီး လုံလောက်စွာ အနားယူလိုက်လျင်ပြီးပြီ ။

သို့သော် ကိုဗစ်ကို ကိုင်တွယ်ရာမှာတော့ ပြသနာသည် ထိုမျှလောက်မရိုးရှင်းပေ ။ အောက်ဆီဂျင်လိုနေသလား ပေးမယ် . . အောက်ဆီဂျင် မရှုနိုင်ဘူးလား ရတယ် . . . . စက်နဲ့ရိုက်သွင်းပေးမယ်။ မရသေးဘူးလား ပိုက်ထည့်ပြီး အောက်ဆီဂျင်ကို အဆုတ်ထဲထိ တိုက်ရိုက်ပို့ပေးမယ် ။

အဲ့ဒီတော့ ကောင်းသွားကောလား ဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲ ပြသနာတွေကို ကာကွယ်ဖို့ သွေးကျဲဆေးတွေ ကြိုထိုးထားလည်း သေတာပဲ ။ အပင်ပန်းခံပြီး လေးနာရီခြားတစ်ခါ ဆီးချိုတိုင်း ၊ ရလာတဲ့အဖြေပေါ်မူတည်ပြီး အချိန်နဲ့တပြေးညီ ကုသမှုပေးလည်း ၊ သေချင်ရင် သေတာပဲ ။ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် Remdisivir ဆိုလည်း ပေးလိုက်တာပဲ ။ သွေးရည်ကြည်ကုထုံးဆိုလည်း ပေးလိုက်တာပဲ ။ သို့ပေသိ . . .

အောက်ဆီဂျင်ကောင်းတဲ့လူနာကျ ကျန်တာတစ်ခုမှမကောင်း ။ အဆုတ်ကလွဲရင် ခန္ဓာကိုယ်တစ်ခုလုံး အကုန်ကောင်းတဲ့လူကျ ၊ အောက်ဆီဂျင်က တက်မလာ ။ ဘယ်လိုပဲဖြစ်နေပါစေ သေဆုံးမှုအားလုံးရဲ့နောက်ဆုံးအဖြေက ကျသွားတဲ့အောက်ဆီဂျင်ကို ဘယ်လိုမှပြန်ဆွဲမတင်နိုင်တာပါပဲ ။ ဘာကြောင့်များ အဆုတ်ဟာ ဒီလောက်တောင်ပျက်စီးသွားရတာလဲ

လွန်ခဲ့တဲ့တစ်နှစ်က ဝူဟန်မြို့က ဆရာဝန်လေး ဒေါက်တာလီဟာလည်း ဒီလိုမနက်ခင်းမျိုးမှာ ဒီလိုမေးခွန်းမျိုးကို ကိုယ့်ကိုကိုယ်ပြန်မေးမိမယ်ထင်ပါရဲ့ ။ မနက် လေးနာရီခွဲကတည်းက PPE ဝတ်ပြီး လူနာခန်းထဲဝင်သွားတဲ့ကိုယ်ဟာ ရှစ်နာရီထိုးမှပြန်ထွက်ရတယ် ။

အသည်းအသန်ဖြစ်နေတဲ့ လူနာနှစ်ယောက်က ဝါ့ဒ်ရဲ့ ဟိုဘက်ထိပ် ၊ ဒီဖက်ထိပ် ။ ဒီဖက်ထိပ်က လူနာက အောက်ဆီဂျင်ကောင်းပြီး ၊ ကျန်တာမကောင်း ။ ဟိုဖက်ထိပ်ကလူနာကျတော့ ဘာရောဂါအခံမှ ကြီးကြီးမားမားမရှိနေပဲ အောက်ဆီဂျင်က ဘယ်လိုမှဆွဲတင်မရ ။ စက်အကူအညီနဲ့ရှုနေရင်းနဲ့ကို မောနေတဲ့လူနာအတွက် ကိုယ်ကရော ဘာလုပ်ပေးနိုင်တော့မှာလဲ ဘယ်သူကကော ဘာလုပ်ပေးနိုင်တော့မှာလဲ

တောထဲတောင်ထဲ နေရတုန်းကတော့ တိုက်နယ်အဆင့်ဆေးရုံလောက်ကို တမ်းတတယ် ။ တိုက်နယ်အဆင့်ဆေးရုံတစ်ခုရောက်တော့ ပိုအဆင့်မြင့်တဲ့ဆေးရုံတစ်ခုကို တမ်းတတယ် ။ ကိုယ် အခု မြန်မာနိုင်ငံမှာ လူအင်အား ၊ ငွေအင်အား ၊ လိုအပ်တဲ့အတတ်ပညာ အစရှိသဖြင့် အပြည့်စုံဆုံးဆိုတဲ့နေရာတစ်ခုကို ရောက်နေတယ် ။ ကိုယ် ဘယ်သူ့ကို တမ်းတရမှာလဲ?

ညကတည်းက ခုထိ တမှေးမှမအိပ်ရသေး ။ အိတ်ပေါက်နဲ့ ဖားကောက်သလို ၊ ကိုယ်တို့အဖြစ်ဟာ မြစ်ကို အလျားလိုက်ဖြတ်ကူးနေသလိုများဖြစ်နေမလား တွေးမိတာကြောင့် ခုထိလည်း အိပ်မပျော်ဘူး ။ ဘာရယ်မဟုတ်ဘူး။ အိပ်မပျော်လို့ရေးတဲ့စာပါ ။

Tay Zar Maung Maung

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page