တောင်ဒဂုံတွင် ဆီကားမှောက်ပြီး မြောင်းထဲဖိတ်ကျနေသော ဆီများကို ခပ်ယူပြီး ပြန်ရောင်းနေ

တောင်ဒဂုံတွင် ဆီကားမှောက်ပြီး မြောင်းထဲဖိတ်ကျနေသော ဆီများကို ခပ်ယူပြီး ပြန်ရောင်းနေ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မောင်းမကန်လမ်းမကြီးမှာ အောက်တိုဘာ(၄)ရက် မနက်ပိုင်းက စားအုန်းဆီကားပေါ်ကနေ မြောင်းထဲကို ဖိတ်ကျသွားတဲ့ စားအုန်းဆီတွေကို ရပ်ကွက်နေပြည်သူအချို့က ခပ်ယူပြီး ပြန်လည်ရောင်းချမှုတွေရှိနေပါတယ်။

တောင်ဒဂုံမြို့နယ်၊ (၁၇) ရပ်ကွက်၊ နတ်စင်မှတ်တိုင်အနီး အရောက်မှာ ကားပေါ်က ဆီပေပါတွေ ပြုတ်ကျပြီး ဆီတွေ လမ်းပေါ် နဲ့မြောင်းထဲကိုယိုကျခဲ့တာပါ။ လမ်းဘေးက ရေမြောင်းထဲ ဖိတ်ကျကုန်တဲ့ စားအုန်းဆီတွေကို အနီးအနားက ရပ်ကွက်နေပြည်သူအချို့က ပုံးတွေနဲ့လာရောက်ခပ်ယူကြတာဖြစ်ပါတယ်။

“ကျွန်တော်ကအဲဒီဆီကားပေါ်က ပေပါတွေ ပြုတ်ကျကျချင်း ရောက်တာပါ။ ကြည့်လိုက်တော့ ကားပေါ်မှာပါတဲ့ဆီတွေက မြောင်းထဲကို ကျကုန်တာတွေ့ရတယ်။ ကျွန်တော်လည်း အိမ်ပြန်ပြီး ရေပုံးတွေကိုယူပြီးပြန်သွားပြီးတော့ မြောင်းထဲျနေတဲ့ဆီတွေကိုခပ်ယူခဲ့ပါတယ်။ ကျွန်တော်မနေ့က ပြန်ရောင်းလိုက်တယ်” လို့ ၁၇ ရပ်ကွက်ကနေ ဆီလာခပ်တဲ့ ကိုမျိူးနိုင်က ပြောပါတယ်။

အဲဒီ ဆီကားပေါ်က ပြုတ်ကျလာတဲ့ ဆီတွေဟာ စားအုန်းဆီတွေ ဖြစ်ပေမယ့် သန့်စင်မှု ရှိမရှိ မသိနိုင်တာကြောင့် စားသုံးဖို့ မသင့်ဘူးလို့ တောင်ဒဂုံမဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။

“လောလောဆယ် စားအုန်းဆီ ဆိုပေမယ့် သန့်စင်ပြီးထားမှန်း သိမသိ မို့လို့ ဒါတွေကို စားသုံးဖို့ မလုပ်ကြပါနဲ့။ မသင့်ပါဘူးလို့ ပြောလိုက်တာပေါ့။ စာသုံးဖို့ မသင့်တာကလည်း မြေကြီးပေါ်မှာ ကျတာလည်း ပါသလို စားအုန်းဆီ ဆိုပေမယ့် စားသုံးရန် မသင့်ဆိုတာမျိုးတွေ ရှိတယ်လေ။ စားအုန်းဆီလည်း ဖြစ်တယ်။ မြေကြီးပေါ်တွေလည်း ကျ၊ ရေထဲလည်း ကျဆိုတဲ့ အခါဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ကျန်းမာရေး မကိုက်ညီမှာဆိုးလို့ မစားသုံးစေဖို့ ချက်ချင်းပဲ ဆော်သြပေးလိုက်တယ်” လို့ ဦးညီညီက ပြောပါတယ်။

တချို့ကတော့ လိုက်နာမှု ရှိပြီး သွန်ပစ်လိုက်တာတွေ ရှိတယ်လို့ ဦးညီညီက ပြောပါတယ်။ လက်ရှိမှာတော့ လမ်းပေါ် ယိုကျခဲ့တဲ့ ဆီတွေကိုတော့ မြို့နယ် မီးသတ်က ရှင်းလင်း ဖယ်ရှားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဆီကားမောင်းသူကိုလည်း မဆင်မခြင်ပေါ့ဆမှုကြောင့် ဆီတွေ ယိုကျခဲ့တဲ့အတွက် အရေးယူနိုင်ဖို့ကိုလည်း သက်ဆိုင်ရာယာဥ်ထိန်းက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page