မြေပြိုတော့မည်ဆိုလျှင် (မြေပြိုခါနီး) ဘာ (Signal) အရိပ်အရောင်တွေပြလဲ

မြေပြိုခါနီး ဘာ signal တွေပြလဲ?

မြေအမျိုး၊ ကျောက်အမျိုးအစား၊ မြေအသုံးချမှု၊ အပင်များဖုံးလွမ်းထားမှု ပေါ်မူတည်ပြီး တခုနဲ့တခုတော့ မတူနိုင်ပါ။

ပထမဆုံးတော့ အက်ကြောင်းတွေပေါ်လာမယ်။ တချို့အက်ကြောင်းတွေက အက်ကြောင်းတွေအတိုင်းဘဲ တဖြည်းဖြည်းနဲ့ နိမ့်ဆင်းသွားပြီး အဆောက်အဦးတွေ၊ လမ်းတွေကို ဖျက်ပစ်လိုက်တယ်။ အဲ့ဒါမျိုးကို slump လို့ခေါ်တယ်။ slump တွေဟာ များသောအားဖြင့်မြေသားထူတဲ့နေရာတွေမှာ ဖြစ်လေ့ရှိတယ်။ လျှောစောက်နိမ့်တဲ့ မြေမျက်နှာသွင်ပြင်တွေမှာလည်း ဖြစ်တတ်တယ်။ သူကတော့ မြေပြိုတော့မယ်ဆို အက်ကြောင်းတွေ ဖြစ်လာမယ်။ အက်ကြောင်းတွေ တဖြည်းဖြည်းဟလာမယ်။ တခါတလေရေတွေထွက်လာ ပြီးလှေခါးထစ်တွေလို ပြိုသွားလိမ့်မယ်။

အဲ့ဒိတော့ အက်ကြောင်းတွေပေါ်လာရင်ရှောင်ကြပါတော့။ ဒါပေမယ့် တချို့အက်ကြောင်းတွေက တောင်ထိပ်လူမရောက်တဲ့နေရာတွေမှာပေါ်နေတာရယ်။ အက်ကြောင်းပေါ်ပြီး မကြာခင်ပြိုကြတာများတယ်။ မြန်မာနိုင်ငံက ကြီးမားတဲ့ မြေပြိုမှုကိုလေ့လာတဲ့အခါတော့ မြေမပြိုမီနာရီအနည်းငယ်အလို (၁ – ၂နာရီ) မှာ ငလျင်လှုပ်သလို ဗြုန်းကနဲ လှုပ်သွားတာကို သတိထားမိကြတယ်လို့ဆိုပါတယ်။ ဟားခါးမြို့ရုန်းတောင်ကြီး မပြိုခင်မှာလည်း အဲ့ဒိ ငလျင်လှုပ်သလို ခံစားရတယ်၊ မုတ္တမက သဲဖြူကုန်းရွာ မြေပြိုတဲ့အခါမှာလည်း မပြိုခင် ငလျင်လှုပ်သလို ခံစားရပါတယ်လို့ ဒေသခံတွေမှပြောကြပါတယ်။ ကျွန်တော်တွက်ချက်ကြည့်တဲ့အခါ ဗြုန်းကနေဆို လှုပ်သွားတဲ့အချိန်ဟာ slip surface ဖြစ်တဲ့အချိန်ပါဘဲ။ မြေပြိုမယ့် မြေထုနဲ့ အောက်ခံကျန်ခဲ့မယ့် မြေထုကျောက်ထုကြား အက်ကြောင်းစကွဲထွက်တဲ့အချိန်ပါဘဲ။ အဲ့ဒိ အက်ကြောင်းထဲကို မိုးရေဝင်တဲ့ပမာဏ၊ မြေအောက်ရေ တက်လာတဲ့ ပမာဏပေါ်မူတည်ပြီး အက်ကြောင်းစဖြစ်ချိန်နဲ့ မြေပြိုချိန်ကကြာမြင့်တတ်ပါတယ်။

များသောအားဖြင့်တော့ အက်ကြောင်းထဲကို ရေဝင်တာများပေမယ့် မြေအောက်ရေ ပမာဏ များတဲ့အခါ အက်ကြောင်းထဲက ပြန်ထွက်တာ ကြုံရဖူးတယ်။ ရခိုင်ရိုးမမှာနောက်ဆုံး ဖြစ်တဲ့ မြေပြိုခြင်းက အက်ကြောင်းထဲက ရေတွေ ပြန်ထွက်တယ်ပြောပါတယ်။

မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာပါမယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ရိုးမ၊ ချင်းတောင်တန်း၊ နာဂတောင်တန်း၊ စစ်ကိုင်းတိုင်းက ရွှေသမင်တောင်တန်း၊ ပုံတောင် ပုံညာတွေ မြေပြိုနိုင်ပါတယ်။ တောထဲတောင်ထဲ ပြေးနေပုန်းနေရတဲ့ စစ်ဘေးရှောင်တွေကို အလွန်ပဲ စိတ်ပူမိပါတယ်။ အဲ့ဒိလို အက်ကြောင်းတွေ၊ ရေတွေထွက်လာတာမျိုးတွေ၊ မြေလှုပ်ရှားမှုတွေ ခံစားရရင် ရှောင်ရှားကြဖို့လိုပါတယ်။ အားလုံးဘေးကင်းကြပါစေ။

Kyaw Swar Myint Thein

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page