မြန်မာပြည်မှာ ရောင်းလို့မရတဲ့ ကား ဝယ်လို့မရတဲ့ ကား
“ရောင်းလို့မရတဲ့ ကား ဝယ်လို့မရတဲ့ ကား”
“၂၅၀ လောက်ဆိုရင် ငါ့ညီလိုက်နိုင်လား”
” အင်း ၂၅၀ ဆိုတော့ နဲနဲများတယ်ဗျာ အလျှော့အတင်းမရှိဘူးလားဗျ”
“ရတယ်လေ ငါ့ညီနိုင်တဲ့စျေးပြောကြည့် စဉ်းစားကြည့်တာပေါ့” တဲ့ ဘေးစားပွဲမှလူနှစ်ဦးက ကားအရောင်းအဝယ်စကားပြောနေရာ လှည့်၍မကြည့်မိသော်လည်း စားပွဲထိုးလေးလာချပေးသည့် လက်ဖက်ခွက်ကိုမော့ရင်းနားစွင့်နေမိသည်။
“၂၀၀ ထားဗျာ”
” ဟာ ၂၀၀ တော့ မရဘူးလေ ကားကိုလည်းတစ်ချက်ရှိုးလိုက်အုံး အသစ် ချက်ချွတ် ကြွလို့ ရွလို့ ကီလိုက ဇီးဒိုး မြင်ကောင်ရေ ၃၀၅ကောင်အား V6 အင်ဂျင် ဆီတစ်ဂါလံ ၂၂ မိုင် အမြင့်ဆုံးတစ်နာရီကို ၁၅၅ မိုင်ထိမောင်းနိုင်တယ်ငါ့ညီ ရှိုးလိုက်ပါ အကို့ကားကိုတစ်ချက်ရှိုးလိုက်ပါ” တဲ့
ဝယ်မည့်သူက ကြည့်မကြည့်တော့မသိ ကျွန်တော်တော့ နားထဲကြားနေရသည့်စကားနှင့်ပင် ထိုကားအားတချက်ကြည့်မိလိုက်သည် ယာဉ်ထိန်းမို့လားမသိ ကားတစ်စီးလုံးကို အရင်မကြည့်မိ ကားနံပါတ်ပြားစီကိုအကြည့်က အရင်ရောက်သွားသည် ပြီးနောက်တစ်ချက်ပြုံးမိသည် စိတ်ထဲကလည်းစကားတချို့ပြောနေမိသည် ဒီလူနှစ်ယောက်ရူးနေလားမသိဘူးဟု အဘယ့်ကြောင့်ဆိုသော် အဆိုပါကားသည် လူကြီးတွေ၊ သူဌေးတွေစီးသောကားမျိုးလဲ မဟုတ်သလို ရောင်းလို့လဲမရ ဝယ်လို့လဲမရသည့်ကားဖြစ်နေသည်မဟုတ်ပါလား။
လူတစ်ယောက်ဆိုင်ထဲသို့ဝင်လာသည် “နောက်ကျသွားတယ်ကွာ ကားပျက်နေလို့ကွာ” တဲ့
ထိုအခါစောစောက ကားဝယ်မည့်သူကထပြောသည် “ကျွန်တော့်ရောင်းလိုက်လေ” တဲ့
“ဟာ မလုပ်ပါနဲ့ကိုယ့်ဆရာရယ် အဲ့ဒီကားလေးနဲ့ လုပ်စားနေရတာရယ် နောက်ပြီး ကိုယ်တိုင်လျှောက် ကိုယ့်အမည်ပေါက် ဂျပန်အော်လေးမို့ပါ” တဲ့
ကျွန်တော်မနေနိုင်တော့ ထိုသူ့ကားကိုတချက်ကြည့်လိုက်သည် လာပြန်ပြီး အရူးတစ်ယောက်လို့ အဘယ့်ကြောင့်ဆိုသော် ထိုသူ့ကားနံပါတ်မှာ 8H နှင့်စသည့်နံပါတ် 8H-**** ဖြစ်နေသောကြောင့်ပင်။
ဆက်၍နားထောင်နေလိုက်သည် “9V အိမ်စီးကားစလွန်းလေးတစ်စီးလဲရှိတယ် ယူမလား
“ယူမယ်ဗျာ”တဲ့ “ဆိုင်ကယ်ရော မလိုချင်ဘူးလား”တဲ့
“ဆိုင်ကယ်လည်းဝယ်မယ်ဗျာ” တဲ့
“ဒါဆို လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ လိုင်စင်ဝင်ထားတာ 91W-8795 တစ်စီးရှိတယ်” တဲ့
ကျွန်တော်တစ်ချက်ပြုံးမိပြန်သည် ဒီလူတွေ တော်တော်တော့များနေပြီလို့။ ထိုင်ရာမှထကာ ထိုစားပွဲသို့ကူးလိုက်သည် “ဟာ ကိုနေမျိုးသူရ” တဲ့ တစ်ယောက်ကသိ၍နှုတ်ဆက်သည် ပြန်လည်ပြုံးပြရင်းစကားဆိုမိသည်။
“ဟိုး ဟိုက နံပါတ်အစိမ်းနဲ့ကားက အကိုရောင်းမယ်ဟုတ်လား”nဟု
“ဟဲဟဲ အဲ့ဒါ ဦးလေးစီကခဏယူလာတာဆရာ” တဲ့
“အင်း ဟုတ်ပြီးလေ ငါ့ညီနောက်တစ်ခါ အဲ့ကားကို ရောင်းမယ်ရောင်းမယ်နဲ့ နောက်သလိုလို မပြောနဲ့ကွာ အဲ့ဒီကားဟာ H1N1 ရောဂါတိုက်ဖျက်ရေးအတွက် WHO ကနေ တို့နိုင်ငံကိုလှူထားတဲ့ကား ကျန်းမာရေးအတွက် အသုံးပြုဖို့လှူထားတဲ့ လှူဒါဏ်ယာဉ်ကားကွ နံပါတ်အစိမ်းနဲ့ထွက်ထားတာ နောက်ပြီး ဒီဘက်ကညီကလည် 75W-8795 ဘာညာဆိုင်ကယ်ရောင်းမယ်နဲ့ မသိတဲ့သူကိုမရှိတဲ့ဆိုင်ကယ်အကြောင်း ပြောပြောနေတာ အခုမှ ဆိုင်ကယ်က 84W ထိပဲထွက်သေးတာကို ကားလိုချင်တဲ့ငါ့ညီ မင်းလည်းမှတ်ထား 9V ဆိုတာ အိမ်စီးကားမရှိဘူး ထော်လာဂျီးတွေမှာပဲ 9V နံပါတ်ပေးတာ 8H-**** စတဲ့ 8B ကစလို့ 8 နဲ့စတဲ့အခုထွက်နေတဲ့ 8M ထိ အဲ့ဒါ မြန်မာပြည်ကထုတ်တဲ့ စက်မှုဇုံထုတ်ကားတွေရယ် ဘာမှ ဂျပန်အော်မဟုတ်ဘူးလို့။
ကျွန်တော်ပြောပြီးသော် ကားရောင်းမည့်သူနှစ်ယောက်က အားနာနာဖြစ်နေသည် “ဒီကောင်က ပိုက်ဆံမရှိဘဲနဲ့ ဟိုကားဝယ်မယ် ဒီကားဝယ်မယ်နဲ့ ပြောပြောနေလို့ အမြင်ကပ်လို့ပါဆရာ” တဲ့။
(နေမျိုးသူရ)