ရုပ်ရှင်တကားပဲရိုက် အကယ်ဒမီရခဲ့တဲ့ မင်းသားနှင့် မြန်မာပြည်မှာ ပေးတဲ့ ဘွဲ့၊ ဆုတံဆိပ်တွေ ဆိုတာ
” အေးကွာ ၊ အခြေနေအရ ဒီဆု ၊ ဒီဘွဲ့ ကို ပေးလိုက်မယ် ။ ဒါပေမယ့် ဆရာ့ကို တစ်ခုတော့ ကတိပေးပါကွာ။ ဒီပညာ ဒီဘွဲ့ နဲ့ ပြန်လုပ်မစားပါဘူး ” လို့ ဒီစကားကို ပါမောက္ခ ဆရာကြီးတစ်ယောက်က သူ့ဆီ Ph.D ဘွဲ့အတင်း လာပူဆာနေသော ပိုက်ဆံရှိ ၊ ရာထူးကြီးသူတစ်ယောက်ရဲ့ သား ကို ပြန်တောင်းဆိုနေတာ။
လွန်ခဲ့တဲ့ နှစ်အတော်အတန်အကြာက ရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှာ မျက်နှာသစ်သရုပ်ဆောင် – နောင်နောင် ဆိုလား ၊ သူ့ကို အကယ်ဒမီ ပေးလိုက်တော့ အကုန် အုံးအုံးကျက်ကျက် ဖြစ်သွားတယ်။ သူက ခုမှ တစ်ကားထဲရိုက် ၊ တစ်ကား ထဲ နဲ့ တန်းရသွားတာကိုး ။ အချို့ဆို သူ့ကို ဘယ်သူမှန်းတောင် မသိလိုက်ဘူး။ ခုလို မီဒီယာ တွေ ၊ အင်တာနက် တွေ ၊ Facebook တွေ လည်း မပေါ သေးတော့ သူ့ကိုလည်း ဘယ်သူမှ ဝိုင်း မဆဲ နိူင်လိုက်ကြဘူး ။ ရွေးချယ်ရေး ဘုတ်အဖွဲ့ကို လည်း ဘယ်သူမှ ဝိုင်း မဆဲ လိုက်ကြဘူး။ ပြီးတော့ အဲ့တုန်းက ပြန်ကြားရေးဝန်ကြီးက ဗိုလ်ချုပ်ကျော်ဆန်း လက်ထက် ထင်ပါရဲ့။ နောင်နောင် ကလည်း တော်ရှာပါတယ်။ ဘယ်တော့မှ ထပ်မရိုက်တော့ဘူး အေးရော
ကိုယ်က စာ သိပ်ဖတ်တဲ့ အထဲ ပါခဲ့ဖူးတယ်။ ဖတ်ဖူးခဲ့တဲ့ စာအုပ်တွေ ထဲ ရသ စာပေ က တော့ အတော်ရှားတယ်။ သုတ စာပေ ကတော့ အတော်နှံ့စပ်တယ် ပြောရမယ်။ ဖီလော်ဆော်ဖီ ၊ ဆိုင်ကိုလော်ဂျီ စတဲ့ အတွေးအမြင် ဒသနတွေ ကို အတော် လူစုံ အောင် ဖတ်ခဲ့ဖူးတယ်။ အဲ့ဒီ အထဲ နန္ဒသိန်းဇံ စာအုပ် တွေ အတော်များများပါတယ်။
ဥပမာ – အနေခက်အောင် ကူညီကြသူများ ဆိုတဲ့ နာမည်ပေးထားတဲ့ စာအုပ်မျိုးက အူကြောင်ကြောင် နိုင်ပေမယ့် လက်တွေ့ကျတယ်။ ကူညီပေးတိုင်း အဆင်ပြေ သွားနိုင်တာမှ မဟုတ်ဘဲ။ ဒါက တော့ မူရင်းပို့စ် နဲ့ မသက်နိုင်ပါဘူး။ ဆရာနန္ဒသိန်းဇံ ရဲ့ အတွေးအခေါ် ကို စာဖတ်သူတို့ အနည်းငယ် တီးခေါက်မိအောင် ဖော်ပြတာ။ ဆရာနန္ဒသိန်းဇံ က ဒဿန သမား စစ်စစ်။ သူကိုယ်တိုင် မဟာဝိဇ္ဇာ ဘွဲ့ကို ကျမ်းပြုတင်ထားတဲ့ စာတမ်းက “ Definition and Truth of life “ နောက်ပိုင်းမှာ ” ဘဝအဓိပ္ပါယ် နှင့် ဘဝသစ္စာ ” ဆိုပြီး ဝတ္တုစာအုပ်ပြန် ထွက်ထားတယ်။
ဆရာကိုယ်တိုင်က မာစတာ ပဲ ပြီးခဲ့ဖူးတယ်။ Ph.D ( ပါရဂူ ) တန်းမပြီးခဲ့ဘူး။ သူက ထားဝယ် ၊ ပုသိမ် ၊ မော်လမြိုင် စတဲ့ တက္ကသိုလ်တွေမှာ ကျူတာ ၊ လက်ချရာ စသဖြင့် အဆင့်ဆင့် လုပ်ခဲ့ပြီး နောက်ဆုံး ရန်ကုန်တက္ကသိုလ် ကို ရောက်လာခဲ့တယ်။ ၁၉၈၀ ၊ ၁၉၉၀ ပြည့်နှစ် ဝန်းကျင် တွေက တက္ကသိုလ် ကျောင်းသား ၊ ကျောင်းသူ တိုင်းက ဆရာနန္ဒသိန်းဇံ ရဲ့ စာအုပ် စာပေ ၊ အာဘော် တွေ ကို သိကြတယ်။ ဆရာ့ စာပေတွေက လူငယ်တွေ အပေါ် အတော်အတန် လွှမ်းမိုးမှု ရှိတယ်။ ခုခေတ် Facebook တွေ က Social influencer/ Cele တွေ လိုမျိုးဆိုပါတော့။
ဒီလိုနဲ့ နဝတ လက်ထက် ပြီးလို့ ၊ နအဖ လက်ထက်ရောက်လာတဲ့အခါ ထိုစဉ်က ပညာရေးကော်မတီ ဥက္ကဌ ( ထိုစဉ်က လျှမ်းလျှမ်းတောက် ဗိုလ်ချုပ်ကြီး / ခုတော့ ချဉ်ဖပ်ကြီး ) က မြန်မာနိုင်ငံ ရဲ့ တက္ကသိုလ် တွေမှာ ပါရဂူ တန်း ( Ph.D ) တန်းတွေ ဖွင့်ပြီး ဒေါက်တာဘွဲ့ ပေးဖို့ ပြင်ဆင်လာတယ်။ ထုံးစံ အတိုင်းပေါ့ တက္ကသိုလ် မေဂျာ အသီးသီး က ဌာနမှူးတွေ ၊ မဟာဝိဇ္ဇာ ဘွဲ့ သမားတွေ ခေါ်ပြီး ပညာရေး မြှင့်တင်မယ် အကြောင်းပြုပြီး Ph.D တန်းတွေ ဖွင့်ဖို့ လုပ်ကြတာပေါ့။ အချို့ ဌာန တွေမှာက နိုင်ငံခြားက Ph.D ဘွဲ့ ယူလာသူတွေ ရှိတော့ အဆင်ပြေတာပေါ့။
အဲ့ဒီမှာ ပြသနာ စတာက Philosophy ခေါ် ဒဿနိကဗေဒ ဌာနမှာ Ph.D ဘွဲ့ပေးဖို့ကျ ဆရာနန္ဒသိန်းဇံ က အကြောက်အကန် ငြင်းတယ်။ ငြင်းတော့ တစ်ရက်ကျ ဗိုလ်ချုပ်ကြီး က ဆရာနန္ဒသိန်းဇံ ကို ခေါ်တွေ့တယ် ” ဆရာ ၊ ဘာလို့ Ph.D သင်တန်း မဖွင့်ချင်ရတာလဲ ၊ ကျနော်တို့က မာစတာ အဆင့်ရှိသူတွေ နိုင်ငံခြား သွားပြီး Ph.D ယူမယ့်အစား ပြည်တွင်းမှာ အဆင်ပြေ အောင် လုပ်ပေးမလို့ကို ဘာကြောင့် ဆန့်ကျင် နေတာလဲ ” ဆိုတော့
ဆရာနန္ဒသိန်းဇံ က ပြောတယ်။ ” ဗိုလ်ချုပ်ကြီးခင်ဗျ – အဲ့ဒီ Ph.D တန်းကို ဦးစီးသင်ကြား ၊ အကဲဖြတ် ပေးမယ့် ကျနော် ကိုယ်တိုင်တောင် Ph.D အဆင့်ရှိတဲ့ ပညာရှင် မဟုတ်ဘူးလေ ၊ ပြီးတော့ ကျနော့မှာလဲ Ph.D ဘွဲ့ လက်မှတ်မှ မရှိဘဲကို ကျနော် ဘယ်လိုများ သင်ကြား အကဲဖြတ်ပေးရမှာလဲ ဗျာ ” တဲ့
အဲ့တာ နဲ့ ဗိုလ်ချုပ်ကြီး က ” အဲ့ကိစ္စကို ခင်ဗျား ၊ စိတ်မပူပါနဲ့ ဗျာ ၊ ကျနော်တို့က တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ မေဂျာ ပေါင်းစုံ Ph.D တန်းဖွင့်နေတာ။ ခင်ဗျား စိတ်ချ လက်ချ သာ လုပ်။ ခင်ဗျား စိတ်ပူနေတဲ့ ကိစ္စ ကျနော်တို့ အစိုးရ ပိုင်းက ဖြေရှင်းပေးမယ် ” လို့ အာမခံ ပေးလိုက်တယ်။ ဆရာနန္ဒသိန်းဇံ လည်း အူကြောင်ကြောင် ဖြစ်ပြီး အိမ်ပြန်လာရော။
နောက်နေ့ မနက်လဲကျရော ” ဒေါက် . ဒေါက် . ဒေါက် ” အိမ်တံခါး လာခေါက်တော့ အရာရှိတချို့တွေ့တယ်။ ဆရာက ငါများ ဘုဂလန့် ပြောလိုက်လို့ လာ ဆွဲစိ ပြီလား ၊ တွေးနေတုန်း ” ကျနော်တို့ အဘက ဆရာ့အတွက် ဟောဒီ ဟာ ပေးခိုင်း လိုက်လို့ ” ဆိုပြီး ကြည့်လိုက်တော့ ” ဒေါက်တာနန္ဒသိန်းဇံ – Ph.D ပါရဂူဘွဲ့ လက်မှတ်ကြီး ဖြစ်နေတယ်။ ဆရာက ကိုယ့်နဖူး ကို ရိုက်ပြီး ” ဟာကွာ သေပါပြီ ” လို့သာ ရေရွတ်လိုက်မိတယ် တဲ့ ။ အတော်လည်း စိတ်ဆင်းရဲသွားရှာတယ်။
ပြောချင်တာက ကိုယ့်နိုင်ငံမှာ Talented နဲ့ Outstanding သမားတွေ က ဆုတံဆိပ်တွေ ဘွဲ့လက်မှတ်တွေ သေချာပေါက်ရမယ် လို့ ဘယ်တော့မှ မတွေးနဲ့။ ဒီလိုပဲ ဆုတွေ ဘွဲ့တွေ ပေးလိုက်တဲ့ ရွေးချယ်ရေး အဖွဲ့ကိုလည်း ကျွမ်းကျင် ပညာရှင် လို့ တထစ်ချ မမှတ်ယူနဲ့။ အဲ့ဒီ ရွေးချယ်ရေး အဖွဲ့ထဲမှာ ပါတဲ့ ပညာရှင် တချို့ကလည်း အခြေနေအရသာ အများညီ ဤ ကျွဲ ဝင်ဖတ်နေကြရတာပါ။ သူတို့မှာလဲ လွန်ဆန် မရတဲ့ အကြောင်းတရားတွေ ရှိနေဦး မှာပါ။
ဒီလိုနဲ့ ဆရာနန္ဒသိန်းဇံက ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခဌာနမှူးအဖြစ် ၂၀၀၃ က နေ ၂၀၀၈ ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူ ပြီးမှ ပျော်ရွှင်သွားလေရဲ့
မှတ်ချက်။ ။ ဆရာနန္ဒသိန်းဇံ အကြောင်းကို ဗဟုသုတ အဖြစ်ပြောပြခဲ့သော မိတ်ဆွေအား ကျေးဇူးတင်လျှက်