မြန်မာပြည်မှာရှိတဲ့ အံ့အားသင့်စရာတွေ အများအကြီးထဲက ပျောက်ဆုံးနေသော ကမ္ဘာတခု

“ပျောက်ဆုံးနေသော ကမ္ဘာ”

မြန်မာနိုင်ငံတွင် အံ့အားသင့်စရာ အများအကြီး ရှိနေသည်။ ထိုအထဲတွင် ရွှေအင်းတိန် ဘုရားလည်း အပါအ၀င် ဖြစ်သည်။ ရွှေအင်းတိန် ဘုရားအကြောင်းကို ဗြိတိန် အခြေစိုက် ဒေးလီးမေးလ် သတင်းစာက စက်တင်ဘာ (၃၀) တွင် ဓာတ်ပုံ မှတ်တမ်းများနှင့် ဖော်ပြခဲ့ပြီး ပျောက်ဆုံးနေသော ကမ္ဘာဟု ခေါင်းစဉ် တပ်ခဲ့သည်။ ဆောင်းပါးထဲတွင် ရွှေအင်းတိန်ဘုရား တည်ရှိရာ နေရာကို အံ့အားသင့်ဖွယ်ရာ ရေးသားခဲ့သည်။

မြန်မာနိုင်ငံတောအုပ် တစ်နေရာတွင် တဖြည်းဖြည်း ပျက်စီးလာသည့် ရှေးဟောင်း စေတီများရှိသည့် နေရာအဖြစ် ရေးသား ဖော်ပြခဲ့သည်။ ယင်းနေရာကို သီးခြား ကမ္ဘာအဖြစ် တင်စားခဲ့ပြီးရေ လမ်းခရီးဖြင့်သာ သွားရောက်နိုင်သည်ဟု ဆိုထားသည်။ ယင်းနေရာကို မည်သို့ သွားလာရမည်ကို ဒေသခံများသာ သိရှိသည်ဟု ဆောင်းပါးရှင်က ဆက်လက် ရေးသားခဲ့သည်။

ရွှေအင်းတိန်ကို ရောက်ရှိသည်နှင့် လှပသည့် သဘာ၀ ရှုခင်းများကို မြင်ရမည် ဖြစ်သည်။ စျေးသည်များ၊ နွားများ၊ အ၀တ်လျှော်နေသာ အမျိုးသမီးများ မြင်တွေ့ရမည် ဖြစ်သည်။ ယင်းပတ်၀န်းကျင်မှာ ခေတ်နောက်ကျနေသော်လည်း သစ်ပင်များကြားတွင် ဖုံးကွယ်နေသည့် ဘုရားများကြောင့် စိတ်၀င်စားစရာ ဖြစ်ခဲ့သည်။

ထောင်ပေါင်း များစွာသော ဘုရားများကြားတွင် အချို့ ဘုရားများမှာ အလှူရှင်များကြောင့် ရွှေရောင်များဖြင့် ကြည်ညိုစရာ ကောင်းနေသည်ကို တွေ့ရမည် ဖြစ်သည်။ အချို့စေတီများသည် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးယိုယွင်း နေပြီး ရှေးဟောင်း ဘုရားများ၏ သမိုင်းကို ဒေသခံများပင် အတိအကျ မသိရှိကြောင်း ဆောင်းပါးရှင်က ရေးသားခဲ့သည်။

ယင်းဒေသရှိ ဘုန်းတော်ကြီးကျောင်းများသည် စေတီများကို ပြုပြင် ထိန်းသိမ်းနေသော်လည်း အချို့ စေတီတော်များမှာ တောထဲတွင် တဖြည်းဖြည်း ပျောက်ဆုံး သွားနေကြောင်း ရေးသားခဲ့သည်။

ရွှေအင်းတိမ်ဘုရား သမိုင်းကို ဆောင်းပါးရှင်က အတိအကျ ဖော်ပြထားခြင်း မရှိသော်လည်း ဘီစီ (၃) ရာစုတွင် တည်ဆောက် ထားသည်ဟု ဆိုထားသည်။ စေတီ အများစုကိုတော့ အေဒီ (၁၇ – ၁၈) လောက်တွင် တည်ရှိခဲ့သည်ဟု ဆိုသည်။ အစောဆုံး စေတီကတော့ (၁၄) ရာစုလောက် ကတည်းက တည်ထားခြင်း ဖြစ်ကြောင်း ရေးသား ထားသည်။

ဆောင်းပါးတွင် မပါ၀င်သည့် ရွှေအင်းတိန် ဘုရား၏ သမိုင်းအကျဉ်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

ရွှေအင်းတိန် ဘုရားသည် ရှမ်းပြည် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းတိန်မြို့တွင် ရှိသည်။ ဘုရားစေတီ ပုံစံများသည် မွေတော်ကက္ကူမှ ဘုရားပုံစံများနှင့် ဆင်တူသည်။ အရန်စေတီတော်ပေါင်းက (၁၀၅၄) ဆူ ရှိပြီးဘုရားစောင်းတန်းကြီးတွင် တည်ဆောက် ထားသည့် တိုင်လုံး အရေအတွက်ကတော့ (၄၀၃) လုံး ရှိသည်။ အရှည် (၃ ဒသမ ၃) ဖာလုံရှိသည်။ သမိုင်း၀င် ရွှေအင်းတိန် မြတ်စွာဘုရားကြီးကို တည်ထားခဲ့သော ဒါယကာသည် ပဋလိပုတ် ပြည့်ရှင် သီရိဓမ္မာသောက မင်းကြီး ဖြစ်သည်။

သာသနာနှစ် (၂၀၀)ကျော်ကျော်လောက်တွင် ဘုရားရှင်၏ ဘရိယ (မွေတော်) ဓာတ်တော်ကို ဌာပနာပြီး တည်ထား ကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။

ပထမအကြိမ် ပြုပြင်တော်မူသည့် မင်းမှာ အနော်ရထာမင်း ဖြစ်သည်။ ၎င်းင်းနောက် ထပ်မံပြီး ပြုပြင်သောမင်းများမှာ နရပတိ စည်သူမင်း၊ မိုးညှင်းမင်းတရားကြီး၊ မင်းရဲကျော်စွာ၊ မင်းခေါင်နှင့် ဆင်ဖြူရှင်မင်း တရားကြီးတို့ ဖြစ်သည်။

ယခုအခါတွင်တော့ အတော်အသင့် သတိထားမိလာကြပြီး ထိမ်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်လျှက်ရှိသည် ဟု သိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page