အလွဲကြီး လွဲနေတဲ့ မြန်မာပြည်က ပညာရေးစနစ်နဲ့ လက်တည့်စမ်းနေကြတဲ့ လူကြီးများ

အလွဲကြီး လွဲနေတဲ့ မြန်မာပြည်က ပညာရေးစနစ်နဲ့ လက်တည့်စမ်းနေကြတဲ့ လူကြီးများ

မြန်မာပြည်မှာစာသင်တယ်။ စာအုပ်အောက်ပြုတ်ကျရင် စာမရမှာကြောက်လွန်းလို့ စာအုပ်ကို ကန်တော့ကြတဲ့ ကလေးတွေ ဘွဲ့ရလာကြပေမယ့် တော်သင့်ရုံဘဲ တတ်သွားကြတယ်။

စာအုပ်ထဲ ရှိပြီးသားစာတွေကို မှတ်စုကူးပြီး ၏/သည်မရွေးကျက်ရတဲ့နိုင်ငံမှာ ပထဝီတွေ သမိုင်းတွေအလွတ်သာကျက်ခဲ့ရတယ် မေးလိုက်တဲ့ခါ အမ်..အင်..ဟုတ်မယ်.. အဲ့လိုလေးတွေနဲ့ပြီးခဲ့တယ်ခေါင်းထဲမရောက်ခဲ့ကြဘူး။ သိပ္ပံဘာသာရပ်တွေကို လက်တွေ့မဝင်မလေ့လာခဲ့ဘဲ ဘွဲ့ရခဲ့တဲ့ဆရာတွေက သိပ္ပံဘာသာရပ်ကို Defination မှာ ‘s’တစ်လုံးကျန်ရင် အမှတ်လျှော့ဖို့ မှင်နီကိုင်ပြီးစောင့်နေကြတယ်။

နိုင်ငံတကာက ကလေးတွေ စက်ရုပ်တီထွင် ဆော့ဝဲလ် ရေးနေကြချိန်မှာ ဒီမှာတော့ အင်္ဂလိပ်စာ ညံ့လွန်းလို့ defination တစ်ကြောင်းကို နာရီဝက်လောက်ကျက်နေရပြီး ဒါမေးဒါဖြေကိုတောင် သောက်သောက်လဲကျနေကြတယ်… ဘာမှမသင်တဲ့ကျောင်းတွေမှာ ကျောင်းခေါ်ချိန်မပြည့်ရင် ရစ်မှာစိုးလို့ နေ့တိုင်းသွားထိုင်နေရတယ် တကယ်စာသင်ပေးတဲ့နေရာတွေကိုတော့ ငွေပေးပြီးသင်နေရတယ် ဒါပေမယ့် ‘အခမဲ့ပညာရေးစနစ်’လို့ ကြွေးကြော်နေကြတယ်။

တကယ်စာသင်ရမယ့် ဆရာတွေဆရာမတွေက ရုံးခန်းနဲ့မြို့နယ်ရုံးကို စာရွက်စာတမ်းတွေကိုင်ပြီး သွားချည်လာလှည့်လုပ်နေရတယ် တချို့က ဂိတ်ပေါက်မှာ ဘာတာဝန်မှန်းမသိတာကို တာဝန်ဆိုပြီးထိုင်နေရချိန်မှာ တချို့က ကျောင်းသားတွေရဲ့ report card မှာ ဘာမှမသိတဲ့အချက်တွေကို A တွေ B တွေဖြည့်ပေးနေရတုန်း ကလေးတွေကလည်း အနာဂတ်မှာ ပညာတတ်ကြီးဖြစ်ဖို့ စိတ်ကူးတွေယဉ်နေကြဆဲ

တချို့နိုင်ငံတွေမှာ ကိုယ့်ကျောင်းစားရိတ်ကိုယ်ရှာဖို့ အချိန်ပိုင်းအလုပ်လုပ်နေကြချိန်မှာ ဒီနိုင်ငံမှာတော့ အလုပ်လုပ်ဖို့ ကျောင်းထွက်လိုက်ရတာတွေ ဒုနဲ့ဒေး… လူတစ်ယောက်ပြောင်းသွားရင်း စနစ်တစ်ခု ပြောင်းသွားရင်း လူတစ်ယောက် နိုင်ငံတစ်ခုသွားရင်း အဲဒီနိုင်ငံက သင်ရိုးတွေယူလာရင်း.. မြေစမ်းခရမ်းပျိုးပညာရေးတွေ သင်ခိုင်းရင်း… သမိုင်းတွေကိုပြင်ရေး အမှားတွေကို အမှန်သင်ခိုင်းရင်း ကျောင်းတိုင်း ကွန်ပြူတာရှိဖို့လည်း ကြိုးစားခဲ့ကြဖူးတယ်လေ…

ရန်ကုန်မြို့လယ်က လူချမ်းသာတွေပဲတက်တဲ့ ကျောင်းတွေကိုကြည့်ပြီး အပြိုင်အဆိုင် အောဒီ ထွက်ဖို့ အလုအယက်ကြိုးစားနေကြတာကို ကြည့်ပြီး ကားနဲ့အကြိုအပို့လုပ် ဆရာတွေအိမ်ခေါ်သင် Guide တွေနဲ့ စာတွေလုပ်နေကြတာ အမှတ်တွေကောင်းကြတာကို ကြည့်ပြီး မြန်မာပြည်ပညာရေး တိုးတက်နေပါသတဲ့…

တပြည်လုံးကကျောင်းတွေမှာတော့ မိုးယို ကြမ်းကျွံ ရေကြီး မီးပျက်နေတာအများကြီး ဆရာမရှိလို့ စာမသင်ရတဲ့နေရာတွေတပုံကြီး ကျောင်းဝတ်စုံတောင်မရှိလို့ အိမ်နေရင်းဝတ်စုံလေးတွေနဲ့ တက်နေရတာတပုံကြီး တိုက်ပွဲတွေဖြစ်နေလို့ ရေကြီးနေလို့ စားစရာမရှိလို့ ခိုင်းမယ့်သူမရှိလို့ ကျောင်းမပို့တော့တာတွေ အများကြီး။

“ပညာမြင့်မှ လူမျိုးတင့်မည်” တဲ့ မှန်လိုက်တာ ပညာမမြင့်တော့ လူမျိုးလည်းမျက်နှာငယ် နိုင်ငံလည်း အနှိမ်ခံရ နည်းပညာလည်းမရှိ သယံဇာတလည်းကုန် နိုင်ငံလည်း ချွတ်ခြုံကျနေတော့ နိုင်ငံပေါင်းစုံက တို့မြန်မာတွေ အလုပ်ကြမ်းသမားတွေ ငယ်ငယ်က စာသင်ခဲ့တဲ့ အဖြူအစိမ်းဝတ်စုံကို ပြန်တွေးတိုင်း ပြုံးမိနေမလား?

ငယ်ငယ်ကစိတ်ကူးယဉ်ဖူးတဲ့ ကမ္ဘာမှာမြန်မာဟေ့ ဆိုတဲ့စာသားလေးကို ခပ်တိုးတိုးရေရွတ်နေတုန်းလား? ဟုတ်ကဲ့ ကျန်တော်တို့ရဲ့မျိုးဆက်သစ်တွေ မြန်မာပြည်မှာစာသင်နေပါတယ်…..

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page