မြန်မာပြည်က ထီဆုကြီး ပေါက်တဲ့သူတွေ အထူးသတိထားရမယ့် ကိစ္စတခု (အရမ်းအရေးကြီးပါတယ်)

မလုပ်သင့်တာကို လုပ်နေကြတဲ့ ထီသည်များ နဲ့ မီဒီယာများ

Socioeconomic အရ လူတွေက ထီကို စိတ်ကူးယဉ်စရာအဖြစ် ထိုးကြတယ်။ အထူးသဖြင့် လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားတွေပေါ့။

သူဌေးတယောက် ထီပေါက်ရင် သူ့အတွက် ထီပေါက်တဲ့ ငွေကြေးပမာဏဟာ ဘာမှ မဟုတ်သလို .. သူ့ privacy တို့ personal security – ပုဂ္ဂိုလ်လုံခြုံရေး တို့က ဘာမှ မပြောပလောက်ဖူး။ ထိုသူတွေက အုတ်တံတိုင်း ၇ – ၈ ပေ ခတ်လို့ သံဆူးကြိုးနဲ့ အစ်ကိုလေး မမလေး ဆိုပြီး အချွေအရံတွေနဲ့ နေကြတာ။ သူတို့နေတဲ့ နေရာတွေကလည်း တော်ရုံ မျက်နှာမွဲတို့ သူခိုးဂျပိုးတွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ဟာတွေကနေ .. လက်ကြောတင်းအောင် အလုပ်မလုပ်ပဲ .. လက်ဖျန့်ခံတောင်းချင်တဲ့ အမျိုးတွေ – ဖွတ်ကလိ ဒင်္ဂါးမြင်တာနဲ့ ငွေလေးလှည့်ပါဦးဆိုတဲ့ဟာတွေနဲ့ ကင်းတဲ့ဟာတွေများတယ်။ သူတို့ ထီသက်စေ့ပေါက်တောင် ဘာမှ မဖြစ်ဖူး။ ဥပမာ နိုင်ငံကျော်သူထေး ၁ – ၁ဝဝ တန်း ဝင်တဲ့သူတွေ ထီပေါက်ရင် သူတို့ privacy တို့ personal security – ပုဂ္ဂိုလ်လုံခြုံရေး တို့က ဘာမှ ပြောင်းလဲ မသွားဘူး။

သို့ပေမယ့် ယနေ့ ထီပေါက်တာနဲ့ ထီသည်တွေဟာ ဘယ်သူ ဘယ်ဝါ ငါ့ဆိုင်က သူ့ဆိုင်က ပေါက်တယ်ဆိုပြီး ဓါတ်ပုံတွေတင် မိသားစုတွေပါ ပုံထဲ အကုန်ထည့် .. ဘယ်နေရာ ဘယ်သူ ဘယ်ရပ်ကွက်ကပါဆိုပြီး တင်ရော။

တကယ်တန်း အဲဒါ ပြသနာကို လက်ရပ်ခေါ်တာနဲ့ အတူတူပဲ။ သူများ ထီပေါက်လို့ ယနေ့ တရားစကားလုံး terminology တွေသုံးပြီး မုဒိတာပွားတာလုပ်လိုက်ပါ .. ဘာညာထက် .. အဲဒီလူတွေ သူတို့မိသားစုတွေဟာ အပေါ်က သူထေးတွေလို privacy တို့ personal security – ပုဂ္ဂိုလ်လုံခြုံရေးတွေ မရှိဘူး။

နောက်ဆက်တွဲ ပြသနာက ထီပေါက်တာနဲ့ လူဆိုး သူခိုးက အရင်လာမှာ မဟုတ်ဖူး .. ဆွေစဉ်မျိုးဆက်ထဲက လက်ကြောမတင်းတဲ့ အားနေ လက်ဖျန့်ခံတောင်းမည့်ဟာတွေ ရောက်လာမယ်။ ပေးရင်တမျိုး မပေးရင် ပြသနာရှာတာတွေလည်း ဖြစ်လာနိုင်တယ်။ “ဟဲ့ ညဉ်းတို့ .. နင်တို့ သိန်း ဘယ်လောက်ပေါက်တာ .. ငါတို့ကို ဒီလောက်လေးတောင် မသထာဘူးလား” ဆိုပြီး မပေးချင်လောက်အောင် ပမာဏတွေ လက်ဖြန့်ခံတောင်းမယ်။ မဖြစ်နိုင်ဘူးလို့ မထင်နဲ့ .. မြန်မာပြည်မှာ ကိုယ့်အမျိုးအသိမိတ်ဆွေတွေထဲ အဲဒီလိုဟာတွေ တပုံကြီး။

နောက်အိမ်နီးနားချင်း အရပ်ထဲကနေ .. အသိုင်းအဝိုင်း အဖွဲ့အစည်းထိ လာကြမယ်။ ငွေချေးတာကနေ .. အလှူငွေ ထည့်ခိုင်းတာ စုံနေအောင်ပဲ။ တချို့က ထီပေါက်ရင် လှူမယ်ဘာညာ စိတ်ကူးထားကြပေမယ့် မလိုလားအပ်တဲ့ တောင်းဆိုမှုတွေ – မိမိ အကျိုးအတွက် ပိုတောင်းတာတွေ ဖြစ်လာနိုင်တယ်။ ဆိုကြပါစို့ ကိုယ်နဲ့ သက်ဆိုင်နေတဲ့ ဘာသာရေးအဖွဲ့အစည်းက ဘယ်ဟာအတွက် ဘယ်လောက်လှူဆိုပြီး ကိုယ်က ပေးချင်တာ မပေးချင်တာ မသိ .. သူတို့လိုချင်တဲ့ ပမာဏကို အေးဓါးမြတိုက်တဲ့ အလားတောင်းကြမယ်။ အိမ်နီးချင်း – အရပ်ထဲက ငွေလာချေးကြမယ်။ မပေးရင် ဘာဖြစ်မယ် ထင်လဲ။ အားလုံးဟာ “ကျွန်တော်ကတော့ ခင်ဗျားတောင်းတဲ့ ပမာဏကို မပေးချင်ဘူး” .. “မပေးနိုင်ဘူး” ဆိုပြီး လွယ်လွယ်နဲ့ပါးစပ်က ပြောထွက်နိုင်မယ် ထင်လား .. ကိုယ့်ပိုက်ဆံနဲ့ကိုယ်အမုန်းပွားအောင် ဖြစ်မယ်။ မပေးချင်တောင် ဘယ်လို မပေးချင်ကြောင်း ပြောဖို့ခက်လောက်အောင် ဖြစ်ကုန်မယ်။ ပေးချင်တောင် သူတို့တောင်းတဲ့ ပမာဏမပေးချင်ရင်လည်း ပြသနာဖြစ်မယ်။ သူတို့က သူတို့တောင်းတဲ့ ပမာဏမပေးရင် လွယ်လွယ်နဲ့ အိမ်က ထွက်သွားမယ် ထင်နေလား .. နေရာတင် ဓါးနဲ့ မထိုးတောင် အနည်းဆုံး ပြသနာရှာမည့် မျက်နှာပေးတွေ နဲ့ ထွက်သွားမယ်။ အခုနကပြောတဲ့ အဖွဲ့အစည်းဆိုတာ အကုန်ပါတယ်။ ဘာသာရေး၊ ကိုယ်လုပ်နေတဲ့ ကိုယ်နဲ့ မကင်းတဲ့ အဖွဲ့အစည်းတွေ အစုံပါတယ်။ ထီဆုကြီးပေါက်တာနဲ့ ကိုယ့်ကို ငွေပုံကြီးလို့ပဲ မြင်မယ်။ တသက်လုံး အဖက်မလုပ်တဲ့ဟာတွေက .. မင်း ဘယ်လောက်လှုတို့ .. ငါတို့အဖွဲ့အစည်းဘာလုပ်ဖို့ ဘာလုပ်မယ် .. ငွေ ဘယ်လောက်ထောက်ပံ့ဆိုတာတွေက အစလာမယ်။ ခင်ဗျား လက်ထဲကငွေကို သူတို့ဆီ အမျိုးမျိုးစီးဆင်းလာအောင် လုပ်ကြမယ်။ ခင်ဗျားမပေးလို့ မရလောက်အောင် ခင်ဗျားအားနည်းချက်ကို ချနင်းတာတွေ ဖြစ်လာလိမ့်မယ်။

နောက် သူခိုးဂျပိုးတွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ဟာတွေ .. အဲဒီဟာတွေက ဘယ်သူဘယ်ဝါ ငွေယားလက်ထဲ ရှိနေသလဲဆိုတာ အမြဲလေ့လာနေတဲ့ဟာတွေ။ ဖုန်းလေး မြင်တာနဲ့ ဖုန်းတန်ဖိုးကိုမှန်းလို့ လုတာတွေဖြစ်နေတာပဲ။ အဲဒီတော့ အဲဒီလို ခိုးဆိုးတွေနေတဲ့ အရပ်ထဲ ခင်ဗျားနေလို့ ထီပေါက်ရင် အိမ်တံခါးကို ဘယ်လိုပိတ်ပိတ် .. ခင်ဗျားနောက်ကြော မလုံတော့ဘူး။ အရပ်ထဲက အမြန်ပြောင်းပြေးဖို့ မလွယ်လေ .. နောက် ဥပမာ အစိုးရတာဝန်ထမ်းဆောင်နေတဲ့ – တန်းလျားဘာညာတွေမှာနေတဲ့သူဆို ပိုတောင်ဆိုးသေးတယ်။ ခင်ဗျား ရုပ်တရက်ကြီး အလုပ်ကလည်း ထွက်လို့မရ ပြောင်းလို့ရမှာ မဟုတ်ဖူး။ နေ့စဉ်နဲ့ အမျှ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လန့်နေမယ် .. အမုန်းခံနေရမယ်။ ခင်ဗျားတခုခုလုပ်တိုင်း မလုံတော့ဘူး။

အဲဒါကြောင့် ထီထိုးရင် ထီသည်တွေကို ပြော .. အားနေ သူတို့ဆီက ပေါက်တာ ကိုယ့်အကြောင်းကြားတာထက် မပိုတဲ့ အဖြစ်ကိုပဲ လုပ်သင့်တယ်။ ပုံတွေ တင်တာ .. ဘယ်အရပ်က ဘယ်သူပေါက်တာဆိုပြီး Facebook မှာ ပုံတွေ တင်တာ .. မလုပ်သင့်ဘူး။

မှတ်မိကြမှာပါ .. သိန်းဘယ်လောက်ပေါက်တာကို .. ဘယ်လောက်ပဲ ထီပေါက်တဲ့သူက သူ့ကို ပေးလို့ဆိုပြီး ရတာတောင် .. ထီရောင်းတဲ့သူက မကျေနပ်တဲ့ အဖြစ်မျိုးနဲ့ တင်တဲ့ Post .. တကယ်တန်း .. ကိုယ့်ပိုက်ဆံနဲ့ ကိုယ်အမုန်းခံရတာ။ သူတို့က လက်တို့လို့ ပြန်ပေးဆွဲခိုင်း ဘယ်လိုလုပ်မလဲ။ မဖြစ်နိုင်ဘူး မပြောနဲ့နော် .. မဖြစ်သေးတာပဲ ရှိတယ်။ ဘယ်နိုင်ငံမှ ထီသည်ကို ကိုယ့် ဖုန်းနံပါတ်တို့ နာမည်တို့ မပေးဘူး .. မြန်မာနိုင်ငံမှာပဲ ထီမတိုက်ချင်လို့ ပေးခဲ့ကြတာ။ တကယ်တန်း အဲဒါက ပြသနာကို လက်ရပ်ခေါ်တာနဲ့ အတူတူပဲ။

ခင်ဗျား ထီပေါက်တာနဲ့ .. ကိုယ့်ပိုက်ဆံနဲ့ကိုယ် အမုန်းခံရမယ် .. နောက် privacy တို့ personal security – ပုဂ္ဂိုလ်လုံခြုံရေးတွေ နည်းလာမယ်။ ဆိုကြပါစို့ ပေါက်တဲ့သူမှာ သားသမီးရှိလို့ ကလေးပြန်ပေးဆွဲပြီး ငွေညှစ်ရင် ဘယ်လို လုပ်မလဲ။ တိုင်လို့သတ်ပစ်ရင် တဘဝလုံး ထီဆိုတဲ့ အကြောင်းကြားတိုင်း စိတ္တဇ ဖြစ်နေမယ်။ အလကားနေရင်း ပိုက်ဆံလာချေးသမျှကို ဘယ်လို မောင်းထုတ်ရမလဲဆိုတဲ့ အဖြစ်တွေဖြစ်လာမယ်။ အေးဓါးမြတိုက်တာတွေလည်း ခံရမယ်။

ဆိုလိုတာက ထီပေါက်တဲ့သူ သူ့လက်ထဲ ငွေရလာလို့ သူ့ဖာသာ လှူမယ်ဆိုတဲ့ စိတ်နဲ့ သူပေးချင်တာပေး လှူချင်တာ လှူ .. ဘာမှ ပြသနာမဟုတ်ဖူး။ အလကားနေရင်း ငါ့ဆိုင်ကပါ .. သူ့ဆိုင်ကပါ ဆိုတာကနေ .. မီဒီယာတွေကပါ အားယားပြီး ဘယ်နယ်က ဘယ်သူပေါက်တယ်ဆိုပြီး ပုံတွေနဲ့ တင်တာ မဟုတ်သေးဘူး။

အခု မြန်မာပြည်က လုပ်နေတဲ့ ထီဆိုင်ကို နာမည်တွေပေးတာ .. ဖုန်းနံပါတ်တွေပေးတာ .. ဘယ်နိုင်ငံမှ မရှိဘူး။ ထီဆိုင်ကို ကိုယ့်နာမည် ဖုန်းနံပါတ်ပေးရင် ထိုင်းတို့ ဖီလင်ပင်းတို့ဆို သေနတ်သမားတွေ ချက်ခြင်းရောက်လာမယ်။ ခင်ဗျား ပေါက်တဲ့ ထီလက်မှတ်နဲ့ ဆုငွေ မထုတ်ခင် .. ပေးမလား အသေခံမလား မေးပြီး မပေးရင် သတ်ပစ်ခဲ့မယ်။ ဂျပန်ဆို ယာကူဇာတွေ မြေအောက်ဂိုဏ်းက ခိုးဆိုးတွေက သွယ်ဝိုက်ပြီး တခုခုနဲ့ ခြိမ်းခြောက်လို့ ဆက်ကြေးလာတောင်းလိမ့်မယ်။ အခုလို information ပေးပုံနဲ့ဆို .. ဟိုး တောင်အမေရိကနိုင်ငံတွေဆို ထီပေါက်တဲ့ မိသားစု တဦးမှ မကျန် ခဏအတွင်း အစအနပါ ပျောက်ကုန်မယ်။

သူများ ထီပေါက်တာ သူ့ဖာသာ ဘာလုပ်လုပ်တို့ – မုဒိတာမပွားတာ ဘာညာ မဟုတ်။ သူများ privacy တို့ personal security – ပုဂ္ဂိုလ်လုံခြုံရေးတို့ကို နားလည်စေချင်တယ်။

I am just reporting ပါ။

Myo Han Htun

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page