အများပိုင် ပစ္စည်းပေါ်ထားတဲ့ စိတ်ဓာတ်မှာ ဂျပန်နဲ့ မြန်မာတို့ ကွာခြားပုံ (စိတ်ဓာတ်ကွာလို့ တိုးတက်မှု ကွာသွားတာ)

အများပိုင် ပစ္စည်းပေါ်ထားတဲ့ စိတ်ဓာတ်မှာ ဂျပန်နဲ့ မြန်မာတို့ ကွာခြားပုံ (စိတ်ဓာတ်ကွာလို့ တိုးတက်မှု ကွာသွားတာ)

“ဂျပန်က ဘတ်စ်ကားတွေပေါ်မှာ ဆိုဖာထိုင်ခုံတွေကို ဓါးနဲ့ခွဲထားတာ၊ ဖျက်စီးထားတာမျိုး မရှိပါဘူးတဲ့ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီလိုဖျက်စီးလိုက်ရင် ဂျပန်တွေရဲ့ ပစ္စည်းပျက်စီးသွားတာ၊ ဂျပန်တွေရဲ့ပိုက်ဆံတွေဆုံးရှုံးသွားတာပဲလို့ ခံယူကြလို့ပါပဲတဲ့” အမှတ်မထင်ဖတ်မိတဲ့ စာလေးတစ် ကြောင်းပါ…။

သြော်…တို့မြန်မာတွေ အတိုင်းပါပဲလားလို့ ပြောရင် ထရယ်ကြမလားမသိဘူး။ မှင်ဖျက်ဆေး ကိုလူကြီးလူငယ် တော်တော်များများကောင်းကောင်း ကြီးသိကြပါတယ်။ မူရင်းတီထွင် သူက မှင်ဖျက်ဆေးအဖြစ် တီထွင် ခဲ့ပေမယ့် မြန်မာနိုင်ငံမှာတော့ ရှေးဟောင်းအမွေအနှစ်ဖျက်ဆေး အဖြစ်အသုံးပြုခံနေရပါတယ်။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းတွေ ၊ နေရာတွေမှာ မှင်ဖျက် ဆေးတွေနဲ့ ပွစိခတ်နေအောင် ရေးထားတာကို စာဖတ်သူတွေလဲ တွေ့မြင်ကြမှာပါ။

တစ်ခါက ကျွန်တော် ခေါင်းလောင်း အကြီးကြီးတစ်ခုကိုတွေ့တော့ ဝမ်းသာအားရ ခေါင်းလောင်းထိုး မလို့ လုပ်တုန်း အထဲမှာ စုံတွဲထိုင် နေတာတွေ့လို့ ဘာလုပ်နေပါလိမ့် ဆိုပြီး ထိုင်ကြည့်နေတော့ ကျွန်တော့်ကို ဘုကြည့်ကြည့်ပြီး ထွက်သွားတယ်။ ကျွန်တော်လဲ ဘာများရှိပါလိမ့်ဆိုပြီး ခေါင်းလောင်းအောက် ဝင်ကြည့် လိုက်တော့ အားပါးပါးးးးး စာတွေ စာတွေ မနည်းမနောပါလား။ Correction Pen နဲ့ရေးထားတာဖွေးနေတာပဲ။ (၁၀)တန်း စာမှာပါတဲ့ ခေါင်းလောင်း စာ ဆိုတာဒါမျိုးနေမှာ လို့ထင်စရာ ရှိတယ်။

ရေးထားတာ အစုံပါပဲ..။ “ခင့် ကိုသိပ်ချစ်တဲ့ မောင်” တို့ “ကိုကို နဲ့ နွယ် အမှတ်တရ.(၄.၅.၂၀၁၁)” တို့ “သူ့ကို လွမ်းနေတာ သူသိပါစေ” တို့ ဖတ်ရင်းဖတ်ရင်း တစ်ပတ်လည်ပြီး ခေါင်းသာမူးသွားတယ် စာတွေက မကုန်ဘူး။ နောက်တစ်နေရာက မန္တလေးနန်း တော်ဝင်းထဲက နန်းမြင့်မျှော်စင်။ အပေါ် ရောက်သွားတဲ့အခါ နံရံမှာ အဲ့လိုပဲ ပွစိခတ်အောင် ရေးထားတာ။

Correction pen မပါတဲ့သူက ဓါးနဲ့ ခြစ်တယ်။ မျက်ခုံးမွှေးဆွဲတံအနက်နဲ့ရေးတယ်။ (အစက မီးသွေး ခဲ ထင်နေတာ၊ ဒီစာရေးဖို့တော့ မီးသွေးခဲကို ဒီအထိသယ်လာမှာ မဟုတ်လောက်ဘူး။ ဖြစ်ခြင်းဖြစ် မျက်ခုံးမွှေးဆွဲတံ ပဲဖြစ်ဖို့များတယ်) နိူင်ငံခြားသားတွေမြင်တဲ့အခါ ပါးစပ်အဟောင်းသားနဲ့အံ့သြ သွားတယ်။ သူတို့ဆီမှာလဲ မှုတ်ဆေးတွေနဲ့ နံရံမှာ လိုက်ရေး၊ လိုက်ဆွဲတဲ့လူငယ်တွေ ရှိပါတယ်။ ယနေ့မှာတော့ အဲ့ဒါကို အနုပညာ တစ်ရပ်အနေနဲ့ ဖော်ထုတ်ပေးလိုက် တဲ့အခါ စည်းကမ်းမဲ့ နံရံပေါ်မှာ ရေးတာတွေမဟုတ်တော့ပဲ။ ပြပွဲတွေ ပြခန်းတွေ လုပ်နိုင်တဲ့အထိ အနုပညာတစ်ရပ်ဖြစ်လာပါတယ်။

ကျွန်တော်တို့ ဒီ correction pen လက်ရာတွေက ပန်းချီတွေလဲမဟုတ် ၊ မှတ်သားစရာလဲမဟုတ်။ ပြခန်းလဲလုပ်ပေးလို့မရ။ အမှတ်တရဖြစ်စေချင်တဲ့ ရည်ရွယ် ချက်နဲ့လုပ်တာ ဆိုပေမယ့် ဒါဟာ မိမိလူမျိုး၊မိမိနိုင်ငံရဲ့ အလှအပကို ဖျက်စီးပစ်နေမှန်း မတွေးမိဘူးထင်ပါတယ်။ ကဲ..ဒါဖြင့်…ဒါကိုဘယ်လိုကာကွယ်ကြမလဲ။ How to prevent this? ပေါ့။ ရှေးဟောင်းပစ္စည်း(သို့)နေရာကို သံဆူးကြိုး ကာရမလား။ ၂၄နာရီ အစောင့်ထားရမလား။ CCTV ပဲ တပ်ပြီး စောင့်ကြည့်အရေးယူရမလား။

တကယ်တော့ အဲ့ဒါတွေ တစ်ခုမှမလိုပါဘူး။ “ဒါတွေဟာ ငါတို့ တစ်မျိုးသားလုံး ပိုင်တယ်၊ငါတို့မဖျက်စီးသင့်ဘူး၊ ဒါတွေက ငါတို့နိုင်ငံအတွက် အဖိုးတန်တယ်၊ ငါတို့မဖျက်စီးသင့်ဘူး။ ဒါတွေဟာ နောက်လာမယ့်လူငယ် တွေအတွက် ကောင်းကောင်းမွန်မွန် ကျန်ရစ်သင့်တယ် ၊ ငါတို့မဖျက်စီးသင့်ဘူး ” ဆိုတဲ့ အသိမျိုးကို လူတိုင်းလူတိုင်းရဲ့ ရင်ထဲ ရိုက်ထည့်ပေးထားရမယ်။

ကျွန်တော်ပြောနေတာက အင်မတန်ကြီးကျယ်တဲ့ စီမံကိန်းကြီးမျိုး မဟုတ်ဘူးး။ ဆည်မြောင်း၊တမံတွေ၊တံတားတွေ ဆောက်မယ့်စီမံကိန်းမျိုး၊ နိုင်ငံတော် ရှေ့တက်လှမ်းမယ့် စီမံကိန်းမျိုးတွေထက်စာရင် ကျွန်တော်ပေးတဲ့အကြံဉာဏ်ဟာ အင်မတန်သေးဖွဲသိမ်နုပ်တဲ့ အကြံဥာဏ်ပါ။ ဒါပေမယ့် ကျွန်တော်တို့ဒီကနေ့ ဒီ correction pen တွေနဲ့ ရေးတာကိုရပ်လိုက်ရင် နောက် မျိုးဆက်တစ်ခုကျရင် အခုလို ညစ်ပတ်နေတဲ့ Correction pen တွေ ပေနေတဲ့ နေရာမျိုးတွေ မရှိတော့ပဲ သန့်ရှင်းသပ်ရပ်တဲ့ MYANMAR (မြန်မာ) ဖြစ်နေမှာ အသေအချာပါပဲဗျာ။

“ဤနေရာရောက်ငြားအများ လူ ရှင် ခဲတံ ၊ မှင် ၊ ဆေး မရေးစေချင် ၊ တောင်းပန်ငြား ရေးထား စေတနာရှင် ။”

ဒေါက်တာခန့်ညားအောင်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page