မြန်မာ့ဖရဲ တရုတ်စျေးကွက်တခုထဲကိုပဲ အားမကိုးတော့ပါ (ယူအေအီးဒေသသို့ ပထမဆုံး တင်ပို့)
မြန်မာ့ဖရဲ တရုတ်စျေးကွက်တခုထဲကိုပဲ အားမကိုးတော့ပါ (ယူအေအီးဒေသသို့ ပထမဆုံး တင်ပို့)
တရုတ်ဈေးကွက်တစ်ခုထဲ မှီခိုနေရသည့် မြန်မာ့ဖရဲသီးသည် ယခုအခါတွင် တရုတ်နိုင်ငံအပြင် အရှေ့အလယ်ပိုင်းဒေသ ယူအေအီးနိုင်ငံအထိပါ ခြေဆန့်မှုပြုသွားနိုင်ပြီလို့ သိရပါတယ်။
ဈေးကွက်အသစ်တစ်ခု ရရှိသွားခဲ့ခြင်းဖြစ်ကာ ယူအေအီးနိုင်ငံက မြန်မာ့ ဖရဲကို ၂၅တန်မှာယူခဲ့၍ တင်ပို့မှုအား ဒီဇင်ဘာလ ၆ရက်နေ့တွင် ရေကြောင်းခရီးစဉ်ဖြင့် ပထမဦးဆုံးတင်ပို့လိုက်ပြီဟုလည်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
မြန်မာနိုင်ငံ ဖရဲ၊သခွားမွှေး စိုက်ပျိူးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဌ ဦးနိုင်ဝင်းက တရုတ်ဈေးကွက်ကို အားကိုးနေရခြင်းအစား အခြားဈေးကွက်များပါ တိုးချဲ့ ရရှိရေး အမြဲမျှော်လင့်နေကြောင်း နိုင်ငံပိုင်မီဒီယာကို ပြောဆိုထားပါတယ်။ မြန်မာ့ ဖရဲ နှင့် အတူ သခွားမွှေးကိုပါ အမြည်းအနေဖြင့် ထည့်သွင်း တင်ပို့လိုက်တယ်လို့လည်း သိရပါတယ်။
ယူအေအီးနိုင်ငံက မြန်မာ့ဖရဲကို သဘောကျနှစ်ခြိုက်လျှင် ဆက်လက်တင်ပို့ရန်ရှိကာ ကာတာ၊ စင်ကာပူအထိ တက်လှမ်းနိုင်ရန် အသင်းက စီစဉ်နေပါတယ်။ ပြီးခဲ့သည့် လပိုင်းကလည်း မြန်မာ့ ထောပတ်သီးသည် လန်ဒန်အထိ ပထမဦးဆုံးခြေဆန့်နိုင်ခဲ့ပြီး စားသုံးသူများ၏ သဘောကျနှစ်ခြိုက်မှုကို ရထားပါတယ်။