မြူးဇစ်ဇုန်ကေတီဗီကို ယခုထိ တရားမစွဲရသေး၊ အထက်ညွှန်ကြားချက် အဆင့်ဆင့်ကို စောင့်နေရဟုဆို
ကိုဗစ် ကူးစက်ခံရသူတွေ အများအပြားတွေ့ရှိခဲ့တဲ့ မြူးဇစ်ဇုန်ကေတီဗီ နဲ့ပတ်သက်လို့ အထက်ညွှန်ကြားချက်ကို စောင့်နေဆဲဖြစ်တဲ့အတွက် အမှုမဖွင့်ရသေးဘူးလို့ ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် ဇဝနရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မြူးဇစ်ဇုန် တာဝန်ရှိသူတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ တရားစွဲဆိုဖို့အတွက် မြို့နယ်ကိုဗစ်ကော်မတီကဆုံးဖြတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် အမှုဖွင့်တရားစွဲဆိုနိုင်ဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို လွှဲအပ်ထားတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ အမှုဖွင့်တရားစွဲဆိုနိုင်ရေးအတွက် စီစဉ်နေဆဲဖြစ်ပြီး ညွှန်ကြားချက် အဆင့်ဆင့်ကို စောင့်နေဆဲဖြစ်တယ်လို့ ဇဝနရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှသန်းက ပြောပါတယ်။
“အခုက စီစဉ်နေတုန်း။ ကျနော်တို့က အောက်ခြေအဆင့်ဆိုတော့ သူတို့ကညွှန်ကြားလာမှ ကျနော်တို့က လုပ်ပေးလို့ရတာ။ အခုလောလောဆယ်က သူတို့စီစဉ်နေတုန်းရှိသေးတယ်။ သူတို့ အကုန်လုံးအဆင့်ဆင့်ပေါ့ဗျာ။ ဌာနဆိုင်ရာဆိုတာက မြို့နယ်၊ မြို့နယ်ပြီးခရိုင်၊ ခရိုင်ကနေ တိုင်း၊ တိုင်းကနေ နေပြည်တော်ပေါ့။ အဲ့လိုမျိုး ဆင့်ကဲဆင့်ကဲတင်ရတာပေါ့”
ဒီကိစ္စနဲ့ ပတ်သက်လို့ သင်္ဃန်းကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိုက်ကို ဆက်သွယ် မေးမြန်းရာမှာတော့ အစည်းအဝေးရှိနေတဲ့အတွက် နောက်မှသာဆက်သွယ်ဖို့သာ ပြန်ဖြေခဲ့ပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်ထဲမှာရှိတဲ့ မြူးဇစ်ဇုန်ကေတီဗီ နဲ့ဆက်စပ်ပြီး ကိုဗစ်အတည်ပြုလူနာ ၉၀ ကျော်အထိ ရှိခဲ့တာပါ။