နည်းပညာဉာဏ်ကြီးရှင် အီလွန်မတ်စ်က ဖေ့ဘွတ်သခင် ဇူကာဘတ်ထက် ပိုချမ်းသာသွားပြီ
နည်းပညာဉာဏ်ကြီးရှင် အီလွန်မတ်စ်က ဖေ့ဘွတ်သခင် ဇူကာဘတ်ထက် ပိုချမ်းသာသွားပြီ
ဇူကာဘတ်ကို ကျော်တက်ပြီး အီလွန်မတ်စ်ဟာ ကမ္ဘာပေါ်မှာ တတိယ အချမ်းသာဆုံး လူပုဂ္ဂိုလ် ဖြစ်လာကြောင်း သိရပါတယ်။
ဘလွန်းဘတ် သတင်းဌာနက ကောက်ယူထားတဲ့ စစ်တမ်းမှာ မတ်စ်ရဲ့ ချမ်းသာ ကြွယ်ဝမှုက ဒေါ်လာ ၁၁၅ ဘီလီယံလောက် ရှိလာပြီလို့ ဖော်ပြထားပါတယ်။ အမေရိကန် စွန့်ဦးလုပ်ငန်းရှင် မတ်စ်ဟာ လျှပ်စစ်ကား ကုမ္ပဏီ တယ်စ်လာရဲ့ ရှယ်ယာတန်ဖိုး မြင့်တက်လာခြင်းနဲ့အတူ ချမ်းသာကြွယ်ဝမှုတွေ တိုးလာတာ ဖြစ်ပါတယ်။
သူဟာ တယ်စ်လာ အပြင် အာကာသ ခရီးစဉ် ဝန်ဆောင်မှု ကုမ္ပဏီ စပေ့အိတ်စ်နဲ့ ဟိုက်ပါလု၊ အိုးပင်းအေအိုင်တို့လို ကုမ္ပဏီတွေကိုလည်း ထူထောင်ထားပါတယ်။ သူဟာ ဖေ့ဘွတ် ကုမ္ပဏီ ထူထောင်သူ ဇူကာဘတ်ကို ကျော်တက်ပြီး လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး ၃ ဦး စာရင်းမှာ ပါဝင်လာတယ်လို့ ဆိုပါတယ်။
ဇူကာဘတ်ရဲ့ ကြွယ်ဝမှု အတိုင်းအတာက ဒေါ်လာ ၁၁၁ ဘီလီယံလောက် ရှိနေပါတယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ဂျက်ဖ်ဘဇော့စ်က ၂၀၂ ဘီလီယံနဲ့ ဦးဆောင်နေပြီး ဘီလ်ဂိတ်စ်ကတော့ ၁၂၅ ဘီလီယံနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
တယ်စ်လာ ကားကုမ္ပဏီဟာ ၂၀၂၀ ပြည့်နှစ်ထဲမှာ ရှယ်ယာတန်ဖိုး ၅၀၀ ရာခိုင်နှုန်းလောက် ထိုးတက်လာခဲ့ပြီး အခုဆိုရင် ဒေါ်လာ ၄၇၅ ဘီလီယံလောက် တန်ကြေး ရှိနေပါပြီ။ အသက် ၄၉ နှစ်အရွယ် မတ်စ်ခ်ဟာ တယ်စ်လာရဲ့ ရှယ်ယာ ၁၈ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားပြီး အခုနှစ်ထဲမှာ ဒေါ်လာ ၁၁.၇ ဘီလီယံလောက် ပိုင်ဆိုင်မှု တိုးပွားလာတယ်လို့လည်း သိရှိရပါတယ်။