ပိုင်ရှင်မဲ့ မြူးဇစ်ဇုန်ကေတီဗီကို တရားစွဲဖို့ မြို့နယ်ကိုဗစ် ထိန်းချုပ်ရေးကော်မတီ ဆုံးဖြတ်လိုက်ပြီ
ပိုင်ရှင်မဲ့ မြူးဇစ်ဇုန်ကေတီဗီကို တရားစွဲဖို့ မြို့နယ်ကိုဗစ်ထိန်းချုပ်ရေးကော်မတီ ဆုံးဖြတ်လိုက်ပြီ
လူပေါင်း(၁၀၀)နီးပါး ကိုဗစ်ကူးစက်ခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းက မြူးဇစ်ဇုန်ကေတီဗီ နဲ့ စားသောက်ဆိုင်ကို မြို့နယ်ကိုဗစ်ကော်မတီရဲ့ဆုံးဖြတ်ချက်နဲ့ တရားစွဲသွားမယ်လို့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်နဲ့ အုပ်ချုပ်ရေးမှူးဆီက သိရပါတယ်။
ကိုဗစ်ကာလမှာ တရားမဝင်ဖွင့်လှစ်ခဲ့တာကြောင့် တရားစွဲနိုင်ဖို့ မြို့နယ်ကိုဗစ်ကော်တီက စက်တင်ဘာလ(၁၂) ရက်မှာ အစည်းအဝေးလုပ်ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဇဝနရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီးတရားစွဲ သွားမယ်လို့ သိရပါတယ်။
“ဟုတ်ပါတယ်။ ကိုဗစ်ကော်မတီအစည်းအဝေးမှာ အဲဒီလိုလုပ်ဖို့ဆုံးဖြတ်ပါတယ်။ ဒီရက်ပိုင်းထဲ တရားစွဲဆို သွားမယ်။”လို့ မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။
တရားစွဲနိုင်ဖို့ မြို့နယ်အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့တို့က ပြင်ဆင်နေပြီး မြူးဇစ်ဇုန်ကေတီဗီကို ဘယ်သူပိုင်ဆိုင်လဲ ဆိုတာကို အတိအကျမသိရပေမဲ့ ဦးဇော်မင်းဆိုသူရဲ့ နာမည်နဲ့ ဖွင့်ထားတာလို့ သိရပါတယ်။
အဲဒီကေတီဗီကို လာရောက်သူတွေကတဆင့် ရောဂါဆင့်ပွား ကူးစက်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ (၁၂)ရက်အထိ အယောက်(၁၀၀)နီးပါးတွေ့ခဲ့တာပါ။
အခု သင်္ဃန်းကျွန်းမြို့နယ်မှာတော့ ကိုဗစ်ကူးစက်ခံရသူ အယောက် (၂၀၀)ကျော်ရှိလာပြီး ရန်ကုန်တိုင်းဒေသကြီး မှာ ကူးစက်မှုအများဆုံးမြို့နယ်ဖြစ်နေပါတယ်။