ဆိုင်ကလုန်းမုန်တိုင်း စစ်တွေမြို့ကို ဝင်ဖို့ သေချာပြီ၊ အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်
ဆိုင်ကလုန်းမုန်တိုင်း “ONE” (01B) ဖြစ်လာပြီး မုန်တိုင်းလမ်းကြောင်းလဲ စစ်တွေကို ဝင်မယ်ဆိုတာ သေချာသွားပြီဖြစ်ပါတယ်။
မုန်တိုင်းက စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၂၀၀ ခန့်အရောက် မေလ ၁၃ ရက် နေ့လည်ပိုင်းလောက်မှာ ရုတ်တရက်အားပိုကောင်းလာနိုင်တဲ့ အခြေအနေကိုတွေ့ရပါတယ်။ မုန်တိုင်းလမ်းကြောင်းကတော့ ပြောင်းလဲခြင်းမရှိ စစ်တွေမြို့ကို ဦးတည်ရွေ့လျားပြီး စစ်တွေမြို့အနီးမှာပဲ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ တွေ့ရပါတယ်။
“ကမ္ဘာ့သဘာဝဘေးဆိုင်ရာသတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ်” (Global Disaster Alert and Coordination SYSTEM) ကလဲ မြန်မာနိုင်ငံကို အမြင့်ဆုံးလေတိုက်နှုန်း ၁၆၇ ကီလိုမီတာ (တစ်နာရီ ၁၀၃.၇ မိုင်)ရှိ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်မဲ့အခြေအနေကြောင့် လူဦးရေ ၂ သန်းကို ထိခိုက်နိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက် “RED ALERT” ထုတ်ပြန်လိုက်ပါတယ်။
GDACS ရဲ့ ထုတ်ပြန်ချက်မှ –
ရခိုင်ပြည်နယ်မှ လူဦးရေ ၉၃၀,၀၀၀
ချင်းပြည်နယ်မှ လူဦးရေ ၂၁၀,၀၀၀
မကွေးတိုင်းမှ လူဦးရေ ၁၇၀,၀၀၀ နဲ့
စစ်ကိုင်းတိုင်းမှ လူဦးရေ ၄၄၀,၀၀၀ တို့ဟာ အန္တရာယ်ရှိတဲ့ လေပြင်းတိုက်ခိုက်ခြင်းကို ခံရနိုင်တယ်လို့လဲ ထုတ်ပြန်ထားပါတယ်။
အနည်းဆုံး တစ်နာရီ မိုင် ၄၀ အထိ လေပြင်းတိုက်ခိုက်မှုဒဏ်ကိုခံရနိုင်တဲ့ မြန်မာနိုင်ငံက လူဦးရေ စုစုပေါင်းကတော့ ၅.၄ သန်းအထိရှိကြောင်း၊ အဓိက ထိခိုက်ပျက်စီးနိုင်မဲ့ လေယာဉ်ကွင်းတွေကတော့ စစ်တွေ၊ ထီးလင်းနဲ့ ဂန့်ဂေါလေယာဉ်ကွင်းများဖြစ်ကြောင်းလဲ ထုတ်ပြန် သတိပေးထားပါတယ်။
မုန်တိုင်းဝင်ရောက်သွားမဲ့ လမ်းကြောင်းတစ်လျှောက်အတွက် အသေးစိတ်သတိပေးချက်တွေကို ထပ်ပြီး တင်ပြပေးသွားပါဦးမယ်။
“မုန်တိုင်းများကမ်းအနီးကပ်လာတဲ့အခါ ပင်လယ်ပြင်အပူချိန်၊ ကုန်းတွင်းက အပူချိန်တွေကြောင့် ရုတ်တရက်အားကောင်းလာခြင်း (Rapid Intensification – “RI”) ဆိုတာဖြစ်တတ်ကြောင်း အရင် post တွေမှာလဲ ပြောခဲ့ဘူးပါတယ်”
အထူးသတိထားရမဲ့အချက်တစ်ချက်ဖြစ်ပြီး မုန်တိုင်းကုန်းတွင်းဝင်နိုင်မယ်လို့ ခန့်မှန်းထားတဲ့ စစ်တွေမြို့ရဲ့ တောင်ဘက် သံတွဲမြို့အထိ၊ စစ်တွေမြို့ရဲ့ မြောက်ဘက် ဂွဆုံ၊ သပြေတော၊ ဘူးသီးတောင်၊ မောင်တော စတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက ကမ်းခြေမြို့များ/ရွာများမှ ပြည်သူများအနေနဲ့ မုန်တိုင်းဘေးလွတ်ရာကုန်းမြင့်ဒေသများဘက်ကို မေလ ၁၃ရက် မနက်ပိုင်းမတိုင်ခင်မှာ ရွှေ့ပြောင်းသင့်ကြောင်း အသိပေးလိုပါတယ်။
ဦးဝင်းနိုင် (မိုးလေဝသပညာရှင်)