မေလ (၁၂) ရက်နေ့မှာ မြန်မာနိုင်ငံကို ဝင်ရောက်မည့် မုန်တိုင်းလာပါပြီ (ကြိုတင်ပြင်ဆင်ထားကြပါ)

ECMWF Model runtime 04MAY0000Z နဲ့ 04MAY0600Z တို့အရ မေလ ၈ ရက်နေ့မှာဖြစ်လာမဲ့ လေဖိအားနည်းရပ်ဝန်းက မေလ ၁၁ ရက် ညနေပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်လာပြီး မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားကြောင်း၊ မေလ ၁၂ ရက် ညနေပိုင်းမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းကို ဖျာပုံနဲ့ ကွမ်းခြံကုန်းမြို့တောင်ဘက်ကမ်းရိုးတန်းအနီးက ကပ်ပြီးကုန်းတွင်းကို အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် ဝင်ရောက်နိုင်မယ်လို့ ကြိုတင်ခန့်မှန်းချက်ထွက်လာပါတယ်။

ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်ချိန်မှာ မုန်တိုင်းရဲ့အတွင်းစက်ဝန်းအချင်းက မိုင် ၈၀ ရှိတာတွေ့ရပြီး လေတိုက်နှုန်း (Wind Gust) တစ်နာရီ ၁၂၅ မိုင်ခန့်အထိရှိနေကြောင်းလဲ တွေ့ရပါတယ်။ မုန်တိုင်းဗဟိုအနီးမှာ လှိုင်းအမြင့် ၂၇ ပေခန့်အထိ ရှိနေပြီး၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ ရန်ကုန်မြစ်ကဲ့သို့ ပင်လယ်ထွက်ပေါက်ရှိမဲ့ မြစ်ချောင်းများအတွင်း မုန်တိုင်းဒီရေ ၁၀ ပေနှင့်အထက် ၁၅ ပေခန့်အထိ တက်လာနိုင်ကြောင်းလဲ တွေ့ရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဟာ သံလျှင်မြို့ပေါ်က ဖြတ်ပြီး ခရမ်း၊ သုံးခွ၊ ကဇင်း၊ အင်းတကော်၊ ပဲခူး၊ ဝေါ၊ ဒိုက်ဦး၊ ညောင်လေးပင်မြို့ပေါ်က ကုန်းတွင်းမုန်တိုင်းအဆင့်နဲ့ ဆက်လက်ဖြတ်သန်းပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ဟိုမိန်းနဲ့ မုံးထ ဒေသအထိရောက်ရှိနိုင်ကြောင်းလဲ တွေ့ရပါတယ်။

အခု ECMWF Model ရဲ့ ကြိုတင်ခန့်မှန်းချက်အရ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသအချို့၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဒေသတော်တော်များများမှာ မိုးသည်းထန်နိုင်မဲ့ အခြေအနေတွေ ဖြစ်ပေါ်နိုင်ပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဒေသတွေကိုတော့ မုန်တိုင်းအရှိန်သက်ရောက်နိုင်မှာမဟုတ်ဘူးလို့ တွေ့ရပါတယ်။

အခုတင်ပြခဲ့တဲ့ ကြိုတင်ခန့်မှန်းချက်များဟာ ဒီနေ့ရရှိတဲ့ ECMWF Model မှ နေ့လည် ၁၂:၀၀ နာရီမှာ ထုတ်ပြန်လိုက်တဲ့ အချက်အလက်များအပေါ်မှာ သုံးသပ်ခန့်မှန်းပေးတာဖြစ်ပြီး၊ လေဖိအားနည်းရပ်ဝန်းက အမှန်တကယ်ဖြစ်ပေါ်နေခြင်းမရှိသေးပါ။ ဆက်လက်စောင့်ကြည့်ပြီး မုန်တိုင်းဖြစ်လာမဲ့ အခြေအနေ၊ ဦးတည်ရွေ့လျားနိုင်မဲ့ လမ်းကြောင်းနဲ့ မုန်တိုင်းရဲ့ ပြင်းအားတို့ ပြောင်းလဲ ဖြစ်ပေါ်လာနိုင်ချေကို တင်ပြပေးသွားပါဦးမယ်။

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ မုန်တိုင်းညာဘက်က မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ အခုခန့်မှန်းချက်အရ မိုးအလွန်သည်းထန်ပြီး လေပြင်း တစ်နာရီ မိုင် ၇၀ အထိတိုက်နိုင်ပါတယ်။ ကြိုတင်ခန့်မှန်းချက်ဖြစ်လို့ ပြင်ဆင်သင့်တာ ပြင်ဆင်နိုင်အောင် တင်ပေးတာဖြစ်ပါတယ်။ အခု မုန်တိုင်းအရွယ်အစား၊ ပြင်းအားတွေကြောင့် မုန်တိုင်းဒဏ်ခံရတာကလဲ ပြင်းထန်ပါမယ်။ နောက်နေ့ခန့်မှန်းချက်တွေနဲ့ တကယ်ဖြစ်လာမဲ့ မေလ ၁၀ ရက်မှ ၁၃ ရက်အတွင်း ပြောင်းလဲတာတွေဖြစ်ပါစေလို့ ဆုတောင်းရုံပဲ ရှိပါမယ်။

ဦးဝင်းနိုင် (မိုးလေဝသ ပညာရှင်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page