ကိုဗစ်ကာလအတွင်း ခိုးဖွင့်ခဲ့တဲ့ ကေတီဗီမှ ဝန်ထမ်းများနဲ့ ဆိုင်လာဖောက်သည်များကို ထောင် ၁ နှစ်ခွဲ ချမှတ်

ကိုဗစ်ကာလအတွင်း ခိုးဖွင့်ခဲ့တဲ့ ကေတီဗီမှ ဝန်ထမ်းများနဲ့ ဆိုင်လာဖောက်သည်များကို ထောင် ၁ နှစ်ခွဲ ချမှတ်

ကိုဗစ်ကပ်ရောဂါကာလမှာ ဖွင့်ထားတဲ့ ကေတီဗီဆိုင်က ဆိုင်ဝန်ထမ်းတွေနဲ့ ကေတီဗီကိုသွားရောက်ပြီး သီချင်းဆိုသူအချို့ကို မနေ့အောက်တိုဘာ ၈ ရက် ညနေပိုင်းက မုံရွာမြို့နယ်တရားရုံးကနေ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်ခွဲ အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

မုံရွာ (အလုံ သုံးထောင့်ချွန်း) လမ်းဆုံအနီးမှာ တရားမဝင်ဖွင့်နေတဲ့ ရိမ်းဘိုးကေတီဗီဆိုင်ကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီးရာမှာ ကေတီဗီအခန်းအတွင်း သီချင်းဆိုနေတဲ့ ဧည့်သည် အမျိုးသား ၃ ယောက်နဲ့ ဆိုင်ဝန်ထမ်း အမျိုးသမီး ၄ ယောက် သီချင်းဆိုနေတာကို တွေ့ရတဲ့အတွက် ဖမ်းဆီးအရေးယူပြီး အမှုဖွင့်တိုင်တန်းခဲ့တာဖြစ်ပါတယ်။

“အဲ့ဒီအမှုကို အလုံရဲကင်းစခန်းမှူး ဒုရဲအုပ် မိုးမင်းထွန်းက အမှုစစ်တယ် ၊ ရဲစွဲချက်အမှတ် ၇၇၆/၂၀၂၀ နဲ့ တရားစွဲတယ် ၊ တရားရုံးက ရာဇသတ်ကြီး အမှု အမှတ် ၂၀၅၅/၂၀၂၀အရ အောက်တိုဘာ ၇ ရက်နေ့က အမှုတွဲလက်ခံပြီး ကြားနာစစ်ဆေးတယ် ၊ နောက်တစ်နေ့ အောက်တိုဘာ ၈ ရက်မှာ မြို့နယ်တရားသူကြီး ဒေါ်စုနန္ဒာစိုးက ဥပဒေပုဒ်မ-၂၅ အရ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ် ၆ လ ကျခံဖို့ အမိန့်ချခဲ့တာဖြစ်တယ်”လို့ တရားစွဲဆိုရေးမှာပါဝင်တဲ့ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

ရန်ကုန်မြို့က မြူးဇစ်ဇုန်ကေတီဗီနဲ့ စားသောက်ဆိုင်မှာ ကိုဗစ်ပိုးတွေ့လူနာတွေ များပြားလာတဲ့အတွက် ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာကို တရားစွဲဆိုထားတဲ့ ဖြစ်စဥ်လည်း ရှိနေပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွေအရ စက်တင်ဘာ ၁ ရက်နေ့ကစလို့ နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာ တားမြစ်အမိန့်ကိုကျော်လွန်ပြီး လုပ်ကိုင်နေတဲ့ ကေတီဗီ ၊ ဘား၊ အနှိပ်ခန်းတွေ အပြင် ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတဲ့ အိမ် ၂ အိမ် အပါအဝင် အမှုပေါင်း ( ၈၅၆ )မှု ၊ ကျူးလွန်သူ အမျိုးသားပေါင်း (၁၆၂၆ )ယောက် ၊ အမျိုးသမီး (၈၂) ယောက်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page