ဆရာအော်ပီကျယ် ရေးတဲ့ “အမေနဲ့ ဘွဲ့”

အမေနဲ့ ဘွဲ့

ညီလေးပါရဂူဘွဲ့ယူအပြီး ဆိုင်မှာသွားရိုက်တဲ့ ဒီဓာတ်ပုံလေးထဲက အမေ့အပြုံးကိုမြင်တော့ သတိရတယ်။ အမေက ပါရဂူတွေ၊ မဟာဘွဲ့တွေ နားမလည်ဘူး။ ဟားဗတ်တွေ၊ အေအိုင်တီတွေ စိတ်မဝင်စားဘူး။ ပုခုံးပေါ်က အပြားကြီးတွေ၊ အရောင်တွေ မသိဘူး။ သူ့သားသမီး၊ မြေးတွေ အဲဒီဝတ်ရုံကြီးခြုံရင် ပညာတတ်ကြီး ဖြစ်ပြီလို့ပဲ တွေးပြီး ပျော်တာ။

မြေးတွေ ဘွဲ့ရတော့လည်း အမေ တခုတ်တရတောင်းတာ ဘွဲ့ဓာတ်ပုံပဲ။ ရတာနဲ့ သူ့ခုတင်ဘေးမှာ ချိတ်ထားတာ။ ဂျာနယ်စာစောင်တွေထဲမှာ သူ့မြေးတွေ သတင်းပါရင်လည်း ကပ်ကြေးနဲ့ညှပ်ပြီး ကပ်ထားတယ်။ လာတဲ့ဧည့်သည်တွေကိုလည်း ပြပြီးကြွားသေးတယ်။ သူဂုဏ်ယူတာဆိုလို့ ဒါပဲရှိတာ။

အမေက ပညာတတ်မဟုတ်ပေမယ့် ပညာကို သိပ်အားပေးတယ်။ မနက်မိုးလင်းလို့ စာမကျက်ရင်၊ စာကျက်ရင်း အသံတိတ်သွားရင် အမေ့ရဲ့စူးရဲတဲ့အကြည့် ရောက်လာတယ်။ အကိုနဲ့ ညီက ပညာမှာ တည်ငြိမ်ပေမယ့် အော်ပီကျယ်ကြီးကတော့ လှိုင်းလို နိမ့်လိုက်၊ မြင့်လိုက်။ ပညာအရည်အချင်းမှတ်တမ်းကို အဖေက လက်မှတ်ထိုးပေမယ့်၊ စစ်ဆေးသူက အမေ။ အဆင့်ကျလို့ကတော့ ဘုတ်လိုကောင်လို့ အဆူခံရတယ်။ ကျွန်တော်တို့အညာမှာ ဘုတ်ကောင်လေးတွေက သူတို့တွင်းထဲကို နောက်ပြန်ဝင်သွားတတ်လို့။ ကျွန်တော်တို့ ဝတ္ထု၊ ကာတွန်းစာအုပ်တွေ ဖတ်နေရင်တော့ အမေက မဆူတဲ့အပြင်၊ ခေါ်မခိုင်းဘူး။

ဘွဲ့ရပြီးတော့ နယ်မှာ အင်ဂျင်နီယာအလုပ်ဝင်၊ အိမ်ထောင်ကျ၊ ၈၈ မှာ အလုပ်ပြုတ်။ အမေခေါ်လို့ မန္တလေးကို မိန်းမတစ်ယောက်၊ ကလေးတစ်ယောက်နဲ့ ပြန်ရောက်လာခဲ့တယ်။ တစ်ရက်တော့ သားဘွဲ့ဓာတ်ပုံ အမေ့ကို ပေးဦးလေလို့ တောင်းရှာတယ်။ ကျန်မောင်နှမသုံးယောက်ရဲ့ ဘွဲ့ဓာတ်ပုံက အိမ်မှာ ချိတ်ထားပြီ။ ကျွန်တော့်တစ်ပုံပဲ လိုနေတာ။

ဘွဲ့လည်း တက်မယူဖြစ်ဘူး၊ ဘွဲ့ဓာတ်ပုံလည်း မရိုက်ဖြစ်ဘူး အမေလို့ ပြောလိုက်တော့ မျက်နှာမကောင်းရှာဘူး။ အဖေဆုံးသွားပြီး ပညာတန်းလန်းနဲ့ကျန်ခဲ့တဲ့ သားသုံးယောက်ကို အမေ့ပုခုံးတစ်ဖက်တည်းနဲ့ ဘွဲ့ရအောင် ထမ်းခဲ့တယ်။ ရတဲ့ဘွဲ့နဲ့ အမေ့ကို
ပြန်လုပ်ကျွေးဦးလို့လည်း တစ်ခါမှ မတောင်းဆိုဖူးဘူး။ သူတောင်းဆိုတာဆိုလို့ ဘွဲ့ဓာတ်ပုံလေးတွေပဲ ရှိတာ။

ဒါနဲ့ ဘွဲ့ရပြီး (၈)နှစ်လောက်အကြာ၊ အလုပ်ပြုတ်သွားပြီး၊ ကလေးတစ်ယောက်အဖေဖြစ်ပြီး၊ လောကဓံအထုအထောင်းကြောင့် အိုစာသွားတဲ့ ရုပ်ကြီးနဲ့ မန္တလေးလမ်း(၈၀)က ဓာတ်ပုံဆိုင်တစ်ဆိုင်မှာ ဘွဲ့ဓာတ်ပုံသွားရိုက်ပြီး အမေ့ကို ပေးခဲ့ရတယ်။ အမေက ဓာတ်ပုံလေးကြည့်ပြီး ပြုံးလို့။

၂၀၂၀၊ နိုဝင်ဘာ ၂၀ရက်နေ့က ကွယ်လွန်သွားသော မေမေဒေါ်ခင်အေး (၉၇)နှစ်ရဲ့ ကြီးမားလှစွာသော ကျေးဇူးများကိုအောက်မေ့ရင်း သားကန်တော့လိုက်ပါတယ်အမေ။

သားလတ် အော်ပီကျယ်
၂၀၂၀၊ နိုဝင်ဘာ ၂၃ရက် ၊ နံနက် ၈နာရီ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page