တောင်တရုတ်ပင်လယ်က မုန်တိုင်းအရှိန်ကြောင့် အညာဒေသ မိုးရမည်

တောင်တရုတ်ပင်လယ်က မုန်တိုင်းအရှိန်ကြောင့် အညာဒေသ မိုးရမည်

ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းငယ်ဟာ အိန္ဒိယကိုဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးတဲ့အချိန် တောင်တရုတ်ပင်လယ်ပြင်မှာလည်း အောက်တိုဘာ ၁၂ ရက် နေ့လည်ပိုင်းက ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း နန်ကာ(Nangka) ကတော့ အနောက်ဘက်ကို ရွေ့လျားလျက်ရှိတယ်လို့ မိုးဇလက ဆိုပါတယ်။

နန်ကာရဲ့ အကြွင်းအကျန် တိမ်တိုက်တွေကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဘက်မှာ အောက်တိုဘာ ၁၅ ကနေ ၁၈ ရက်အတွင်း မိုးအနည်းငယ်ရရှိနိုင်ပြီး တောင်ပိုင်းဒေသဘက်မှာတော့ မိုးဆက်လက်ပိုနေမယ်လို့ မိုးဇလညွှန်ချုပ် ဒေါက်တာကျော်မိုးဦးက ခန့်မှန်းထားပါတယ်။

အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ အတွင်းရေးမှူးနဲ့ မိုးလေဝသပညာရှင် ဦးချစ်ကျော်ကတော့ အပူပိုင်းမုန်တိုင်း နန်ကာရဲ့ အရှိန်ကြောင့် ရှမ်း ၊ကယားနဲ့ ကရင်ဘက်မှာ မိုးရနိုင်ပြီး အောက်ဘက်ကို ဆင်းလာပါက ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ပြန်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီရဲ့အကြွင်းအကျန်က တကယ်လို့များ ထိုင်းပင်လယ်ကွေ့ကို ဆင်းလာတဲ့ အခါ ထိုင်းပင်လယ်ကွေ့ကနေပြီးတော့ မုတ္တမကွေ့ထဲကို ဝင်လာရင် ရာသီဥတုပြန်ဆိုးလာနိုင်တယ်လို့ ဦးချစ်ကျော်က ပြောပါတယ်။

မွန်ပြည်နယ်မှာ မိုးကြီးနိုင်လို့ မြေပြိုတာ လျှပ်တစ်ပျက်ရေကြီးတာ ဂရုစိုက်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။ လာမယ့် ရက်သတ္တပတ်အတွင်း ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်ပြင်တို့မှာ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းတွေ ဖြစ်ပေါ်နိုင်ပြီး အဲ့ဒီရဲ့အရှိန်ကြောင့် အလယ်ပိုင်းဒေသ အပါအဝင် တနိုင်ငံလုံးမှာ အောက်တိုဘာ ၁၆ ကနေ ၂၁ ရက်နေ့အထိ အခါလွန်မိုးရွာဖို့ရှိနေတယ်လို့ မိုးဇလက ဦးလှထွန်းကလည်း ခန့်မှန်းထားပါတယ်။

မိုးဇလရဲ့ အောက်တိုဘာလ ဒုတိယပတ် ခန့်မှန်းချက်မှာလည်း ဘင်္ဂလာားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page