စာအုပ် တအုပ်ကြောင့် ဘဝ ပြောင်းသွားတဲ့ လူငယ်တဦး (လူငယ်တွေ ကိုယ်ပိုင်ဝင်ငွေရှိတာ ဝမ်းသာစရာပါ)

စာအုပ် တအုပ်ကြောင့် ဘဝ ပြောင်းသွားတဲ့ လူငယ်တဦး (လူငယ်တွေ ကိုယ်ပိုင်ဝင်ငွေရှိတာ ဝမ်းသာစရာပါ)

လွန်ခဲ့တဲ့၂နှစ်ကျော်လောက်က ယုဇနပလာဇာဘက်က လမ်းဘေးလက်ဖက်ရည်ဆိုင်က စားပွဲထိုးလေး ကိုယ့်ကိုလာပြောဖူးတယ်။

“ကျနော် ဒီဆိုင်မှာမနေတော့ဘူး အလုပ်ထွက်တော့မယ်” ဆိုပြီး လာတိုင်ပင်ဖူးတယ်။ ကိုယ်ကလည်း “မအေးမေ”ဆေးပေါ့လိပ် တစ်လိပ်ကို မီးညှိလိုက်ပြီး “ရော့ ဒီစာအုပ်ဖတ်” ဆိုပြီး မင်းမြတ်သူရဝတ္ထုတစ်အုပ်ပေးဖတ်လိုက်တယ်။

နောက်တစ်ရက်ရောက်တော့ “အကိုပေးတဲ့ စာအုပ်က ကောင်းတယ်ဗျာ ကျနော် အားတွေရှိသွားပြီ မနက်ဖြန်အလုပ်ထွက်တော့မယ် ဒါပေမယ့် ဘယ်ကစလုပ်ရမှန်းမသိဘူး” လို့လာပြောတယ်။ ကိုယ်ကလည်း ကာကာဆိုင်က ခပ်ညံ့ညံ့ဂျုံနဲ့ လုပ်ထားတဲ့ သကြားပလာတာကို ကောက်ဝါးလိုက်ရင်း “မင်းမနက်ဖြန် ကာကီဘောင်းဘီဝတ်” “ဗျာ ကာကီ ဘောင်းဘီမရှိဘူးဗျ ကျနော့်မှာ” “အေး ကာကီဘောင်းဘီမရှိရင် ဂျေဂျေဘောင်းဘီဝတ်” “ဟုတ် ပြီးတော့ရော”

“ယုဇနပလာဇာထိပ်ကနေ တွေ့ရာလိုင်းကားစီး ဂိတ်ဆုံးထိလိုက် ဂိတ်ဆုံးတာနဲ့ အဲ့မှာဆင်းတော့ အဲ့မှာ မင်းဘဝ စ,ပြီ” စားပွဲထိုးကလေးရဲ့မျက်နှာမှာ ပီတိတွေဖြာလို့ … ။

“အကို စာအုပ်တွေထဲကလို ပညာရှိအဘိုးကြီးတွေက တကယ်ရှိလားဟင်” ကျနော်က နှုတ်ခမ်းလေးကွေးရုံမျှပြုံးလိုက်ပြီး “မင်းသိလာမှာပေါ့ကွာ” ဆိုပြီး သူ့ပုခုံးကိုကိုင် အားပေးပြီး ထွက်လာခဲ့ပါတယ်။

နောက်ရက်က စပြီး အဲ့ဒီစားပွဲထိုးလေးကို မတွေ့တော့ပါဘူး။ ဘယ်ဘဝရောက်သွားမှန်းလဲ မသိဘူး။ ကြာခဲ့ပါပြီ။ ဟိုးတရက်က သူ့ဆိုင်ရှင် ကာကာမာမူနဲ့တွေ့လို့ မေးကြည့်တော့ ဒလဘက်မှာ တောင်းစားနေတယ်ဆိုလား ဘာဆိုလား … ။ ဘာပဲဖြစ်ဖြစ် လူငယ်တွေအတွက် ဝမ်းသာခြင်း ဖြစ်မိပါတယ်။ ကိုယ့်ဝင်ငွေ ကိုယ့်အလုပ်အကိုင်လေးနဲ့ အတည်တကျဖြစ်သွားလို့…

Zaw Myo Hlaing

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page