“အစီအစဉ်အရ” – ဆရာမင်းလူ ထောင်ကျခဲ့ရသော ဝတ္ထုတိုများထဲမှ တစ်ပုဒ်

အစီအစဉ်အရ – မင်းလူ

သူတို့ဌာနခွဲမှာ ကျင်းပသော အစည်းအဝေးဆိုလျှင် တခြားဌာနခွဲတွေက စိတ်ဝင်စားကြသည်။ အစည်းအဝေးများကို ဌာနခွဲတစ်ခုစီမှာ အလှည့်ကျ ကျင်းပခဲ့တာ ထုံးစံဖြစ်နေပြီ။ ဒီနေ့ ဌာနခွဲ ၃ မှာ ကျင်းပမည် ဖြစ်၏။ ဌာနခွဲ ၃ သည် ဆိတ်ငြိမ်သော ဝင်းတစ်ခုထဲတွင် ရှိသည်။ အဆောက်အအုံက အသစ်မဟုတ်သော်လည်း ခန့်ညားလှပသည်။ အစည်းအဝေးခန်းက ကျယ်ဝန်းပြီး အလင်းရောင်၊ လေဝင်လေထွက် ကောင်းးသည်။

ရုံးရှေ့ရှိ ပန်းခြံကို လှမ်းမြင်နေရသည်။ ညီညာစွာ ရိတ်ထားသော မြက်ခင်းပြင်၊ လှပသော ရောင်စုံပန်းမျိုးစုံတို့ဖြင့် မျက်စိပသာဒဖြစ်အောင် ဂရုတစိုက် ပြုစုထားသော ပန်းခြံဖြစ်၏။ အခန်းထဲရှိ ကျွန်းသား စားပွဲရှည်ကြီးသည် ကြိမ်ဖန်များစွာ အရောင်ပြန်တင်ခဲ့ရသဖြင့် အညိုရင့်ရောင် ဖြစ်နေပြီ။ သို့ရာတွင် ပြောင်လက်တောက်ပဆဲ ရှိ၏။ ကုလားထိုင်တွေက ခေတ်ဟောင်းပုံ ဖြစ်သော်လည်း ထိုင်ရတာ သက်တောင့်သက်သာ ရှိသည်။ အခန်းနံရံကို အပြာနုရောင် သုတ်ထားသည်။ ဆေးအသစ် ပြန်သုတ်ထားတာ မကြာလှသေးချေ။ ထို့ကြောင့် ဒီအခန်းမှာ အစည်းအဝေး ထိုင်ရလျှင် စိတ်တက်ကြွ လန်းဆန်းမှုဖြင့် ပြည့်စုံစေသည်။ ဌာနခွဲ ၃ ၏ ထူးခြားမှုက ဧည့်ခံကျွေးမွေးရေး အစီအစဉ်ဖြစ်၏။

တစ်ခြားဌာနခွဲတွေလို ထုံးစံမို့ တာဝန်ကျေဖြစ်ရုံ မဟုတ်။ တချို့ဌာနခွဲက ကောင်းကောင်းတော့ကျွေးသည်။ သို့ရာတွင် ဆိုင်တစ်ဆိုင်က သွားဝယ်ပြီး ကျွေးခြင်းသာဖြစ်၏။ နီးစပ်ရာ၊ အလျဉ်းသင့်ရာက မှာသောကြောင့် ကောင်းချင်မှ ကောင်းသည်။ တချို့ဌာနခွဲကျတော့ ပုံသေ လက်ဖက်ရည်နှင့် ပလိန်းကိတ်၊ အဆော့တစ်ကိတ်၊ ဆွစ်ရိုး၊ တစ်ခါလာလည်း ဒါ၊ နောက်တစ်ခါလည်း ဒါပဲ။ ဌာနခွဲ ၃ ကတော့ သေသေချာချာ ကျကျနန စီစဉ်ဧည့်ခံတတ်သည်။ တစ်ခါနှင့်တစ်ခါ မထပ်စေရအောင် သတိထား၍ ကျွေးမွေးတတ်၏။ ထို့ကြောင့်လည်း သူတို့ဆီမှာ အစည်းအဝေးလုပ်လျှင် စိတ်ဝင်စားကြခြင်းပင်။ ဒီနေ့ ဘာကျွေးမလဲဆိုသော ကိစ္စကပင် ပဟေဠိတစ်ခု စU်းစားနေသလို ပျော်စရာ ကောင်းလေသည်။ ဤသို့ စနစ်တကျ စီစU်ရခြင်းမှာ ဌာနခွဲမှူး၏ ဝါသနာကြောင့် ဖြစ်၏။ ယင်းဝါသနာကို အစွမ်းကုန် ဖြည့်ဆည်းပေးသူက လက်စွဲတော် ကိုချစ်မွှေးပင် ဖြစ်လေ၏။

သူသည် ဌာနခွဲမှူး ရောက်လာစဉ်က ရုံးအကူကလေးမျှသာ ဖြစ်၏။ သွက်လက်ချက်ချာပြီး အလိုက်သိတတ်သောကြောင့် ဌာနခွဲမှူးက သဘောကျပြီး လက်ရင်းတပည့်အဖြစ် သဘောထားခြင်း ခံရသည်။ ခုဆိုလျှင် စာရေးဝန်ထမ်း အဆင့် ၁ ဖြစ်နေပြီ။ လက်ထောက်စိတ်မှူး စာမေးပွဲ ဖြေထားပြီးပြီ။ ပညာအရည်အချင်း သိပ်မရှိသော်လည်း လုပ်သက်ရင့်ခြင်း၊ လုပ်ငန်းကျွမ်းကျင်ခြင်းတို့ကြောင့် သူပင် ရဖို့များ၏။

ဌာနခွဲမှူးသည် အလွန်စနစ်ကျသူ ဖြစ်၏။ ဘယ်အရာမဆို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းမှ ကြိုက်သည်။ ရုံးသူရုံးသားများကလည်း သူတို့ဆရာ အကြိုက်ကိုလိုက်၍ သေသေသပ်သပ် လုပ်ကိုင်ဆောင်ရွက်ကြသည်။ ထို့ကြောင့် သူတို့ဌာနခွဲသည် စံပြလို ဖြစ်နေ၏။

လူတစ်ကိုယ် ဝါသနာတစ်မျိုးစီ ရှိကြသည်။ အရာရှိတချို့က ဂေါက်သီး၊ တချို့က တင်းနစ်၊ တချို့က ဘီယာ၊ တချို့က…. စသည်ဖြင့် ရှိကြရာ ဒီဌာနမှူး၏ ဝါသနာက အချက်အပြုတ် အကြော်အလှော် ဖြစ်၏။ ရုံးပိတ်ရက်များဆိုလျှင် သူကိုယ်တိုင် ဈေးသွား၊ စားချင်တာတွေ ဝယ်ပြီး ကိုယ်တိုင်စိတ်တိုင်းကျ ချက်ပြုတ်စားသောက်တတ်၏။ ဌာနခွဲမှူးက ကိုချစ်မွှေးကို သဘောကျခြင်းမှာ ဝါသနာချင်း တူသောကြောင့်လည်း ဖြစ်၏။ သူကတောင် နည်းနည်းပိုပြီး လုပ်တတ်ကိုင်တတ်သေးသည်။ သူတို့ ဆရာတပည့် နှစ်ယောက်၏ ဝါသနာတွေပေါင်းပြီး အစည်းအဝေးကျလျှင် လက်စွမ်းပြကြခြင်း ဖြစ်၏။ ဌာနမှူး၏ တွက်ကိန်းကလည်း မဆိုးလှချေ။ ဆိုင်က မှာတာထက် ကိုယ့်ဘာသာကိုယ် လုပ်တာက အကုန်အကျ သက်သာသည့်အပြင် ပျော်စရာလည်းကောင်းသည်။ ပိုပြီးတော့လည်း ကောင်းကောင်းမွန်မွန် စားရသည်။

ထို့ကြောင့် အစည်းအဝေး နီးပြီဆိုလျှင် ဆရာတပည့်နှစ်ယောက် ဘာကျွေးလျှင်ကောင်းမလဲ တိုင်ပင်ကြသည်။ ပြည်ပလာတာ၊ ရွှေတောင်ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ၊ ရှမ်းထမင်းချဉ် စသည်ဖြင့်။ ပြီးတော့ အစည်းအဝေး မစခင် ကျွေးလျှင်ကောင်းမလား၊ ပြီးမှကျွေးလျှင် ကောင်းမလား ဆွေးနွေးခဲ့ကြဖူးသည်။ ကိုချစ်မွှေးက.. “အစည်းအဝေးပြီးမှ ကျွေးတာ ကောင်းမယ်ထင်တယ် ဆရာ၊ ဒါမှ ဆာနေတော့ အစည်းအဝေး မြန်မြန်ပြီးအောင် ပြဿနာ သိပ်မရှာဘဲ နေကြမှာ”

ဌာနခွဲမှူးကတော့.. “မဟုတ်သေးဘူး မောင်ချစ်မွှေးရဲ့၊ လူဟာ ဆာလောင်နေတဲ့အခါ စိတ်တိုတတ်တယ်၊ အစားအသောက် ကောင်းကောင်းလေး စားပြီးတဲ့အခါကျရင်တော့ ရွှင်လန်းလာတတ်တယ်၊ အဲ ဗိုက်ပြည့်လာပြန်တော့လည်း အေးအေးဆေးဆေး နားနားနေနေ နေချင်လာပြန်ရော၊ အစည်းအဝေးမစခင် ကျွေးတာ ပိုကောင်းပါတယ်”

“ဟုတ်တယ်ဆရာ၊ အဲဒါ ပိုဖြစ်နိုင်တယ်”

ဒီနေ့အစည်းအဝေးသည် သိပ်အခြေအတင် ဖြစ်စရာ အကြောင်းမရှိ။ ဌာနခွဲအသီးသီးရှိ အသုံးမလိုသော ပစ္စည်းများကို လေလံတင်ရန် ကိစ္စသာဖြစ်၏။ ဌာနခွဲအလိုက် သက်ဆိုင်ရာပစ္စည်းများ တင်ပြရန်နှင့် ကြမ်းခင်းဈေးနှုန်း ညှိနှိုင်းဆုံးဖြတ်ကြရန်မျှသာ။ အစည်းအဝေးက နေ့လယ်တစ်နာရီတိတိမှာ စမည်ဖြစ်၏။ ဆယ့်နှစ်နာရီ လေးဆယ့်ငါးလောက်တွင် လူစုံသလောက်ရှိပြီး ဌာနခွဲ ၄ မှ ဌာနခွဲမှူး တစ်ယောက်သာ လိုတော့သည်။

ဌာနခွဲ ၄ ခွဲမှူးသည် အမျိုးသမီး ဖြစ်၏။ အမျိုးသမီးခွဲမှူး နှစ်ယောက်အနက် တစ်ယောက်ဖြစ်သည်။ အသက် သိပ်မကြီးလှသေး။ လေးဆယ်ဝန်းကျင်သာ ရှိမည်။ အပျိုကြီးဟု ဆို၏။ အစည်းအဝေးကိုတော့ အမြဲ နောက်ကျမှ လာလေ့ရှိ၏။

“ရုံးမှာ အလုပ်က သိပ်များတာ၊ လာခါနီး ပြီးသလောက် ကျုံးလုပ်ခဲ့ရတယ်၊ ကျွန်မက အလုပ်ကြွေးတင်မှာ သိပ်ကြောက်တာ” ဟု ပြောတတ်သည်။ သို့ရာတွင် ဆယ့်တစ်နာရီခွဲလောက် ကတည်းက သူ့ရုံးက ထွက်လာတတ်ကြောင်း အားလုံးသိပြီးသား။ အမျိုးသမီးခွဲမှူး နောက်တစ်ယောက်ကတော့ ဌာနခွဲ ၂ မှ ဖြစ်၏။ အသက်ကြီးပြီး အငြိမ်းစားယူဖို့ သုံးလေးနှစ်သာ လိုတော့သည်။ သဘောကောင်းသည်။ ပျော်တတ်သည်။ ရုံးသူရုံးသားများနှင့်ရောရောနှောနှော နေတတ်သည်။ ဌာနခွဲ ၅ ခွဲမှူးက အစားကောင်း ကြိုက်တတ်သည်။ အလုပ်ကိုလည်း ကြိုးကြိုးစားစား လုပ်တတ်သည်။

ခုလည်း.. “ဒီနေ့ ဘာကျွေးမှာလဲဗျ” ဟု ၃ ခွဲမှူးကို မေးသည်။ “ဖြည်းဖြည်းပေါ့ဗျာ၊ လာတော့ သိရမှာပေါ့” “ခင်ဗျားကလည်း တန်ဖိုးရှိအောင် ပဟေဠိ လုပ်နေပြန်ပြီ” ၁ ဌာနခွဲမှူးက နာရီကို ကြည့်ပြီး.. “တစ်နာရီ ထိုးပြီဗျို့၊ ဒေါ်စမူဆာလည်း မလာသေးပါလား” အားလုံး ရယ်ကြသည်။

၄ ခွဲမှူး အမျိုးသမီးသည် ဇီဇာကြောင်သည်။ ကတ်သီးကတ်သတ် ပြဿနာလုပ်တတ်သည်။ ကပ်စေးလည်း နည်းသည်။ သူ့ငွေသာမက သူ့ဌာနပိုင် ငွေကိုတောင် စစ်စစ်စီစီ ကပ်တတ်၏။ သူ့ဌာနခွဲမှာ အစည်းအဝေးလုပ်သည့် အလှည့်ဆိုလျှင် သုံးမတ်တန် စမူဆာနှင့်သက်သာဆိုင်မှ လက်ဖက်ရည်နှင့်သာ အမြဲ ဧည့်ခံလေ့ရှိသည်။ ထို့ကြောင့် သူ့ကို ကွယ်ရာတွင်ဒေါ်စမူဆာဟု ခေါ်ကြခြင်းဖြစ်၏။ အားလုံးထဲတွင် ဌာနခွဲ ၁ ခွဲမှူးသည် လုပ်သက်အရင့်ဆုံး၊ လုပ်ငန်းအကျမွ ်းကျင်ဆုံး၊ သဘောအကောင်းဆုံး၊ အရိုးသားဆုံး ဖြစ်သဖြင့် အားလုံးက လေးစားကြသည်။

ကိုချစ်မွှေးကတော့ ခွဲမှူးကို လေးစားသော်လည်း သူ့တပည့် ကိုဘသိန်းကို ကြည့်လို့မရချေ။ ခွဲမှူးက စိတ်သဘောထား ပြည့်ဝသလောက် ကိုဘသိန်းက လူလည်ကျတတ်သည်။ ရုပ်ကိုကလည်း အမြင်ကပ်စရာ။ ခေါင်းတုံးဆံတောက်နှင့် အသားမည်းမည်း သွားကျဲကျဲ ဆိုတာမျိုးဖြစ်၏။ အခွင့်အရေးလည်း သိပ်ယူတတ်သည်။ ခွဲမှူးကို မှီပြီး စားနေတာဟု ကိုချစ်မွှေးက မြင်သည်။ မှန်သည်။ မှန်၏။

အမြဲလိုလို အစည်းအဝေး ပြီးခါနီးလျှင် ကိုချစ်မွှေးကို ကပ်၍.. “ကောင်းလိုက်တဲ့ မလေးရှားခေါက်ဆွဲဗျာ၊ ဆိုင်မှာ စားရတာနဲ့ တခြားစီပဲ၊ အစားကောင်း စားရတဲ့အခါ အချစ်ဆုံးသူကို သတိရတတ်သတဲ့၊ အိမ်က မိန်းမအတွက် နည်းနည်း ထုပ်ပေးလိုက်စမ်းဗျာ၊ ဟဲဟဲ..” ဟူ၍ လည်းကောင်း။ တစ်ခါတစ်ခါ…. “လူကြီးတွေရှေ့မှာ ဟန်ဆောင်ပန်ဆောင် စားရတာ မဝဘူး၊ လုပ်စမ်းပါဦးဗျာ၊ တစ်ပွဲလောက်” ဟူ၍လည်းကောင်း အခွင့်အရေး ယူတတ်သည်။ ဘောလ်ပင် ခဏငှားပြီး မသိချင်ယောင်ဆောင်၍ ယူသွားတာတို့၊ အစည်းအဝေး မှတ်တမ်းရေးဖို့ စာရွက်မရှိလို့ ဆိုပြီး တစ်ထပ်ကြီး ယူချသွားတာတို့တော့ ရိုးနေပြီ။ အိမ်မှာသုံးဖို့ ဆိုပြီး ပစ္စည်းထုတ်ခွင့် ထောက်ခံချက် တောင်းတာကလည်း ဌာနခွဲအားလုံး မလွတ်ချေ။ သူတို့ဌာနကို ကိစ္စရှိ၍ လာသူများ ခွဲမှူးနှင့် တွေ့ခွင့်ရဖို့ ကိစ္စမှာလည်း သူ့စားပွဲကို လက်ချည်းသက်သက် ကျော်ဖြတ်လို့မရ။ ဒါတွေကို ကိုချစ်မွှေးက မကြည်လင်ခြင်း ဖြစ်၏။

လူစုံသောအခါ ဧည့်ခံကျွေးမွေးရေး အစီအစဉ် စသည်နှင့် ကိုချစ်မွှေးနှင့် အခြား ဝန်ထမ်းငယ်တစ်ယောက်က ကော်ပြန့်ကြော်ပန်းကန်တွေ လိုက်ချပေးသည်။ တစ်လုတ်စာလောက်ပြုလုပ်ထားသော ကော်ပြန့်ကြော် အသေးစားလေးတွေ ဖြစ်၏။

၅ ဌာနခွဲမှူးက ပြောတော့ ဟုတ်မလိုလိုနဲ့ ခုတော့ ကော်ပြန့်ကြော်တွေပါလားဗျ ဟူသော အကြည့်ဖြင့် အိမ်ရှင် ဌာနခွဲမှူးကို ကြည့်သည်။ သို့ရာတွင် ဆာနေပြီဖြစ်သောကြောင့် ကော်ပြန့်ကြော်တစ်ခုကိုခက်ရင်းဖြင့်ထိုး၊ ချဉ်ငန်စပ် ငရုတ်ဆီတို့ဖြင့် တို့ပြီး ပါးစပ်ထဲ သွင်းလိုက်ပြီးမှ ဟူးခနဲ ရှူးခနဲ ဖြစ်သွားသည်။ ခုမှ ကြော်ပြီးခါစ ယူလာခြင်းဖြစ်၍ ပူပူကြီး ဖြစ်သောကြောင့်ပင်။ ပြန်ထွေးထုတ်လို့ မကောင်းသဖြင့် အာမထိလွေးပြီး မျိုချလိုက်ရ၏။

ကိုချစ်မွှေးသည် ကော်ပြန့်ကြော်ပန်းကန် တစ်ချပ်ကို ၂ ဌာနခွဲမှူး အဘာွ းကြီးရှေ့မှာ ချပေးပြီး.. “ဒါက သက်သက်လွတ် ခင်ဗျ” ……ဟု ပြောလိုက်သည်။ သူ့မွေးနေ့တိုင်း သက်သက်လွတ် စားနေတာ ကိုချစ်မွှေး ဘယ်လိုများသိသလဲဟု ၂ ဌာနခွဲမှူး အံ့သြသွားသည်။ “ကျေးဇူးပဲ.. ကျွန်မက ငတ်ပြီထင်နေတာ”……..ဟု ရယ်၍ ပြောသည်။

အိမ်ရှင် ဌာနခွဲမှူးက.. “ကျန်တာတွေကတော့ ပြည်ကြီးငါးနဲ့ ဂဏန်းကို အဆာသွပ်ပြီး စပယ်ရှယ် ကြော်ထားတာ၊ စားကြပါ၊ အားမနာကြပါနဲ့” အားလုံး သဘောကျ နှစ်သက်ကြသည်။ ၁ ဌာနခွဲမှူးက.. “ဒါ မောင်ချစ်မွှေးလက်ရာ မဟုတ်လား၊ အင်း.. ဒါကြောင့်လည်း ခင်ဗျားက လက်မလွှတ်နိုင်တာပေါ့လေ၊ ခင်ဗျား သိပ်ကံကောင်းတယ်”…… ဟု ပြောသည်။

အိမ်ရှင် ဌာနခွဲမှူး ဂုဏ်ယူစွာ ပြုံးသည်။ ကိုချစ်မွှေးကို ချီးလည်း ချီးကျူးစရာပင်။ စားပြီးကြသောအခါ အအေးကြိုက်သူတွေအတွက် စပတ်ကလင်၊ အပူကြိုက်တတ်သူတွေအတွက် လက်ဖက်ရည်။ ဘယ်သူက အအေး၊ ဘယ်သူက အပူ ပြောစရာမလို။ သူသိပြီးသား။ အအေးသမားတွေအတွက် ရှေ့မှာ ရေခဲရေ ဖန်ချိုင့်နှင့် အပူသမားတွေအတွက် ရေနွေးအိုး။ သူ့နေရာနှင့် သူ။ ယုတ်စွအဆုံး ကွမ်းတံတွေးထွေးဖို့ ထွေးခံကအစ၊ စားနေကျအတိုင်း ဆေးမွှေး၊ အိန္ဒိယဖာလာနှင့် ကွမ်းယာကို ရှားစေးပက်၍ နှပ်ပြီး ဘူးတစ်ဘူးနှင့် အဆင်သင့် တင်ပေးထားသေးသည်။ စီးကရက်ဘူးကို ယွန်းဘူးထဲထည့်ပြီး ချပေးထားသည်။ ၁ ဌာနခွဲမှူးက ဆေးလိပ် မသောက်တတ်ချေ။

ထို့ကြောင့် ကျန်အမျိုးသား နှစ်ဦးအတွက် တစ်ဘူးဆို လုံလောက်သည်။ သို့ရာတငွ ် တစ်ယောက်တစ်ဘူးစီ ချပေးထားသည်။ ဒါမှလည်း မသောက်ဖြစ်သည့် စီးကရက်ဘူးတွေ ပိုထွက်လာသည်။ ခုနေခါ တစ်ဘူးသွင်းဈေး သုံးဆယ်လောက် ရှိနိုင်သည်။ တစ်ခုပဲ.. ကိုဘသိန်းကို သတိထားရမည်။ ကိုဘသိန်းကလည်း သူ့ဆရာလိုပင် ဆေးလိပ်သောက်တတ်သူ
မဟုတ်။ သို့ရာတွင် မယုံရ။ လူအလစ်တွင် စီးကရက်ဘူး အိတ်ထဲ ကောက်ထည့်သွားနိုင်စရာ အလားအလာတွေ ရှိသည်။ မပြတ် စောင့်ကြည့်ရမည်။

အစည်းအဝေးသည် ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ပင် ပြီးဆုံသွားသည်။ ဟိုတစ်ပတ်အစည်းအဝေးတုန်းကလို ပြဿနာတွေ တက်ခြင်းမရှိ။ တစ်ခုပဲ…. ၄ ခွဲမှူးက ကြမ်းခင်းဈေးးတွေ သတ်မှတ်တာ နည်းသည်ဟု ထောက်သည်။

၁ ခွဲမှူးက.. “လေလံ ကြမ်းခင်းဈေးက အပြင်ပေါက်ဈေးလောက် ဖြစ်နေရင် ဘယ်သူက လာဆွဲတော့မှာလဲ” ဟု ရှင်းပြသဖြင့် ပြေလည်သွားသည်။ အစည်းအဝေး အပြီးတွင် လူကြီးများ အသီးသီး အပြင်ထွက်သွားကြသော်လည်း နှစ်ယောက်သောသူများ ကတော့ ကျန်ရစ်ခဲ့ကြ၏။ ကိုချစ်မွှေးနှင့် ကိုဘသိန်း။ ကိုချစ်မွှေးသည် ပန်းကန်တွေ၊ ရေနွေးအိုးတွေ သိမ်းသလိုလို လုပ်ရင်း စောင့်ကြည့်နေသည်။ ကိုဘသိန်းက ပစ္စည်းတစ်ခုခု ပျောက်နေသဖြင့် ရှာသလိုလိုနှင့် အပြင်မထွက်သေးဘဲ ယောင်လည်လည် လုပ်နေသည်။

ကိုချစ်မွှေး မနေနိုင်တော့လည်း…. “ကိုဘသိန်း ဘာရှာတာလဲဗျ”……….ဟု မေးလိုက်သည်။ “ဟိုဒင်းဗျာ.. စာရွက်၊ အဲဒါ.. အဲဒါ” ဟု ကိုဘသိန်းက မရေမရာ ပြောသည်။ ထိုစဉ်မှာပင် ကိုချစ်မွှေး ကံဆိုးသွား၏။

“မောင်ချစ်မွှေးရေ” ဟု သူ့ဆရာခေါ်သံ ကြားသဖြင့် မနေသာတော့ဘဲ ထွက်သွားရသည်။

ဘာမှမဟုတ်။ မျက်မှန် မေ့ကျန်ခဲ့သဖြင့် ယူခိုင်းခြင်းဖြစ်၏။ ကိုချစ်မွှေး အစည်းအဝေးခန်းသို့ အပြေးအလွှား ပြန်ဝင်လာသည်။ အခန်းထဲမှာ ကိုဘသိန်း မရှိတော့။ ယွန်းဘူးကို အလျင်အမြန် ဖွင့်ကြည့်သည်။ အထဲမှာ စီးကရက်ဘူး မရှိတော့။ နောက်တစ်ဘူးလည်း မရှိ။ နောက်တစ်ဘူးထဲမှာတော့ ဆယ်လိပ်လောက်ကျန်သော ဖောက်လက်စ ဘူးတစ်ဘူးကို သဘောထားကြီးစွာ ချန်ထားခဲ့ကြောင်း တွေ့ရသည်။ နှစ်ဘူးတော့ ပါသွားပြီ။ သူ့ပါးစပ်က လှုပ်လှုပ်ရွရွဖြင့် ကိုဘသိန်းကို ကျိန်ဆဲနေလေသည်။

ဌာနခွဲ ၁ ခွဲမှူးသည် ကားပေါ်တက်ပြီး တံခါးပိတ်လိုက်သည်။

ကိုဘသိန်းက.. “ကော်ပြန့်ကြော် ကောင်းလို့ ဆရာကတော်အတွက် ထုပ်ယူလာခဲ့တယ် ဆရာ၊ ဒက်ရှ်ဘုတ်ထဲမှာ” “အေးကွာ.. ကျေးဇူးပဲ” “နောက်ပြီးတော့….”

ကိုဘသိန်းက တိုက်ပုံအင်္ကျီအိတ်ထဲမှ စီးကရက်နှစ်ဘူးကို ထုတ်ယူပြီး လှမ်းပေးသည်။ သူ့ဆရာက လှမ်းယူ၍..

“အေးကွာ.. အတော်ပဲ၊ မင်းတို့ဆရာကတော်က တရုတ်စီးကရက် သိပ်ကြိုက်တာ” ဟု ပြောပြီး စီးကရက်ဘူးများကို လက်ဆွဲအိတ်ထဲ ထည့်လိုက်သည်။

ကိုဘသိန်းလည်း ကားစက်နှိုးပြီး မောင်းထွက်လာခဲ့၏။ သူ့ဆရာရော၊ ဆရာကတော်ပါ ဆေးလိပ် လုံးဝမသောက်တတ်ကြောင်း ကိုဘသိန်း မသိဘဲ ဘယ်နေပါ့မလဲ။

လေးစားစွာဖြင့်
Writer – မင်းလူ (ဧပြီ၊ ၁၉၈၈)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page