မင်္ဂလာဒုံမှန်ဘီလူးစက်ရုံတွင် ပိုးတွေ့ဝန်ထမ်း နှစ်ရာကျော်အထိ ရှိလာ

မင်္ဂလာဒုံမှန်ဘီလူးစက်ရုံတွင် ပိုးတွေ့ဝန်ထမ်း နှစ်ရာကျော်အထိ ရှိလာ၊

ပိုးတွေ့လူနာများလို့ လော့ဒေါင်းချထားရတဲ့ မင်္ဂလာဒုံစက်မှုဇုန်က မှန်ဘီလူးစက်ရုံမှာ လက်ရှိအချိန်ထိ ပိုးတွေ့လူနာ (၂၀၀)ကျော်သွားပြီဖြစ်တယ်လို့ စက်ရုံအထွေထွေဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲ့ဒီစက်ရုံကို ပြီးခဲ့တဲ့ စက်တင်ဘာ(၁၄)ရက်ကတည်းစပြီး အနံ့မရတဲ့ ဝန်ထမ်းအချို့ရှိနေတဲ့ အတွက် လော့ဒေါင်း ချထားတာဖြစ်ပြီး နောက်ပိုင်းမှာ ပိုးတွေ့လူနာတွေ များလာတာ ဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ ပိုးတွေ့လူနာတွေကိုတော့ ကုသရေးစင်တာတွေကို ပို့ပေးနေတယ်လို့ မင်္ဂလာဒုံမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးဇော်လင်းကပြောပါတယ်။

“ပိုးတွေ့လူနာတွေကတော့ ကျန်းမာရေးဌာနက ကုသရေးစင်တာတွေကို ပို့နေတာ။ စက်ရုံကို လော့ဒေါင်း ချထားတယ်” လို့ ဦးဇော်လင်းက ဆိုပါတယ်။ ဒီကနေ့ထိ စက်ရုံအလုပ်သမား (၂၀၁)ယောက်ထိ ကိုဗစ် ကူးစက်ခံထားရတယ်လို့လည်း အဲ့ဒီစက်ရုံ၊ အထွေထွေဌာနတာဝန်ရှိသူကလည်း အတည်ပြုပြောပါတယ်။

စက်ရုံကို လော့ဒေါင်းချထားတဲ့အတွက် စက်ရုံထဲမှာရှိတဲ့ အလုပ်သမားတွေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ကိုယ်တွေ့ကြုံနေရသူတွေက ပြောပါတယ်။ အဲဒီ စက်ရုံထဲမှာ လက်ရှိ အလုပ်သမား (၂၀၀၀) ကျော်ဟာ အသွားအလာကန့်သတ် နေထိုင်ရပြီး နေထိုင်စားသောက်ရေးမှာ အခက်အခဲ ကြုံတွေ့နေရတာလို့ စက်ရုံရဲ့ အလုပ်သမား ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ မမေသူသူက ပြောပါတယ်။

“အခက်အခဲကြုံနေရတာက တကယ်တော့ Quarantine ထားတဲ့ လူတွေအကုန်လုံးကို သီးသန့်ထားပြီးတော့ စီစဉ်သင့်တယ်။ အခုဟာက အဲဒီလူတွေနဲ့လည်း Toilet အတူသုံးနေကြတယ်။ အနံ့မရတဲ့ သူတွေလည်း များတယ်။ အဲလိုဖြစ်နေတော့ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်မှုက များမှာပဲလေ။ အခုဟာက တော်တော်များများ နယ်ပြန်တဲ့သူ (၁၂)ယောက်ဆို (၁၂) ယောက်စလုံး Positive ။ (၁၉) ယောက်ဆို (၁၉) ယောက်စလုံး Positive ဖြစ်ကုန်ကြတယ်။ အခုက စက်ရုံထဲက အပြင်မထွက်ရဘူး။ အရင်တုန်းက ဝယ်ဖို့ မုန့်ဆိုင်တွေ ရှိတယ်။ အခုဟာက မုန့်ဆိုင်တွေ ပိတ်လိုက်ပြီ။ နေထိုင်ရေးကလည်း တစ်ခန်းဆိုရင် (၁၆) ယောက် နေရတယ်။ ရေချိုးတဲ့ ဘေစင်တွေကလည်း တူတူသုံးရတယ်။ ကုတင်တွေကလည်း အပေါ်အောက် ပူးကပ်နေတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ပေတောင် မကွာဘူး။ သူတို့က အဲလိုပဲ ထားတာ။ အစားအသောက်ပိုင်းကလည်း စားဖိုဆောင်မှာ သွားပြီး ထမင်းသွားယူတဲ့ အခါ တန်းစီးပြီးတော့ ကပ်ပြီးတော့ ယူရတာ။ လူတွေတအားများပြီးတော့ အုံနေတာ ဖြစ်တာပေါ့ ” လို့ မမေသူသူက ပြောပါတယ်။

စက်ရုံကိုတော့ အောက်တိုဘာ (၂၁) ရက်ထိ ပိတ်ထားမယ်လို့ သိရပြီး အရင်လုပ်ခလစာ ရထားပေမယ့် အခုလ အောက်တိုဘာ (၁) ရက်ကနေ (၂၁) ရက်ထိအတွက် လုပ်အားခ ပေးသွားမှာ မဟုတ်ကြောင်း အကြောင်းကြားထားတယ်လို့ မမေသူသူက ပြောပါတယ်။

စက်ရုံအထွေထွေဌာနက တာဝန်ရှိသူတစ်ဦးကတော့ လော့ဒေါင်း ချထားတာကြောင့် အခက်အခဲ တချို့ ရှိနေပေမယ့်လည်း အဆင်ပြေအောင် တက်နိုင်သမျှ ပြုလုပ်ပေးနေတယ်လို့ ပြောပါတယ်။ အဲ့ဒီမှန်ဘီလူးစက်ရုံကတော့ မင်္ဂလာဒုံ စက်မှုဇုန် အလယ်ပေါက် သင်္ဃန်းကျွန်းကြီးကျေးရွာထဲ ရှိပြီး ဖုန်း၊ တီဗီ၊ ကားမှန်တွေထဲမှာ အသုံးပြုတဲ့ မှန်ဘီလူးအမျိုးအစားအမျိုးမျိုး ထုတ်လုပ်ပြီး နိုင်ငံခြားကို တင်ပို့ရောင်းချနေတာလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page