“မောင်မောင်ခေါ်တုန်း ဗျာ ထူးကြပါ အောင်ကျော်ခေါ်မှ ဗျာ မထူးကြပါနဲ့”

“မောင်မောင်ခေါ်တုန်း ဗျာ ထူးကြပါ အောင်ကျော်ခေါ်မှ ဗျာ မထူးကြပါနဲ့”

ဆိုတဲ့ ရှေးကအရပ်ဘန်းစကားတစ်ခု ရှိပါတယ်၊ ဆိုလိုချင်တာက မေတ္တာစိတ်နဲ့အေးအေးချမ်းချမ်း ပြောဆိုတိုက်တွန်းနေတုန်း လုပ်ကြပါ၊ အာဏာစက်နဲ့ ဥပဒေနဲ့ အရေးယူကာမှ မသိလို့ပါ၊ မှားလို့ပါ၊ တောင်းပန်ပါတယ် မလုပ်ကြနဲ့လို့ ရှေးလူကြီးများက ဘန်းစကားထားခဲ့ကြတာပါ။

ယနေ့အချိန်အခါမှာ ရခိုင်ကရန်ကုန်ကို လေယာဉ်နဲ့ ပြန်လာသူ ငါးထောင်ကျော်မှာ တစ်ဝက်လောက် ဖုန်းပြန်မဖြေကြဘူးတဲ့။ ရန်ကုန်ကို လေကြောင်းနဲ့ ပြန်ဝင်လာသူ (၅၄၀၉) ကိုအစိုးရက ဆက်သွယ်တဲ့အခါ ထက်ဝက်ကျော်ဖြစ်တဲ့ (၂၅၄၇) က ဖုန်းပြန်မဖြေဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက်ထုတ်ပြန်ပါတယ်။

ပြည်တွင်းကူးစက်မှုရောဂါဆက်လက်မပြန့်ပွားစေရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ဆောင်ရွက်မှု အလွန်အားနည်းနေတာကို တွေ့တယ်လို့ ထုတ်ပြန်ထားတာကို ဖတ်ကြ တွေ့ကြ ရမှာပါ။ အခုနောက်ဆုံးအခြေအနေမှာတော့ အစိုးရအနေနဲ့သက်ဆိုင်ရာကိုမဆက်သွယ်ရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ပြတ်ပြတ်သားသားကြေညာလိုက်ပါပြီ။

အထက်ကဆိုခဲ့သလိုပါပဲ “မောင်မောင်ခေါ်တုန်းဗျာထူးကြပါ ၊ အောင်ကျော်ခေါ်မှဗျာမထူးကြပါနဲ့ ” ။

မိတ်ဆွေတို့မှာ မိသားစုတွေ၊ ဘဝတွေရှိသလို သန်း ၅၀ ကျော် နိုင်ငံသားတွေမှာလည်း မိသားစုတွေ၊ ဘဝတွေနဲ့ပါ။ ဒါ့အပြင် မိတ်ဆွေတို့အမြဲပဲနေနေ၊ အလုပ်နဲ့ပဲ ရောက်နေနေ ရန်ကုန်မြို့ကြီးမှာလည်းလူဦးရေ (၇)သန်းကျော်နေထိုင်ကြပါတယ်။ သူတို့တွေမှာလည်း မိသားစုတွေ၊ ဘဝတွေနဲ့ပါ။

အခုဆိုရင် ရန်ကုန်တိုင်းမှာ တနေ့ထက်တနေ့ Stay at Home မြို့နယ်တွေများလာခဲ့ပါပြီ။ စားဝတ်နေရေး၊ စီးပွားရေးလုပ်ငန်းတွေ တကျော့ပြန်ပြီးရပ်တန့် တုန့်ဆိုင်းလာပြန်ပါပြီ။ စာသင်ကျောင်းတွေပြန်ပိတ်လိုက်ရပါပြီ။ ပိုဆိုးလာခဲ့ရင် စားသောက်ဆိုင်တွေ ပါဆယ်ပြန်ဖြစ်လာမယ်၊ လိုအပ်လာရင် ဆိုင်တွေခဏ ပြန်ပိတ်ကြရဦးမယ်။

အဲဒီ့ဖြစ်ရပ်တွေမှာ မိတ်ဆွေတို့စဉ်းစားဖို့က ကိုယ်တစ်ယောက်ရဲ့ တိမ်းရှောင်နေမှု ပယောဂကြောင့်မဖြစ်ဖို့၊ မပါဝင်ဖို့ လိုပါတယ်။ ရခိုင်ပြည်က လေယာဉ်စီးပြန်လာခဲ့တာ အပြစ်မဟုတ်ပါဘူး၊ အပြစ်လည်းမတင်ပါဘူး။ ဒါပေမယ့် အစိုးရက နိုင်ငံအတွက် တကယ်လိုအပ်လို့ မေတ္တာရပ်ခံ ညွှန်ကြားချက်ကိုတော့ လိုက်နာကြဖို့လိုပါတယ်။

အိမ်တအိမ်မှာ မိသားစုဝင်ဖြစ်ရင် အဲဒီ့မိသားစုအရေးအတွက်တာဝန်ကျေသလို၊ နိုင်ငံသားတစ်ယောက်ဖြစ်နေရင်လည်း မိမိနိုင်ငံ၊ မိမိတိုင်းပြည်အတွက် တာဝန်ကျေဖို့လိုအပ်တာပါ။

သတင်းပို့ စစ်ဆေးခံရမယ်ဆိုတာ အရင်ကလို Quarantine တန်းဝင်ရမှာလည်းမဟုတ်ပါ။ ပိုးရှိမရှိစစ်ဆေးခံပြီး အိမ်ပြန်နေကြရမှာပါ၊ တကယ်လို့ ကံမကောင်းစွာ ပိုးတွေ့ခဲ့ရင်တော့လုပ်ထုံးလုပ်နည်းတွေအတိုင်း ကုသမှုခံယူရမှာပေါ့။

အခုလိုတိမ်းရှောင်နေတာ၊ ပုန်းနေကြတာ၊ မဆက်သွယ်ကြတာတွေဟာ ဗုဒ္ဓဘာသာဝင်တွေဆိုပါက ဘုရားမကြိုက်တဲ့ အကုသိုလ်အလုပ်တမျိုးပါ။ ကိုယ်ပုန်းနေတာ ကိုယ်ရှောင်နေတာ တခြားသူမသိဘူးဆိုတာ အတိုင်းအတာတခုအထိမှန်နိုင်ပေမယ့် ဘုရားနဲ့ ကိုယ်စောင့်နတ်တွေကသိနေမှာပါ။ “မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိ” ဆိုတာ တရားစကားပါ။ ဥပဒေစာအုပ်ထဲကစကားမဟုတ်ပါဘူး။ အမြဲလက်တွေ့အမှန်တရားပါ။

နောက်ဆုံးအနေနဲ့ မေတ္တာရပ်ခံလိုတာက ” ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ၊ ကိုယ့်ထံပြန်လာမှာပါ” ဆိုတဲ့ စကားကို သတိ ဝင်ကြစေချင်ပါတယ်။

မိတ်ဆွေများ အမျိုးများ အမြန်ဆုံး သက်ဆိုင်ရာကိုဆက်သွယ်လာနိုင်ကြပါစေ။

မေတ္တာဖြင့် – Kyaw Swar Myint

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page