အမေရိကန်မှာ တွေ့ခဲ့တဲ့ သတ္တုတိုင်နဲ့ ပုံစံတူ တိုင်ကြီးကို ရိုမေးနီးယားမှာ ထပ်မံတွေ့ရှိ

အမေရိကန်မှာ တွေ့ခဲ့တဲ့ သတ္တုတိုင်နဲ့ ပုံစံတူ တိုင်ကြီးကို ရိုမေးနီးယားမှာ ထပ်မံတွေ့ရှိ

အမေရိကန်နိုင်ငံ ၊ ယူတားပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကတွေ့ရှိခဲ့တဲ့ သတ္ထုတိုင်တစ်တိုင်နဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံး စူးစမ်းလိုစိတ်တွေ မြင့်တက်ခဲ့ကြပါတယ်။ ယခုအခါ အဲ့ဒီသတ္ထုတိုင်နဲ့ပုံစံတူတိုင်တစ်တိုင်ကို ရိုမေးနီးယား နိုင်ငံအတွင်းက တောင်ကုန်းတစ်ခုမှာ ထပ်မံတွေ့ရှိတဲ့အတွက် ပိုမိုစိတ်ဝင်စားစရာ ကောင်းလာပြီ ဖြစ်ပါတယ်။

ရိုမေးနီးယားနိုင်ငံ အရှေ့မြောက်ဘက် Neamt ခရိုင်အတွင်းက Piatra Neamt မြို့အနီးရှိ Doamnei တောင်ကုန်းပေါ်မှာ အဆိုပါ ငွေသတ္ထုတိုင်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ (နိုဝင်ဘာ ၂၆) ရက်နေ့က ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။အဆိုပါနေရာဟာ ထင်ရှားလှတဲ့ ရိုမေးနီးယား ရှေးဟောင်း ယဉ်ကျေးမှု ဇုန်ဖြစ်တဲ့ Petrodava Dacian သစ်တောနဲ့ မီတာ အနည်းငယ်သာ ကွာဝေးတဲ့ နေရာမှာ တည်ရှိနေပါတယ်။

ရိုမေးနီးယားမှာ တွေ့ရှိတဲ့ သတ္ထုတိုင်နဲ့ ပတ်သက်ပြီး အာဏာပိုင် တွေက စူးစမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်း Neamt ခရိုင်၊ ယဉ် ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးမှ ပြောရေး ဆိုခွင့်ရှိသူ Rocsana Josanu က ပြောပါတယ်။ ”ယခုလို သတ္ထုတိုင်ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး စစ်ဆေးနေဆဲပါ။ ဒီတိုင်ကြီးက ပုဂ္ဂလိကပိုင် မြေတစ်ခုမှာ ရှိနေတာပါ။ ခုချိန်ထိတော့ သတ္ထုတိုင်ရဲ့ ပိုင်ရှင်ကို ရှာဖွေတွေ့ရှိမှု မရှိသေးပါဘူး” လို့ သူမက ဆိုပါတယ်။

”ပြီးတော့ ဒီနယ်မြေက ရှေးဟောင်းအမွေအနှစ် နယ်မြေလည်း ဖြစ်နေပါတယ်။ ဒီတော့ သတ္ထုတိုင်ကြီးကို ဒီနေရာမှာ စိုက်ထူမယ်ဆို ကျမတို့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရမှသာ စိုက်ထူခွင့်ရရှိမှာပါ” လို့ သူမက ဆက်လက်ပြောဆိုပါတယ်။

သေချာတာ တစ်ခုကတော့ ယူတားပြည်နယ်က သတ္ထုတိုင်ရော၊ ရိုမေးနီးယားက သတ္ထုတိုင်ပါ ရည်ရွယ်ချက်ရှိရှိ မြှုပ်နှံထားတာ ဖြစ်နိုင်ကြောင်း လေ့လာသူတွေက ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ဘာရည်ရွယ်ချက်လည်းဆိုတာကို အဖြေပေးဖို့ရာ လေ့လာသူတွေလည်း ခေါင်းခဲ နေရပါတယ်။

အဲ့ဒီ သတ္ထုတိုင်တွေဟာ အာကာသထဲကို ခရီးသွားဖို့ရာ ထွက်ပေါက်တစ်ခုလည်းဖြစ်နိုင်သလို အနုပညာရှင်တွေရဲ့ အနုပညာမြောက် လက်ရာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။ ဒါမှမဟုတ် နောက်ပြောင်တတ်သူတွေရဲ့ ရည်ရွယ်ချက်မဲ့ စိုက်ထူထားရာ တစ်စုံတစ်ခုလည်း ဖြစ်နေနိုင် ပါသေးတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ညနေပိုင်းမှာတော့ ယူတားပြည်နယ်က သတ္ထုတိုင်ကိုတစ်စုံတစ်ဦးမှ နုတ်ယူသွားပြီးဖြစ်ကြောင်း သိရပါတယ်။ ခုချိန်ထိတော့ ယူတားပြည်နယ်အတွင်း သတ္ထုတိုင် စိုက်ထူထားသူရော၊ နုတ်ယူသွားသူကိုပါ သိရှိရခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page