အမျိုးအမည်မသိ ထူးဆန်းတဲ့ သတ္တုချောင်းကြီးများ အမေရိကန်တွင် ထပ်မံတွေ့ရှိ
အမေရိကန်ပြည်ထောင်စုတွင် ထူးဆန်းသော သတ္တုချောင်းကြီးများကို ထပ်မံတွေ့ရှိ..
မည်သူတို့က လာရောက်စိုက်ထူထားမှန်း မသိသော ထူးဆန်းသည့် သတ္တုချောင်းကြီးများကို အမေရိကန်ပြည်ထောင်စု ယူတားပြည်နယ် ကျောက်တောင်များအကြားတွင် နိုဝင်ဘာလအတွင်းက ပထမဆုံးတွေ့ရှိခဲ့ပြီး၊ ရိုမေနီးယားနိုင်ငံတွင် ဒုတိယအကြိမ်တွေ့ရှိခဲ့ကာ ယခုအခါ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အတွင်းတွင် တတိယအကြိမ်မြောက်အဖြစ် ထပ်မံတွေ့ရှိခဲ့ကြောင်း သိရပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် အတွင်းရှိ တောင်တစ်လုံး၏ ထိပ်တွင် ယင်းသတ္တုချောင်းကြီး စိုက်ထူထားသည်ကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ သတ္တုချောင်းကြီးမှာ ပြောင်လက်နေပြီး ၁၀ ပေ အမြင့်ရှိကာ၊ ၁၈ လက်မ ဗျက်အကျယ်ရှိသည်ဟု ဒေသခံတောင်တက်သမားများကပြောသည်။ အလေးချိန်မှာ ခန့်မှန်းချေ ပေါင် ၂၀၀ ခန့်ရှိကြောင်း ဆိုပါတယ်။
ယူတားပြည်နယ်တွင် နိုဝင်ဘာ ၁၈ ရက်နေ့ကတွေ့ရှိခဲ့သော သတ္တုချောင်းကြီးမှာ ၁၀ ရက်ခန့်အကြာတွင် မူလနေရာ၌ မရှိတော့သလို၊ ရိုမေးနီးယားနိုင်ငံ Batca Doamnei တောင်ထိပ်တွင် နိုဝင်ဘာ ၂၆ ရက်နေ့က တွေ့ရှိခဲ့သော သတ္တုချောင်းကြီးမှာလည်း ၄ ရက်ခန့်အကြာဝယ် ပျောက်ဆုံးသွားခဲ့ပါတယ်။
အမေရိကန်မှ အွန်လိုင်း နာမည်ကျော် နှစ်ဦးဖြစ်ကြသော Sylvan Christensen နှင့် Andy Lewis ကမူ သူတို့နှစ်ဦးအပါအဝင် လူတစ်စုသည် ယူတားပြည်နယ်မှ သတ္တုချောင်းကြီးကို ဖြုတ်လိုက်ခြင်းဖြစ်သည်ဟု လူမှုကွန်ရက်တွင် ပြောကြားခဲ့ပါတယ်။ သို့ရာတွင် မည်သူတို့က စိုက်ထူခဲ့ကြောင်းကိုမူ ယခုအချိန်အထိ မသိရသေးချေ။