ကိုဗစ်ကြောင့် ခါးသီးလွန်းခဲ့ရတဲ့ ဘဝတွေ (ကူးစက်လူနာတဦးရဲ့ မီးဖွားရခြင်း အတွေ့အကြုံ)
“အငိုလွယ် ၍ အရှိုက်ခက်ပါတယ်”
ကိုဗစ် ဖြစ်ရင် ဘာတွေခါးသလဲ လူနာတစ်ယောက်အကြောင်းလေးပြောပြချင်မိတယ်။ နေ့စေ့လစေ့မွေးမယ့်အမျိုးသမီး သူ့အမျိုးသားက Positive အရင်ဖြစ်ပြီး၊ ဖောင်ကြီးရောက်သွားတယ်။ သူက ရောဂါလက္ခဏာခံစားရလို့ဆေးရုံရောက်တယ်။ အဖြေထွက်တော့ ဗိုက်မေမေလည်း positive တဲ့
အဖြေထွက်တဲ့ည ပဲ ဗိုက်နာတယ်။ မနက် စောစောမှာတော့ ကလေးနှလုံးခုန်နှုန်း နဲနဲလျော့လို့ အိုဂျီတာဝန်ကျအဖွဲ့က PPE အပြည့်နဲ့ ဗိုက်ခွဲမွေးပေးလိုက်ရတယ်။ မွေးပြီးပြီးချင်း ကလေးကို မွေးကင်းစကလေးဆောင်မှာတင်ပြီးပြုစုကုသတယ်။ မွေးကင်းစဆောင်က ကလေးအထူးကုအမတွေကလည်း အရမ်းဂရုစိုက်ပြီး သူ့ကို နေကောင်းသွားရင်နို့ဆက်တိုက်လို့ရအောင် ဘယ်လိုနေဖို့ကို ဖုန်းနဲ့ပြော အမ အိုဂျီ တို့ကလည်း သင်ပေးပေါ့
အဓိကကတော့ သီးသန့်ထားတဲ့ ဆေးပညာရှင်များ အဖွဲ့ရဲ့အနီးကပ်စောင့်ရှောက်မှုနဲ့ သူအဆင်ပြေမယ် မျှော်လင့်မိပါတယ်။ အမေက စောင့်ကြည့်လူနာအခန်းမှာထားရတယ်။ ပြောပြချင်တာကအခုမှစတာ သက်ဦးကိုယ်ဝန်သည်လေး ဗိုက်စနာတာတစ်ခါမှ မခံစားဖူး။ အားကိုးချင်ရှာမယ်။ မိဘ၊ မောင်နှမ ကိုယ့်ခင်ပွန်းကို အနားရှိစေချင်ရှာမယ်။
ဒါပေမယ့် ကိုဗစ် လူနာ၊ သူ့အမျိုးသားကလည်း ကိုဗစ် လူနာ၊ အိမ်ကလည်း လာမရနဲ့။ ကလေးတစ်ယောက်ကို တစ်ယောက်တည်း ဗိုက်ခွဲမွေးဖွားခဲ့ရတယ်။ မွေးပြီးလည်းဘေးကနေ ချိုချိုအေးအေးတိုက်မယ့် သူထားမရ။ ကျွန်မက အလှူရှင် လှူပေးထားတဲ့အထဲက အိုဗတင်းဗူး ၂ ကဒ်၊ အအေး ၁ ဗူး၊ ရေအေး နဲ့ ပိုက်ကောက်လေး၊ ပူစီကိတ်၊ သူအညစ်အကြေးလည်း ကိုယ့်ဝန်ထမ်းမကိုင်ရအောင် ဒိုင်ပါ, အမျိုးသမီးသုံး တခါသုံးအခင်းတွေစုံအောင် ဝယ်ပေးပြီးပို့ပေးလိုက်တယ်။
ကလေးမွေးပြီး ၂ ရက် အကြာ ဒီနေ့ည မေမေက ဖောင်ကြီးကို ရွှေ့ရတယ်။ သူ့ကလေးလေးက အောက်စီဂျင်နဲ့ စိတ်မချရသေးလို့ ဆေးရုံကပဲခေါ်ထားတာမို့ သူတို့ သွားနေတုန်းအချိန်မှာ သူ့သမီးလေးရဲ့ ရောဂါပိုးမရှိဆိုတဲ့အဖြေဖတ်ရတော့ အရမ်းဝမ်းသာပြီး ကလေးအမေရော အဖေပါစိတ်အေးရအောင် ကားပေါ်အတူပါသွားတဲ့ လူနာညီမတစ်ယောက်ဖုန်းက တဆင့်ပြောပြ ခိုင်းလိုက်ပါတယ်။
ပြောလည်းရတယ်၊ မပြောလည်းနောက်သိမှာပေမယ့် ကိုယ်ချင်းစာလို့ မွေးပြီး တပတ်က ရုပ်ပိုင်းရောစိတ်ပိုင်းပါ အရေးကြီးတဲ့အချိန်မို့ ဟိုမှာနေရတဲ့အခိုက် စိတ်အေးစေချင်တဲ့စိတ် စေတနာလေးပါ။ မြန်မာလိုရေးရင် ကိုဗစ် ၂ လုံးတည်း ဒါပေမယ့် လူတွေရဲ့ စိတ်တွေကိုအများကြီး ဒဏ်ရာရစေပါတယ်။
Win Thandar Phyu