ဗိုလ်ချုပ်ဝန်ကြီး (၄) ယောက်ရဲ့ မောင်းပြန်အောက်မှာ ဗြောင်းဆန်သွားခဲ့တဲ့ စက်မှု (၁) ဝန်ကြီးဌာန

ဗိုလ်ချုပ်ဝန်ကြီး (၄) ယောက်ရဲ့ မောင်းပြန်အောက်မှာ ဗြောင်းဆန်သွားခဲ့တဲ့ စက်မှု (၁) ဝန်ကြီးဌာန

စစ်အစိုးရတက်လာတော့ စက်မှု ၁ ဝန်ကြီးက ဗိုလ်ချုပ်စိန်အောင်။ ဗိုလ်ချုပ်စိန်အောင် ဦးနှောက်ကင်ဆာနဲ့ဆုံးသွားတော့ သူ့နေရာ ဦးအောင်သောင်းရောက်လာတယ်။ တစ်ခါဦးအောင်သောင်း ဆုံးသွားပြန်တော့ ဦးစိုးသိန်းလက်ထဲရောက်။ နောက်ဆုံးမှ မင်းကင်းမောင်မြင့် လက်ထဲရောက်။ မောင်မြင့်က အစက စက်မှု ၂ ဝန်ကြီး။ နောက်တော့ စက်မှု ၁ နဲ့ ၂ ကို တွဲကိုင်ရတာ။ စက်မှု ၁ အဖြစ်ကတော့ ဝန်ကြီး ၄ ယောက်ကြား ဗွက်ပေါက်ပြီး ရေတိမ်ကိုနစ်သွားရရှာတာပဲ။

ဝန်ထမ်းတွေဆိုတာကတော့ ပြောမနေနဲ့တော့။ ဝန်ကြီးတွေ သူတို့အချင်းချင်းလည်း တည့်တယ်မထင်လိုက်နဲ့။ ဗိုလ်ချုပ်စိန်အောင် စက်မှု ၁ ရောက်လာတော့ ထစ်ကနဲရှိ အင်ဂျင်နီယာတွေကို ခေါ်ခေါ်ဆဲတာ။ ခင်ဗျားတို့ တောခိုမလား။ ကျုပ်ကိုယ်တိုင် နယ်စပ် လိုက်ပို့ပေးမယ်ဆိုပြီး အသားလွတ်ကို ရန်လုပ်တာ။ ပညာတတ်တွေကို ကြည့်မရတာ မနာလိုတာလေ။

ဗိုလ်ချုပ်စိန်အောင်လက်ထက်မှာ ၈၈ အရေးအခင်းထဲပါလို့ဆိုပြီး ညွှန်မှူးတွေကအစ ပြုတ်လိုက်ကြတာ။ အဲဒါနဲ့မပြီးသေးဘူး နောက် ၃၃ ချက် နဲ့ ထပ်ပြုတ်လိုက်တာမှ ထောင်နဲ့ကိုချီတယ်။ တစ်ချို့များ ဝန်ထမ်းသက် နှစ်အစိတ်လောက်ရှိတာ ဘာလျော်ကြေးမှကို မရလိုက်ဘူး။ အဲဒီခေတ်ဝန်ထမ်းတွေ ၃၃ ချက်ဆို အကုန်သိကြတယ်။ ဘီဘီစီ ဗီအိုအေ နားထောင်သလားတို့ အောင်ဆန်းစုကြည်ကို ထောက်ခံသလားတို့ မေးခွန်းတွေကို ဖြေရတာ။ နားထောင်တယ် ထောက်ခံတယ်သာရေးလိုက်။ ပြုတ်စေရမယ်။

မကြာပါဘူး ဦးနှောက်ကင်ဆာဖြစ်လို့ အင်္ဂလန်မှာ ဆေးသွားကုရင်း ဆုံးသွားရော။ အဲ့ဒီမှာ ဦးအောင်သောင်းက ဗိုလ်ချုပ်စိန်အောင်အသုဘကို ဝန်ထမ်းတွေ လိုက်မပို့ရဘူးဆိုပြီး အမိန့်ထုတ်တယ်။ အံ့တွေကို ဩယူရတဲ့အဖြစ်။ ကြား မကြားဖူးပေါင်။ ဘာကြောင့် သေသွားတဲ့သူကိုတောင် မကျေနိုင်မချမ်းနိုင်ဖြစ်ရသလဲ သူတို့အတွင်းရေးတွေဆိုတော့…အဲ ဦးအောင်သောင်းဆုံးတဲ့အချိန်ကျတော့ ဖဘ ခေတ်ဆိုတော့ တိုင်းသိပြည်သိ ဝမ်းသာလိုက်ကြတာ။

စက်မှု ၁ အဖတ်ဆယ်လို့ကို မရတော့တာကတော့ အခု လွှတ်တော်မှာ ကယားတိုင်းရင်းသားဝတ်စုံကြီး တကားကားဝတ်ထားတဲ့ တရုတ်မျက်ခွက်ကြီးနဲ့ ဦးစိုးသိန်းလက်ထက်ပါပဲ။ ဦးစိုးသိန်းအကြောင်းကတော့ အများသိတော်မူကြတဲ့ ၁၁ ဘီလျံပိုင်ရှင်ကြီးပေါ့။ နောက်ပိုင်း စက်မှု ၁ နဲ့ ၂ ပေါင်းပြီး စက်မှုဝန်ကြီးဌာနဆိုပြီးလုပ်။ ဦးမောင်မြင့်က ဝန်ကြီးပေါ့။ ဝန်ထမ်းတွေ ဒုက္ခရောက်ပုံများ ပြောတောင်မပြောချင်လောက်အောင်ကို ဆိုးဝါးတာ။ အိုဗာတိုင်ကြေးမရဘဲ ည ၁၂ နာရီ တစ်ချက်အထိ အလုပ်ဆင်းရတာလေ။ ထွက်ကလည်းမထွက်နိုင် မလုပ်လို့ကလည်းမရ။ တောက်တခေါက်ခေါက်နဲ့။

ဝန်ကြီးတစ်ယောက်ပြောင်းသွားရင် ရှေ့ကဝန်ကြီးလုပ်ခဲ့သမျှ အကုန်ဖျက်ရတယ်။ အသစ်တွေ ထပ်လုပ်ရတယ်။ ဗူးပေါက်တာ လာမပြောနဲ့ ရေပါလာပစေဆိုတဲ့ အပေါက်နဲ့။ ဝန်ကြီးလေးယောက်ဆိုတော့ စဉ်းစားသာကြည့်ကြပေတော့။ ဝန်ထမ်းတွေခမျာ ရွာလည်တိုင်ပတ်။ ဒီကြားထဲ ဌာနတစ်ခုမှာ ညွှန်ချုပ်ပြောင်းသွားရင် သေပြီဆရာပဲ။ ညွန်ချုပ်တွေ ဦးဆောင်ညွှန်ကြားရေးမှူးတွေကလည်း ပြောင်းလိုက်ကြတာမှ နာမည်တောင်လိုက်မမှတ်နိုင်တဲ့အဖြစ်။ သူတို့ကလည်း အစွယ်ကိုယ်စီနဲ့။ သူတို့လက်ထဲကနေ လက်သီးပျံတွေ ဆေးလိပ်ခွက်ပျံတွေ ဖန်ခွက်ပျံတွေ စာအုပ်ပျံတွေ ပျံလို့ရသမျှ အကုန်ပျံကြတာ။ ဝန်ထမ်းတွေ နားရွက်တောင် မခတ်ရဲလောက်အောင်။

ဒိုက်ဦးမှာ မြေဧကများစွာကိုသိမ်း ပလောပီနံတွေစိုက် အချိုမှုန့်စက်ရုံကြီး ဟီးနေအောင်တည်လိုက်တာ ဝက်ဝက်ကွဲအောင်မြတ်လိုက်တာမှ ကျီးနဲ့ဖုတ်ဖုတ်ဆိုသလို။ မှန်စက်ရုံဆိုလည်း မဆလခေတ်က ဂျပန်တွေကိုယ်တိုင် လာတည်ပေးတာ။ ဒါပေမယ့်ကုန်ကြမ်းရဖို့မလွယ်တဲ့နေရာမှာ စောင်ရူးပေါက်ပြီးတည်လိုက်တော့ ဟာ ဟ တွေကိုဖြစ်လို့။ မှန်ရည်ကြိုတဲ့မီးဖိုကြီးက ၂၄ နာရီမီးထည့်ထားရတာဆိုတော့ ကုန်ကြမ်းမရတော့ရင် မှန်တွေကိုပြန်ပြန်ခွဲပြီး မီးဖိုထဲပစ်ထည့်နေရတဲ့အသံတွေ ပုသိမ်မြို့ထဲ မကြားချင်မှအဆုံး။ ၈၈ အရေးအခင်းမှာ မီးဖိုကြီးမီးငြိမ်းသွားတော့ မှန်တွေအခဲလိုက်ကြီး ဖြစ်ကျန်ခဲ့ပြီးနောက် ဒန် ဒန့် ဒန်သွားလေရဲ့။

တစ်သက်လုံး ဘာရောင်းရောင်း ရှုံးနေပေမယ့် ဗိုလ်ချုပ်ဈေးလို နေရာကောင်းတွေမှာရှိတဲ့ ဝင်းသူဇာအရောင်းဆိုင်တွေလည်း ဦးသန်းရွှေမြေး မျောက်လောင်းဖိုးလပြည့် လက်ထဲအကုန်ရောက်။ သူက စီးပွားရေးမလုပ်တတ်ပေမယ့် ရောင်းတော့ စားတတ်တယ်ဗျ။ တကယ့်နေရာကောင်းတွေ သိန်းထောင်ကျော်တွေနဲ့ကို ရောင်းစားပစ်လိုက်တာ အေးရော။ အဲ့လိုသမိုင်းကြောင်း‌တွေအရမ်းကောင်းပြီး ဒလဘိုင်လိုက်နေတဲ့ စက်မှုဝန်ကြီးဌာနကို နဂိုရည်မပျက် ပြန်ရောက်ချင်သလား တဲ့ဗျား။

Tole Mole

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page