မအူပင်ထောင်မှာ ကိုဗစ်လူနာ (၁၀၀) ကျော်ရှိလာ၊ လူနာများကို အကျဥ်းထောင်ထဲမှာပဲ ကုသနေ

မအူပင်ထောင်မှာ ကိုဗစ်လူနာ (၁၀၀) ကျော်ရှိလာ၊ လူနာများကို အကျဥ်းထောင်ထဲမှာပဲ ကုသနေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်အကျဉ်းထောင်မှာ ထောင်ဝန်ထမ်းတွေနဲ့ အကျဉ်သား (၁၀၄) ယောက်အထိ ကိုဗစ်ကူးစက် ခံထားရတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

အောက်တိုဘာလ(၂၆)ရက်နဲ့ (၂၇)ရက်တွေမှာ အကျဉ်းသား၊ အကျဉ်းထောင်ဝန်ထမ်းနဲ့ မိသားစု(၂၂၅)ယောက်ကို စစ်ဆေးခဲ့ချိန်(၁၀၄)ယောက်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“အဲဒီအထဲမှာ ဝန်ထမ်း၊ မိသားစုတချို့၊ လွတ်ရက်စေ့အကျဉ်းသားနဲ့ အားလုံး(၁၁)ယောက်ရှိတယ်။ သူတို့ကိုတော့ နည်းပညာကျောင်းမှာရှိတဲ့ ယာယီဆေးရုံကိုပို့ထားတယ်။။ ကျန်တဲ့(၉၃)ယောက်ကိုတော့ ထောင်ထဲမှာပဲ သီးခြားစောင့်ကြပ်ကြည့်ရှုနေတယ်။”လို့ တိုင်းဒေသကြီး ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးဌာမှူး ဒေါက်တာသီဟအောင်က ပြောပါတယ်။

အဲဒီအကျဉ်းထောင်က သံသယလူနာတစ်ယောက်မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးတဲ့နောက် အောက်တိုဘာလ (၂၆) ရက်က ထောင်ဝန်ထမ်းနဲ့အကျဉ်းသား (၁၅၀) ကိုစစ်ဆေးခဲ့ချိန် (၆၉) ယောက်မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အောက်တိုဘာလ (၂၇) ရက်မှာ ကျန်တဲ့အကျဉ်းသား (၉၅) ယောက်နဲ့ ဝန်ထမ်းမိသားစုဝင် (၁၀) ယောက်ကို ထပ်စစ်ဆေးခဲ့တာချိန်မှာတော့ အကျဉ်းသား (၃၁) ယောက်နဲ့ မိသားစုဝင် (၄) ယောက် စုစုပေါင်း (၃၅) ယောက်တို့မှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ အတည်ပြုလူနာတွေကို အကျဉ်းထောင်ထဲမှာပဲ သီးခြားထားပြီး ကုသပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်မှာ ထောင်ဝန်ထမ်းနဲ့ အကျဉ်းသား(၁၈၀)ဝန်းကျင်မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့လို့ သီးခြားကြပ်မတ်ထားရတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page