မြူးဇစ်ဇုန်ပိုင်ရှင် လတ်တလော မအားသေး၍ တနင်္လာနေ့မှ လာအဖမ်းခံမည်ဟုဆို

မြူးဇစ်ဇုန်ပိုင်ရှင် လတ်တလော မအားသေး၍ တနင်္လာနေ့မှ လာအဖမ်းခံမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်​ရောဂါကူးစက်မှု များပြားခဲ့သည့် မြူးဇစ်ဇုန် ပိုင်ရှင်နှင့် မန်နေဂျာကို လက်ရှိတွင် အမှုဖွင့်ထားပြီး ၎င်းတို့အနေဖြင့်လာမည့် (အောက်တိုဘာ ၅ ရက်)မှ လာအဖမ်းခံမည်ဖြစ်​ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောပါတယ်။

“လက်ရှိမှာတော့ မဖမ်းသေးဘူး။ တနင်္လာနေ့ (အောက်တိုဘာ ၅ ရက်) ကမှ သူတို့ကိုခေါ်ထားတာပေါ့။ သောကြာနေ့က ရှေ့နေနဲ့ကိုယ်စားလှယ်နဲ့ လာတယ်တဲ့။ ရဲမှူးဆီက သိရတာပေါ့နော်။ ဆိုလိုတာက တနင်္လာနေ့ကျမှ လာအဖမ်းခံမယ်ပေါ့။ အဲသဘောမျိုး” ဟုပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောပါတယ်။

လက်ရှိတွင် အဆိုပါ မြူးဇစ်ဇုန် ပိုင်ရှင်သည် အလှူအတန်းများ လိုက်လံပြုလုပ်နေကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်၌ ပျံ့နှံ့နေသည့် သတင်းများအရ သိရှိရပါတယ်။

အဆိုပါ မြူးဇစ်ဇုန် သည် ကေတီဗီ နှင့် စားသောက်ဆိုင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးဇော်မင်းနှင့် မန်နေဂျာဖြစ်သူ ကိုမျိုးဇော်ကို (ခ)ကိုကျော်ကျော်တို့ကို သင်္ဃန်းကျွန်းမြို့မရဲစခန်း၌ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်ဒုတိယလှိုင်းကာလ၌မြူးဇစ်ဇုန် မှ ပိုးတွေ့ရှိမှုသည် ဆိုင်ဝန်ထမ်း ၇၁ ဦးနှင့် ၎င်းတို့နှင့် စပ်ဆက်မှုများအပါအဝင် စုစုပေါင်း ၉၁ ဦးရှိကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page