(၃) တန်း စာသင်ခန်းမှာ ပြထားတဲ့ မံမီရုပ်အလောင်းနှင့် အတုယူစရာ ပညာရေးစနစ်

အခုဓာတ်ပုံထဲ မြင်ရတာတွေက အီဂျစ်က ပိရမစ်တွေရဲ့ အတွင်းဘက်မှာ တွေ့ရတဲ့ မံမီရုပ်အလောင်းတွေကို ထားရာ Burial Chamber လို့​ခေါ်တဲ့ သင်္ချိုင်းဂူအခန်းရဲ့ ပုံအတိုင်း စက္ကူတွေနဲ့ အတုလုပ်ထားတာပါ။

ဘေးမှာရေးထားတဲ့ စာတွေကလည်း ဟိုက်ရိုဂလစ်ဖ် (hieroglyphs) လို့ခေါ်တဲ့ ရှေးဟောင်းအီဂျစ်အရုပ်စာတွေ။ မြင်ရတဲ့ ခေါင်းတလားထဲမှာဆို မံမီရုပ်အလောင်းနဲ့ ပုံစံတူ စက္ကူနဲ့ လုပ်ထားတဲ့ အလောင်းအတုပါ ရှိသေးသတဲ့။ အဲဒါတွေက မြင်သာပါတယ်။ တကယ် စိတ်ဝင်စားစရာကောင်းတာက ဒီဓာတ်ပုံကို ဘယ်မှာရိုက်လာသလဲ ဆိုတာပဲ။

ဟုတ်ကဲ့။ အဲဒါ ၈ နှစ်အရွယ် ၃ တန်းကျောင်းသူ ကျွန်တော့်သမီး အငယ်မရဲ့ ကျောင်းက သူတို့စာသင်ခန်းမှာ ရှိနေတဲ့ ပုံတူပြခန်းပါ။ ဟိုတစ်နေ့က သူ့အတန်းပိုင်ဆရာနဲ့ မိဘဆရာ အစည်းအဝေးသွားတွေ့ ဆွေးနွေးတုန်းက တွေ့လို့ ဓာတ်ပုံရိုက်လာတာ။

သူတို့ကျောင်းမှာ ရှေးဟောင်းအီဂျစ်ပြည်အကြောင်း သင်နေရတယ်ဆိုတာတော့ သိထားပါတယ်။ သူတို့ဆီကကျောင်းတွေနဲ့ ပညာရေးစနစ်ရဲ့ ထုံးစံအတိုင်း သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ထောက်ကူတွေလည်း အခန်းထဲမှာ လုပ်ထားကြမှာပဲလို့လည်း ထင်ထားပါတယ်။ ဒါပေမဲ့ ဒီလောက် အသေးစိတ်အကျအန လုပ်ထားလိမ့်မယ်လို့တော့ မထင်ထားမိခဲ့တာ အမှန်ပါပဲ။

သမီးငယ်က ဒီနှစ်မှာ သမိုင်းနဲ့ လူမှုရေးဘာသာရပ်တွေမှာ အရင်ထက်ပိုပြီး စိတ်ဝင်တစားရှိလာတာ ရှေးဟောင်းအီဂျစ်အကြောင်း အတော်အသေးစိတ်ကလေးတွေ မှတ်မိနေတာတွေ ပြန်ပြောပြတော့ နည်းနည်း အံ့ဩနေတာ။ အခု ဒီလိုလုပ်ထားတဲ့ စာသင်ခန်းထဲ သင်နေတယ်ဆိုတာ တွေ့လိုက်ရတော့ မအံ့ဩတော့ဘူး။ ဒီလို စာသင်ခန်းထဲမှာ ကလေးတွေဟာ သူတို့ကိုယ်သူတို့ အင်ဒီယာနာဂျုံးကလေးတွေ၊ လာရာခရော့ဖ်ကလေးတွေလို့ စိတ်ကူးယဉ်လို့ ရနေမှာဆိုတော့ စာသင်နေရတယ်တောင် မထင်ရဘဲ စိတ်ဝင်တစားနဲ့ သင်ယူနေကြတော့မှာကိုး။

အဲ… အပြန်မှာကော ညဘက်ကျတော့ပါ တွေးမိတယ်။ ငါတို့ဆီက ကျောင်းတွေမှာ ဒီလို သင်နိုင်ရင် ဘယ်လောက် ကောင်းလိုက်မလဲလို့။

မူလတန်းကျောင်းတစ်ကျောင်းမှာ ဒါမျိုးတစ်ခန်းလုပ်ထားဖို့ ငွေလည်း ဒီလောက်အများကြီး မကုန်လောက်ပါဘူး။ ကတ္ထူစက္ကူတွေနဲ့ ရောင်စုံခဲတံနည်းနည်းရယ်ပဲ လိုတာလေ။ နောက်တစ်ခုက ပန်းချီလေးဘာလေး နည်းနည်းပါးပါး ဆေးခြယ်တတ်တဲ့သူရယ်၊ သင်ရမယ့်ဆရာရယ် ပူးပေါင်းပြီး အားထုတ်မှုတော့ လိုပေမပေါ့။

ဒါပေမဲ့ ဒီလို အလွယ်တွေးမိတဲ့ ဒီအထင် ဒီအတွေးကို မနေ့က လကြတ်တဲ့ကိစ္စမှာ အယူသည်းပြီး ထင်ရာတွေ ရေးနေ၊ ရှယ်နေကြတာတွေ တွေ့ရတဲ့အခါ ကိုယ့်ဘာသာကိုယ် သံသယဝင်လာမိတယ်။

ဘာလို့လဲ ဆိုတော့ တလရပြီးလို့ ခေတ်ကြီး ငြိမ်းချမ်းလာလို့ သင်ထောက်ကူဖိုးကော၊ အရည်အချင်းရှိတဲ့ ဆရာတွေကော ရှိလာရင်တောင် အယူသည်းပြီး မဟုတ်ကဟုတ်က အစွဲအလမ်းတွေကြီးလွန်းလှတဲ့ လူတွေက မိဘတွေ ဖြစ်နေကြတဲ့ နိုင်ငံမှာ ဒါမျိုး ခေါင်းတလားပုံကို မူလတန်း စာသင်ခန်းထဲ ထည့်သင်ဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ တွေးမိသွားလို့။

ချက်ချင်းပဲ ကြားယောင်မိတာတွေက “နမိတ်မရှိ၊ နမာမရှိတွေ။ သရဲကပ်နေရင် ဘယ်လိုလုပ်မလဲ။ ကြံကြီးစည်ရာဟယ်၊ ခေါင်းတလားပုံစံတူတင်မက မံမီအလောင်းပုံပါ အထဲထည့်ပြီး စာသင်ခန်းထဲ ထည့်ထားတယ်ဆိုတော့ ကလေးတွေ ကြောက်နေကြရှာမှာပေါ့” စသဖြင့်စသဖြင့် စကားတွေ။ အေးလေ။ ဒီစကားတွေကို မြန်မာပြည်မှာတော့ မှားတယ်လို့ပြောလို့မရဘူးပေါ့။ နဂိုတည်းက စုန်းတွေ၊ နတ်တွေ၊ သရဲ၊ ငရဲတွေနဲ့ ကြောက်အောင် ခြောက်ထားပြီးသား ကလေးတွေဆိုရင်တော့ တကယ် ကြောက်ချင်ကြောက်နေကြမှာ။ (အဲဒီလို မခြောက်ထားရင် ကလေးတွေဟာ ဒါမျိုးတွေကို အဓိပ္ပါယ်မရှိ မကြောက်တတ်ကြဘူး ဆိုတာကတော့ အိမ်က သမီးတွေက လက်တွေ့ပါပဲ။)

တစ်ချို့က မေးကြမယ်။ “အီဂျစ်အကြောင်း သင်တာပဲကွာ။ ပိရမစ်ပုံတွေ သင်ထောက်ကူလုပ်လည်း ရတာပဲ။ ဘာဖြစ်လို့များ ခေါင်းတလားနဲ့ မံမီပုံတူ လိုမလဲ” ဆိုပြီးတော့။ အဖြေက ဟုတ်တယ် အခေါင်းနဲ့ မံမီပါမှ ဖြစ်မှာလား ဆိုတော့ မဟုတ်ဘူး။ မဖြစ်လည်း အလားတူ စိတ်ဝင်စားစရာ ဖြစ်အောင် လုပ်သင်လို့ရလောက်မှာပါပဲ။

ဒါပေမဲ့ ဒီကိစ္စတွေဟာ “လိုသလား ဆိုတော့ မလိုဘူး၊ မလိုဘူးလား ဆိုတော့ လိုတယ်” ဆိုတဲ့ စကားလိုပေါ့။ သင်ခန်းစာအတွက် တခြားအစားထိုးလို့ရတယ်။ အဲ.. ဒါပေမဲ့ အဓိပ္ပါယ်မဲ့ အစွဲတွေ၊ အယူသီးမှုတွေကြောင့် အစားထိုးရတာ ဖြစ်တဲ့အခါ လွတ်လပ်စွာ စဉ်းစားသင်ယူ လေ့လာခွင့်ရတဲ့ ပညာရေး (Academic Freedom) ဆိုတဲ့ သဘောသဘာဝက ဆုံးရှုံးသွားပြီ။ ဆရာတွေကော ကျောင်းသားတွေမှာပါ စာသင်ခန်းထဲ စိတ်ကူးဉာဏ် လွတ်လပ်စွာ ကွန့်မြူးခွင့် ဆုံးရှူံးသွားပြီ။ အဲ… အဲဒီလို “လို”သွားတာကြီးတွေက ဘာနဲ့မှ အစားထိုးလို့ မရတော့ဘူး။

ဘယ်ကိစ္စမှာမဆို အဓိပ္ပါယ်မဲ့တဲ့ အကန့်အသတ်တွေနဲ့ စဉ်းစား၊ အကန့်အသတ်နဲ့ တွေးတောပြီး ကြီးပြင်းလာတဲ့ ကလေးတွေဟာ လွတ်လပ်စွာ စဉ်းစားတွေးခေါ်ပြီး ကြီးပြင်းလာတဲ့ ကလေးတွေနဲ့ ဘယ်လိုမှ ယှဉ်နိုင်ဖို့ မလွယ်ကူတော့ဘူး။ လွတ်လပ်စွာ စဉ်းစားကြီးပြင်းလာသူတွေဟာ မလွတ်လပ်တဲ့ ပညာရေး၊ မလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းမှာ ကြီးပြင်းလာသူတွေထက် အစစအရာရာ သာနေမှာပဲ။ ပညာရှင်ချင်း၊ စွန့်ဦးတီထွင်သူချင်း တူရင်တောင် မလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းက လူတွေက ရပ်ကွက်တစ်ခုစာ၊ မြို့တစ်မြို့စာလောက် အသုံးတည့်မှာတွေကိုပဲ တွေးနိုင်၊ ကြံရဲမဲ့ အခြေအနေမှာ လွတ်လပ်တဲ့နေရာက လူတွေက နိုင်ငံတစ်ခုစာမက တကမ္ဘာလုံးစာအပြင် စကြာဝဠာတစ်ခုလုံးစာအထိ တွေးရဲ၊ ကြံစည်ရဲသူတွေ ဖြစ်နေတတ်ကြတာ။

ဒါပေမဲ့ ကျွန်တော်တို့ဆီမှာတော့ အဲဒီလို အယူတွေအစွဲတွေရဲ့ ကန့်သတ်ချက်တွေဟာ နေရာတော်တော်များများမှာ ရုပ်ဝတ္ထုငွေကြေးချို့တဲ့မှု ကန့်သတ်ချက်တွေထက် ပိုဆိုးနေတာတွေ အများကြီးပါပဲ။

နောက်ဆုံးတော့ ဆရာအတ္တကျော် ဘာသာပြန်ထားတဲ့ ဗော်လ်တဲယားရဲ့ ကမ္ဘာကျော် အဆိုအမိန့်တစ်ခုကိုပဲ သွားတွေးမိတော့တယ်။ “လူအန္တများကို သူတို့ကိုးကွယ်နေကြတဲ့ ခြေမန်းကွင်းတွေက ချွတ်ပြီးလွတ်မြောက်စေဖို့ မလွယ်ကူဘူး (It’s difficult to free fools from the chains they revere.)” တဲ့။ (Aung Thu)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page