မန္တလေး မစိုးရိမ်တိုက်သစ်မှ သံဃာတော် ၈၇ ပါးတွင် ကိုဗစ်ပိုးတွေ့ရှိ

မန္တလေး မစိုးရိမ်တိုက်သစ်မှ သံဃာတော် ၈၇ ပါးတွင် ကိုဗစ်ပိုးတွေ့ရှိ

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မစိုးရိမ်တိုက်သစ်တွင် သီတင်းသုံးနေထိုင်ကြသည့် ရဟန်းနှင့် သာမဏေ များအား ဒီဇင်ဘာလ ၂ ရက်မှ စတင်၍ ကိုဗစ် ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာ နိုဝင်ဘာလ ၇ ရက်ထိ ရဟန်းနှင့် သာမဏေ ၈၇ ပါး ကိုဗစ် ပိုးတွေ့ခဲ့ကြောင်း မဟာအောင် မြေမြို့နယ် ကိုဗစ် ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရပါတယ်။

အဆိုပါပိုးတွေ့ရှိခဲ့သည့် သံဃာများမှာ မစိုးရိမ်တိုက်သစ်ရှိ ကျောင်းဆောင်ပေါင်း ၂၅ ခုအနက်မှ ကျောင်းဆောင် ၁၂ ခုမှ ဖြစ်ကြောင်း သိရပါတယ်။

“မစိုးရိမ်တိုက်သစ်က ဆရာတော်ကြီးတွေကအစ အားလုံးကို Swab ယူစစ်ဆေးပေးတာပါ၊ မစိုးရိမ် တိုက်သစ်ကနေ ပိုးတွေ့ သံဃာတွေလည်းရှိခဲ့တာကြောင့် အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ တိုက်သစ်မှာ ရှိတဲ့ သံဃာအကုန် စစ်တာ၊ ဒီနေ့အထိ အပါး ၈၀ ကျော်ထိ ပိုးတွေ့ခဲ့တယ်”ဟု မဟာအောင်မြေမြို့ နယ် ကိုဗစ် ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မ တီမှ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးနိုင်ဝင်းက ပြောပါတယ်။

နေရပ်ပြန်မည့် သံဃာတော်များလည်းရှိနေသဖြင့် ကျောင်းတိုက်အတွင်းနေ သံဃာတော်များကို နှစ်ကြိမ် စစ်ဆေးပြီး ပိုးမတွေ့အဖြေထွက်ရှိမှသာ ထောက်ခံချက် ထုတ်ပေး၍ နေရပ်များသို့ ပြန်ကြွနိုင် ရန်အတွက် စစ်ဆေး ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။

“ကျောင်းလာပြီး ကိုဗစ်ပိုး စစ်ဆေးတယ်၊ ဓမ္မဓိပတိကျောင်းက မဟာနယက ဆရာတော်မှာလည်း ပိုးတွေ့ခဲ့တာရှိတော့ အခု လို တစ်တိုက်လုံးကို စစ်ဆေးဖို့ ဘုန်းကြီးတို့ကပဲ မိန့်ခဲ့တာပေါ့၊ ပိုတွေ့တဲ့ ဆရာတော်လည်း ကျန်းမာ ရေးကောင်းပါတယ်၊ ကျန်တဲ့ နယကဆရာတော်တွေ စစ်ဆေးတာက ပိုး မရှိဘူး၊ သံဃာတွေအားလုံးကို ပိုးစစ်ဆေးမှု ၂ ကြိမ်လုပ်ပြီးမှ ကျန်းမာရေးထောက်ခံချက် ထုတ်ပေး ပြီး နေရပ်အရောက် မော်တော်ယာဉ်နဲ့ ပို့ပေးမှာပါ”ဟု မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဘဒ္ဒန္တ ပုညက မိန့်ကြားပါတယ်။

မစိုးရိမ်တိုက်သစ်၊ ဓမ္မဝေဒဂူကျောင်း၌ သီတင်းသုံးနေသည့် သာမဏေတစ်ပါးမှာ နိုဝင်ဘာလ ၂ ရက် ညနေပိုင်းက အနံ့ ပျောက်သွားသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ပြ သရာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓာတ်ခွဲနမူနာ(Swab) ရယူစစ်ဆေးခဲ့ရာ နိုဝင်ဘာလ ၃ ရက်တွင် ကိုဗစ် ရောဂါပိုး ကူးစက်ခံရကြောင်း စစ်ဆေး တွေ့ရှိခဲ့ ခြင်း ဖြစ်ပါတယ်။

ကျောင်းတိုက်နေ သံဃာများအတွက် သာသနာရေးဆိုင်ရာ စာမေးပွဲဖြေဆိုရန် လျှောက်လွှာ များခေါ် ယူနေသဖြင့် နေရပ်ပြန်သံဃာများ ကျောင်းသို့ ပြန်လည်ဝင်ခွင့်မပြုသည့် အခြေအနေကြောင့် အခက် အခဲများလည်း ရှိလာသဖြင့် ယခု ကဲ့သို့ စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရပါတယ်။

“သံဃာစာမေးပွဲအတွက် လျှောက်လွှာတင်ရတော့မယ်။ နေရပ်ပြန်သွားပြီး ပြန်လာရင် ကျောင်းထဲဝင် မရဖြစ် မယ်ဆိုတော့ ဒါကို ဘယ်လိုလုပ်ကြမလဲဆိုတာ ရှိသေးတယ်၊ အစိုးရ စာသင်ကျောင်းတွေ တောင် ပိတ်ထားတာဖြစ်တော့ ဘုန်းကြီးတို့ရဲ့ စာမေးပွဲတွေလည်း ဒီနစ်အတွက် နားရင်ကောင်း မယ်”ဟု မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဘဒ္ဒန္တ ပုညက ဆက်လက် မိန့်ကြားပါတယ်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျောင်းတိုက်အတွင်း သံဃာတော်များအား ကိုဗစ်ပိုး စစ်ဆေးပေးပြီးနောက် ထောက်ခံချက် ထုတ်ပေး၍ နေရပ်ပြန်ကြွမည့် ခရီးလမ်းကြောင်းအတိုင်း ယာဉ်များဖြင့် ပို့ဆောင်ပေးရန် စီစဉ်ပေးထား ကြောင်း သိရသည်။

မစိုးရိမ်တိုက်သစ်သည် အထက်မြန်မာပြည်၌ နာမည်ကျော် ပရိယတ္တိစာသင်တိုက်တစ်ခုဖြစ်ပြီး ပုံမှန်အချိန်များတွင် စာသင်သား သံဃာ ၃၀၀၀ ကျော်အထိ သီတင်းသုံးနေထိုင်ပြီး ကိုဗစ်ကာလတွင် စာသင်သားသံဃာများ နေရပ်အသီးသီးသို့ ပြန်လည် သီတင်းသုံးကြသဖြင့် လက်ရှိအချိန်ထိ သီတင်းသုံးနေ ထိုင်လျက်ရှိသော သံဃာများ၏ ဆွမ်းကိစ္စကို အလှုရှင်များနှင့် ကျောင်တိုက်မှ တာဝန်ယူထားကြောင်း သိရပါတယ်။

မဟာအောင်မြေမြို့နယ်တွင် ဒီဇင်ဘာလ ၆ ရက်ထေိ COVID-19 အတည်ပြုလူနာ ၁၃၂၂ ဦးထိ တွေ့ရှိထားပြီး ၈၄၆ ဦးထိ ဆေးရုံဆင်းခွင့်ရရှိထားကြောင်းနှင့် ယင်းမြို့နယ်မှာ မိမိနေအိမ်၌သာ နေထိုင်ကြရန် ထုတ်ပြန်ထားသော မြို့နယ်လည်း ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page