မန္တလေးတွင် လသားကလေးငယ်အပါအဝင် မိသားစုဝင် (၁၀) ဦး ကိုဗစ် ကူးစက်ခံရ

မန္တလေးတွင် လသားကလေးငယ်အပါအဝင် မိသားစုဝင် (၁၀) ဦး ကိုဗစ် ကူးစက်ခံရ

လသားအရွယ် ကလေးငယ် အပါအဝင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ရန်မျိုးလုံရပ်ကွက်မှ ပိုးတွေ့လူနာ ရာအိမ်မှူး၏ မိသားစုဝင် (၁၀)ဦးတွင် ကိုဗစ်ရောဂါပိုး ကူးစက်ဖြစ်ပွားနေသည်ကို စစ်ဆေးတွေ့ရှိကြောင်း ယင်းမြို့နယ် ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဌက ပြောပါတယ်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၁လမ်းနှင့် ၃၅လမ်းအနီးနေ ရန်မျိုးလုံရပ်ကွက် ရာအိမ်မှူးဖြစ်သူ အသက်(၆၀)ကျော်အရွယ် အမျိုးသားတစ်ဦးတွင် ကိုဗစ် ရောဂါပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ၎င်း၏ မိသားစုဝင်များ အပါအဝင် ထိတွေ့ဆက်စပ်သူ (၁၂)ဦးကို အောက်တိုဘာ(၁၁)ရက် ညပိုင်းက ကွာရန်တင်းစင်တာသို့ ပို့ဆောင်ခဲ့သည်။ ထို့နောက် အဆိုပါ ရာအိမ်မှူးနှင့် ထိတွေ့ဆက်စပ်မှု ရှိသူ (၁၂)ဦးကို Swab (ဓာတ်ခွဲနမူနာ) ရယူစစ်ဆေးခဲ့ရာ အသက်(၇)လအရွယ် ကလေးငယ်အပါအဝင် ရာအိမ်မှူး၏ မိသားစုဝင် (၁၀)ဦးတွင် ကိုဗစ် ရောဂါပိုးတွေ့ (Positive) အဖြေထွက်ခြင်း ဖြစ်သည်ဟု ချမ်းအေးသာစံမြို့နယ် ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ယနေ့ အောက်တိုဘာ(၁၂)ရက် ညပိုင်း ဓာတ်ခွဲနမူနာ စစ်ဆေးချက်များအရ မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်အတွင်း COVID-19 အတည်ပြုလူနာသစ် (၁၂)ဦး တွေ့ရှိပြီး (၁၀)ဦးသည် အထက်ပါ ရာအိမ်မှူး၏ မိသားစုဝင်များဖြစ်ကာ ကျန်တစ်ဦးသည် ရန်မျိုးလုံရပ်ကွက်မှပင် ဖြစ်ကြောင်း၊ အခြားတစ်ဦးမှာမူ အမရပူရမြို့နယ် ဈေးချိုရပ်နှင့် မန္တလေးဈေးချိုရပ် လိပ်စာမှားယွင်းကာ စာရင်းသွင်းထားခြင်း ဖြစ်ပြီး ယနေ့ အောက်တိုဘာ(၁၂)ရက် ဓာတ်ခွဲစစ်ဆေးချက်များအရ ချမ်းအေးသာစံမြို့နယ်အတွင်း အမှန်တကယ် ပိုးတွေ့လူနာသည် (၁၂)ဦးမဟုတ်ဘဲ (၁၁)ဦးသာ ဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ရှင်းပြပါတယ်။

ရန်မျိုးလုံရပ်ကွက်မှ ပိုးတွေ့လူနာသစ် တစ်ဦးသည်လည်း အနံ့မရသဖြင့် မန္တလေးဆေးရုံကြီးသို့ သွားရောက်ပြသကာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာမှ ကိုဗစ် ပိုးတွေ့ (Positive) အဖြေထွက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ပိုးတွေ့လူနာသစ် (၁၁)ဦးနှင့် ထိတွေ့ဆက်စပ်မှု ရှိခဲ့သူများကိုလည်း ကွာရန်တင်း စင်တာသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း ၎င်းက ပြောပါတယ်။

ပိုးတွေ့လူနာသစ် (၁၃၀၀)ကျော်အနက် အထက်ပါ ချမ်းအေးသာစံမြို့နယ်မှ ပိုးတွေ့လူနာသစ် (၁၁)ဦး ပါဝင်သလို အမရပူရမြို့နယ်တွင်လည်း ပိုးတွေ့လူနာ (၁၁)ဦးတိုးကြောင်း သက်ဆိုင်ရာမြို့နယ် ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီများမှ သတင်းရရှိပါတယ်။

အမရပူရမြို့နယ်မှ ပိုးတွေ့လူနာသစ် (၁၁)ဦးတွင် ရွှေကြက်ယက်မှ ကိုးဦး၊ အမရပူရ ဈေးချိုရပ်မှ တစ်ဦးနှင့် ရန်ကုန်မှ ပြန်လည်ရောက်ရှိလာသူ ဓနုံးကျေးရွာမှ တစ်ဦးဖြစ်ကြောင်း၊ ရွှေကြက်ယက်မှ ပိုးတွေ့လူနာသစ်များအနက် လေးဦးသည် အနံ့မရသဖြင့် ဆေးရုံတက်နေသူများ ဖြစ်ကြောင်း အမရပူရမြို့နယ် ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီနှင့် ဒေသခံ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page