မန္တလေးက အမြင့်ဆုံးဟိုတယ်ရဲ့ အထပ် (၃၀) မှ လူ (၃) ယောက် ပြုတ်ကျ
မန္တလေးက အမြင့်ဆုံးဟိုတယ်ရဲ့ အထပ် (၃၀) မှ လူ (၃) ယောက် ပြုတ်ကျ
မန္တလေးမြို့၌ အမြင့်ဆုံးဟိုတယ် တစ်ခုဖြစ်သော Grand Park ဟိုတယ်ပေါ်မှ လူသုံးဦး ယနေ့ အောက်တိုဘာ(၂၈)ရက် ညနေ(၄)နာရီကျော်အချိန်က ပြုကျခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြောပါတယ်။
ပြုတ်ကျသူ သုံးဦးသည် ဟိုတယ်အပေါ်ပိုင်းရှိ အထပ်တစ်ထပ်၌ လုပ်ငန်းခွင် ၀င်နေသူများ ဖြစ်ပြီး အသက်(၃၀)၀န်းကျင် အမျိုးသားများ ဖြစ်ကြောင်း၊ ယခုအခါ ၎င်းတို့ကို ဆေးရုံသို့ ပိုပလိုက်ပြီဖြစ်ကြောင်း ယင်းနေရာသို့ ရောက်ရှိနေသည့် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများက ပြောပါတယ်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ မသိရသေးဘဲ စစ်ဆေးနေဆဲ ဖြစ်သည်ဟု အထက်ပါ တာဝန်ရှိသူများက ပြောပါတယ်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၄လမ်း၊ ၃၉လမ်းနှင့် လမ်း ၄၀ ကြားရှိ Grand Park ဟိုတယ်သည် ၂၀၁၉ သြဂုတ်လအတွင်းက စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး အထပ် (၃၁)ထပ် ရှိကာ မန္တလေးမြို့၌ အမြင့်ဆုံးဟိုတယ်ဖြစ်သည်။ ယင်းဟိုတယ်၏ အပေါ်ဆုံးထပ်၌ ရေကူးကန်နှင့် Sky Bar များပါရှိကာ ဧည့်သည်များ တည်းခိုနိုင်ရန် အခန်း ၂၀၉ ခန်းပါရှိကြောင်း ဟိုတယ်တာဝန်ရှိသူများက ပြောကြားထားပါတယ်။
ဟိုတယ်ပေါ်မှ အမျိုးသားသုံးဦး ပြုတ်ကျမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဟိုတယ်ကို ဆက်သွယ်လို့ မရသေးကြောင်း သိရပါတယ်။