မိဘကို ခွေးနဲ့ နှိုင်းလို့ ကိုယ်တိုင် ခွေးဖြစ်သွားတဲ့ လပွတ္တာက မခင်လှ အကြောင်း

မိဘကို ခွေးနဲ့ နှိုင်းလို့ ကိုယ်တိုင် ခွေးဖြစ်သွားတဲ့ လပွတ္တာက မခင်လှ အကြောင်း (ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ)

အချိန်ကား… ကောဇာသက္ကရာဇ် ၁၃၆၄ ခုနှစ် (၂၀၀၂ ခုနှစ်) – သူ့အမည်က မခင်လှ အသက်က ၁၆နှစ်/၁၇နှစ်အရွယ် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် အပျိုအရွယ် မိန်းကလေး ဖြစ်သော်လည်း စရိုက်က ကြမ်းတမ်းလွန်းလှ၏။ ယဉ်ကျေးသိမ်မွေ့ခြင်း မရှိ။ တစ်ဦးတည်းသောသမီး ဖြစ်သည်မို့ အလွန်ဆိုး၏။ မိခင်ဖခင်တို့အား ရိုသေကိုင်းရှိုင်းမှု မရှိ။ အမြဲတစေ အော်ငေါက် ဆက်ဆံလေ့ ရှိသတဲ့။ ထို့ကြောင့်ပင် မခင်လှသည် လက်ရှိဘဝမှာပင် တစ်မြို့လုံး၊ တစ်နယ်လုံး အုန်းအုန်းကျွက်မျှ အံ့ဩစရာ၊ သနားစရာ၊ သံဝေဂ ရစရာ ကောင်းလောက်အောင် အဖြစ်ဆိုးနှင့် ရင်ဆိုင်တိုးခဲ့ရလေတော့၏။

ထိုနေ့က… မိခင်ဖခင်ဖြစ်သူတို့ ဥပုသ်သီလ ဆောက်တည်ရန် ဘုန်းကြီးကျောင်းသို့ မသွားခင် သမီးဖြစ်သူအား ဥပုသ်စောင့်ရန် ခေါ်ပါတယ်။ တစ်ဦးတည်းသော သမီး၊ အလိုလိုက်၍ အမိုက်စော်ကားသောသမီးမို့ မိခင်ဖခင်တို့အား ထုံးစံအတိုင်း မချေမငံ ပြန်ပြောတာပေါ့… ပြီးလျှင်… အရေးမပါတာတွေ လာလုပ်နေပြန်ပြီ ဆိုပြီး သောင်းကျန်းပါတော့သည်။

မိခင်ဖခင်တို့ကလည်း သမီးဖြစ်သူအတွက် စိတ်မကောင်းဖြစ်ကာ ဥပုသ်စောင့်ရန် ထွက်သွားကြပါတယ်။ ညနေစောင်း၍ ဘုန်းကြီးကျောင်းမှ ပြန်ရောက်ချိန်တွင် မိခင်ဖြစ်သူက… သမီးရေ… အမေတို့တော့ ဥပုသ်ရတယ်။ ဟင်းတွေလဲ ရှိသားပဲ။ သမီးအတွက်ပဲ ထမင်းအိုးလေးတစ်လုံး တည်ပြီး စားလိုက်တော့နော် သမီး။

ဟာ…အရေးမပါတာတွေ လုပ်ပြီ။ ထမင်းအိုးလေးတောင် တော်တို့က မတည်နိုင်ကြဘူးလားဟင်။ တော်တို့ကျတော့ စားသောက်ပြီးပြီ။ ကျုပ်ကျတော့ ဘာမှ စားစရာမရှိဘူး။ တော်ပြီ… ဒီအိမ်မှာ မနေတာပဲ ကောင်းတယ်။ ကဲဟာ…ကဲဟာ… မခင်လှက ပြောပြောဆိုဆိုနှင့် မျက်စိရှေ့တွင်ရှိသော အိုးများကို ရိုက်ခွဲပစ်လေတော့သည်။ ဒုန်း…ခွမ်း…ကဲဟာ…ကဲဟာ… ဂွမ်း…ဂွမ်း… သမီးရယ်… အမေတို့မှာ ဥပုသ်ကြီးနဲ့ပါကွယ်၊ ဥပုသ်ပျက်အောင်တော့ မလုပ်ပါနဲ့။ ဘာဥပုသ်လဲ-? ဒီအရေးမပါတာတွေ လျှောက်လုပ်ပြီး ကျုပ်စားဖို့ကျတော့ ထမင်းတောင်မရှိဘူး။

ညည်းအသက် ၁၆နှစ်၊ ၁၇နှစ်ရှိနေပြီ။ အခုထိ မလိမ္မာသေးပါလား နင် ခွေးထက်မိုက်ပါလား… ဟု မိခင်းကြီး ပါးစပ်က လွှတ်ကနဲ ထွက်သွားသည်။ ထို့နောက် မိခင်ဖခင်တို့ကလည်း စိတ်မကောင်းလှစွာနှင့် အိမ်ပေါ်မှဆင်းပြီး ရွာထဲသို့ ထွက်သွားကြတော့သည်။ နားအေးပြီးရော ရှောင်ထွက်သွားကြခြင်း ဖြစ်ပေမဲ့ နားမအေးသူက မခင်လှပင် ဖြစ်ပေသည်။

မိခင်ဖြစ်သူ၏ စကားကို ဒေါသအမျက်ခြောင်းခြောင်းထွက်၍ အာခေါင်ခြစ်ကာ အော်လိုက်သောအသံက ပတ်ဝန်းကျင်တစ်ခုလုံး စိတ်မချမ်းမြေ့ဖွယ်ရာ ထွက်ပေါ်လာလေတော့ သည်။ မိခင်ဖြစ်သူအား လက်ညှိုးငေါက်ငေါက် ထိုးရင်း ကျုပ်က ခွေးမဟုတ်ဘူး။ တော်သာ ခွေးမကြီး… ခွေးလိုကိုက်သွားတဲ့ ခွေးမကြီး တော်သာ ခွေးမကြီး တော်သာ ခွေးမကြီး… ဒေါသများ အလွန်ကြောက်စရာ ကောင်းလှပါတယ်။

မခင်လှ အော်ရင်း အော်ရင်း ဒေါသမီး၏ တောက်လောက်မှုကြောင့် တက်သွားလေတော့၏။ သတိမရ။ စကားမေးမရတော့။ ပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများ ရောက်လာ၍ စိတ်ကြီးလွန်း၍ သတိလစ်နေသော မခင်လှအား သတိလည်လာအောင် ပြုစုကြရတော့သည်။ ထိုသတင်းကို ကြားသော မိခင်၊ ဖခင်တို့သည်လည်း သောကမီး တောက်လောင်ကာ အပြေးပြန်၍ သမီးဖြစ်သူအား ပြုစု ကြပါတယ်။ မခင်လှ အချိန်အတော်ကြာ သတိလစ်နေခဲ့ပြီး သတိပြန်ရလာချိန်တွင် လူစင်စစ်က လူလို မနေတော့ဘဲ၊ ခွေးလိုနေ၊ ခွေးလိုစားတော့သည်။ ကိုယ်က လူပင်ဖြစ်သော်လည်း ခွေးလိုလေးဖက်ထောက်သွား၏။ အဝတ်အစား မကပ်တော့။ ဝတ်ပေး၍လည်း မရ။ ခွေးစိတ်လုံးလုံး ပေါက်သွားကာ မစင်တွေ စားတော့သည်။ လူလို ကောင်းကောင်းမွန်မွန် ကျွေး၍မရ။ တကယ့် ခွေးတစ်ကောင်လို ထိန်းမနိုင် သိမ်းမရ ဖြစ်ရတော့သည်။

ဝမ်းနှင့်လွယ်ပြီး မွေးခဲ့ရသော မိခင်ကြီးခင်မျာ တစ်ဦးတည်းသော သမီးလေးမို့ ချစ်မဝနိုင်အောင် ဖြစ်ခဲ့ရသော်လည်း ယခုတော့ဖြင့် ရင်ကျိုးကြရပါပြီ။ သမီးရေ…ဟု ခေါ်လိုက်လျှင် လေးဖက်ထောက် ပြေးလာပြီး မျက်ရည်များ ဝိုင်းလျက် မိခင်ကြီးအား မော့ကြည့်ရှာ၏။ သူ့မျက်လုံးများက… အမေရယ်…သမီးမှားပါပြီ ဟု တောင်းပန်နေသယောင်။

မိခင်၊ ဖခင်တို့၏ ခြေထောက်ကို လျှာဖြင့်လျှက်၏။ တောင်းပန်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ မိခင် ဖခင်ဖြစ်သူတို့မှာလည်း သမီးဖြစ်သူအား ကြည့်ရင်း ယူကြုံးမရ ဖြစ်နေရတာပေါ့… အနီးပတ်ဝန်းကျင်မှ လူအများလည်း မခင်လှအတွက် စိတ်မကောင်းခြင်းများစွာ ဖြစ်နေရရှာ၏။

မခင်လှ ခွေးဘဝရောက်သွားသော သတင်းမှာ လပွတ္တာမြို့အနီး ပတ်ဝန်းကျင်သို့ တစ်မုဟုတ်ချင်း သတင်းက ပြန့်သွားပါ တယ်။ မခင်လှ၏ မိဘများအပေါ် ပြစ်မှားစော်ကားမိသော ကံကြီးကြောင့်ပင် ခွေးဘဝသို့ ရောက်သွားပြီး သုံးရက်ခန့် အကြာ မိဘများ အရေးကြီးကိစ္စဖြင့် ခေတ္တခဏ အပြင်သွားနေခိုက် ဗိုက်ဆာလွန်း၍ ဖြစ်ပေလိမ့်မည်။ မစင်တွင်းထဲသို့ ကျသွားပြီး မစင်တွင်းထဲမှာပင် သေဆုံးသွားလေတော့ သည်။ အများက… မခင်လှ၊ ဝဋ်ကျွတ်သွားပြီ ဟု ပြောနေကြသော်လည်း အမှန်ကတော့ဖြင့် ယခုမှ ထိုဝဋ်ကို စတင် ခံစားရမှာဖြစ်ကြောင်း တွေးနေမိပါသည်။ မိဘများအား ပြစ်မှားခဲ့သော အကုသိုလ်ကံကြောင့် သူ၏လားရာအရပ်က မဟာ အဝီစိငရဲ၌ သာလျင် ဖြစ်ပေရော့မည်။ မခင်လှ ဘယ်လိုငရဲမျိုးမှာ ခံရလေမလဲ မတွေးရဲတော့ပါ။

ဤအဖြစ်အပျက်သည် လွန်ခဲ့သော ၂၀၀၂ ခုနှစ် လပွတ္တာမြို့မှာ ဖြစ်ပွားခဲ့သော တကယ့်ဖြစ်ရပ်မှန် ဖြစ်ပြီး ကာလအားဖြင့် သိပ်မကြာလှသေးပါ။ မိဘဆိုသည့် ပုဂ္ဂိုလ်များသည် ကျေးဇူးကြီးလွန်းလှ၍ သက်ရှိဘုရားဟုပင် ဆရာတော်က တင်စား ခေါ်ဝေါ်လိုက်ပါသည်။ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်မိဘတို့အား ဘယ်လိုအကြောင်းပြချက်နှင့်မှ မပြစ်မှားရပါ။ မစော်ကားရပါ။ အမေမှားနေလျှင်လည်း အမေမှန်တယ် အဖေမှားနေလျှင်လည်း အဖေမှန်တယ် ဟု နှလုံးသွင်း ချစ်ခင်ရပါမည်။ အပြစ်မမြင်တတ်ရပါ။

ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးဖြင့် ပြစ်မှားစော်ကားသူများသည် မခင်လှနောက် လိုက်ကြရမည်ဟု တထစ်ချ မှတ်ယူသင့်ကြပါသည်။ တစ်ခါတရံ စိတ်အခန့်မသင့်၍ မိဘများအပေါ် ဒေါသထွက်လိုက်မိသည်နှင့် မခင်လှအား သတိရလိုက်ပါ ဟု မှာလိုက်ပါရစေ။ စာဖတ်သူ မိတ်ဆွေ သူတော်ကောင်းများ သတိသံဝေဂ ပွားနိုင်ကြစေရန် ရည်ရွယ်ပါသည်။ ချမ်းသာလမ်းနှင့်ကန်တော့ခန်း အရှင်ဇေယျပဏ္ဍိတ(ပိုင်းလော့ဆရာတော်)

မေတ္တာဖြင့် – အရှင်ပုည (ဝကုန်း)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page