မကွေး မွေး/ကု တိုင်းညွှန်မှူးနဲ့ ဒုဦးစီးမှူးတို့ အဂတိဥပဒေနဲ့ ပါသွားပြီ

မကွေး မွေး/ကု တိုင်းညွှန်မှူးနဲ့ ဒုဦးစီးမှူးတို့ အဂတိဥပဒေနဲ့ ပါသွားပြီ

မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်စိုးဦးနဲ့ ဒုတိယဦးစီးမှူး ဒေါ်သန္တာဆင့်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုဖွင့်ထားပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနဲ့ လက်အောက်ဌာနက ဝန်ထမ်းတွေဟာ နိုင်ငံတော်မှ ချမှတ်ပေးတဲ့ သင်တန်းကြေးတွေ၊ ရုံး အဆောက်အဦတွေအတွက် အသုံးစရိတ်တွေကို ကိုယ်ကျိုးသုံးစွဲပြီး အဂတိလိုက်စားနေမှုကို အရေးယူပေးဖို့ တိုင်ကြားလာတဲ့အတွက် စစ်ဆေးရာကနေ အခုလို အမှုဖွင့်လိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒေါက်တာမောင်မောင်စိုးဦးဟာ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်ဘတ်ဂျက်နဲ့ ခွဲဝေချထားပေးတဲ့ သင်တန်းတွေ ရုံးအဆောက်အဦးဆိုင်ရာ အသုံးစရိတ်တွေကို သက်ဆိုင်ရာမြို့နယ်တွေကို ပြန်လည်ခွဲဝေပေးတဲ့အခါ ဒေါ်သန္တာဆင့်ကတစ်ဆင့် ကျပ်(၁၅)သိန်းကို သက်ဆိုင်ရာ မြို့နယ်တွေကနေ ငွေတောင်းခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီလိုငွေတောင်းခံတာကို တိုင်ကြားမှုရှိလာတဲ့အတွက် အဲ့ဒီ(၁၅)သိန်းကို ပြန်လွှဲပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီနောက် ရေစကြိုမြို့နယ်ရုံး ပြုပြင်ဖို့ နိုင်ငံတော်က ကျပ်သိန်း (၈၀) ချပေးရာမှာလည်း ကျပ်(၂၅)သိန်းခွဲပေးဖို့ ဒေါ်သန္တာဆင့်ကတစ်ဆင့် တောင်းခံခဲ့ပြီး မြို့နယ်ဦးစီးမှူးက ငွေ(၅)သိန်းလွှဲပေးရတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီဖြစ်စဉ်မှာ ဒေါ်သန္တာဆင့်ကလည်း ငွေကျပ် (၂) သိန်းကို လက်ခံရယူကြောင်း ပေါ်ပေါက်တဲ့အတွက် တိုင်းဦးစီးဌာနမှူး ဒေါက်တာမောင်မောင်စိုးဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆၊ ဒုတိယဦးစီးမှူး ဒေါ်သန္တာဆင့် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃တွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သတင်းထုတ်ပြန်ထား ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page