တချိန်မှာ လူနေထိုင်လို့ မရတဲ့အဆင့်ထိ ဖြစ်လာနိုင်တဲ့ မန္တလေးမြို့ကြီးရဲ့ ရာသီဥတု

မန္တလေးမြို့ရဲ့အပူကိုထောက်ပြထားပေမဲ့ ကလေးမြို့အပါအဝင် တနိုင်ငံလုံးရင်ဆိုင်နေကြရတာမျိုးပါ။ နောက် ၅ နှစ်ကနေ ၁ဝ နှစ်အတွင်းမှာ မန်းလေးမြို့ဟာ အတော့်ကို ပူပြင်းတဲ့ မြို့ဖြစ်လာနိုင်ပြီး .. နောက် ၁၅ နှစ်ကနေ အနှစ် ၃ဝ ကြာမှာ နေဖို့မကောင်း နေလို့ကို မရတဲ့ အဆင့်ဖြစ်လာလိမ့်မယ်။

ချမ်းတုန်လို့ လမ်းစုံက ဟစ်ကာ အော်လိုက်ချင်တယ်တို့ .. အရိုးကွဲအောင် ချမ်းတာတို့ .. အေးလွန်းလို့ ပါးတွေပြဲ နှုတ်ခမ်းတွေကွဲကြတာတွေဟာ ယနေ့ခေတ်ကလေးတွေပြောပြရင် ဘယ်သူမှ ယုံမယ် မထင်တော့။

သာမန် အအေးဆုံးနဲ့ အပူဆုံးအချိန်တွေဟာ နွေရာသီဆို ၂ဝ – ၄ဝ .. ဆောင်းတွင်းဆို ၈ – ၁၆ – ၂ဝ ပဲ။ တကယ့်ကို အဲကွန်း ရာသီဥတုမျိုး ၂ဝ – ၂၅ ဟာ ၁ နှစ်တာမှာ ၅ လ လောက်ရှိမယ်။ ၃ – ၄ လက ဆောင်း .. ကျန်တဲ့ ၃ လလောက်က နွေဆန်ဆန်ပဲ။ သို့ပေမယ့် အခုလို နင်းကန်ပူတဲ့အဖြစ်မျိုးတော့ မဟုတ်။

တခေတ်က မန်းလေး ဘယ်လောက်ထိ အေးသလဲဆိုတာ မန်းလေးသူ မန်းလေးသားတိုင်း သိတယ်။ ဟိုး လွန်ခဲ့တဲ့ အနှစ် အစိတ် – ၃ဝ လောက်က .. ပူအိုက်တဲ့ နွေရာသီမှာ လမ်း ၃ဝ အတိုင်း အထက်တက်သွားလို့ မင်္ဂလာဈေးကျော်တာ နဲ့ ရဲသိပ္ပံနားဆို ကျောကို ချမ်းနေအောင် စိမ့်ကနဲ အေးသွားတယ်။

သို့ပေမယ့် .. မလျှော်မကန်တဲ့ မြို့ပြ တိုးတက်မှု .. အထူးသဖြင့် ဘာ Town Planning မှ မရှိပဲ မဟားဒယားတွေ ဆောက်ကြတဲ့ နောက်ပိုင်း မြို့ဟာ တစတစ ပျက်ဆီးလာတယ်။

ဆိုကြပါစို့ ဟိုး အနှစ်အစိတ်ကျော် .. တခေတ်က ၉ လပိုင်းအလွန်ဆို .. ဆောင်းဦးပေါက် စအေးနေပြီ။ ၁ဝ လပိုင်း ၁၁ လပိုင်းကနေ ၁ လပိုင်းထိ ချမ်းကြလွန်းလို့ မီးလှုံကြရတယ်။ ဂွမ်းကပ်စောင်တို့ ရေနွေးအိတ်တို့ ခြေစွပ်တို့ စွပ်ရတဲ့အပြင် နှာရည်ကျလွန်းလို့ ခြေဖဝါး ရေနံဆီလိမ်းရတာတို့ ချမ်းလွန်းလို့ ကိုယ်မကိုက်အောင် မုံညှင်းဆီလိမ်းအိပ်ကြရနဲ့။

၁၉၉၉ လောက်မှာ အအေးလှိုင်းကျတဲ့အချိန် မန်းလေးမြို့ဝန်းကျင် အထူးသဖြင့် မတ္တရာ မိုးကုတ် မေမြို့တို့ဖက်မှာ မျက်နှာပြင် ရေခဲပြီး မန်းလေးမြို့ကိုယ်တိုင်က ၂ ဒီဂရီ ဝန်းကျင်ထိဖြစ်သွားဖူးတယ်။ တကယ်တန်း Weather App အရဆို Feels Like 0 တို့ – ဘယ်လောက်ထိ။ လမ်းတိုင်းလိုလိုက မနက်ထွက်တဲ့ဆိုင်လေးတွေရှေ့ အထူးသဖြင့် လက်ဘက်ရည်ဆိုင်တွေဆို အနွေးဓါတ်ရအောင် သစ်ကိုင်းခြောက်မီးဖိုရတဲ့အဖြစ်မျိုး။

သို့ပေမယ့် ကိုယ့်မင်းကိုယ်ချင်း ကိုယ့်လောဘနဲ့ ကိုယ် .. လူ ၃ – ၄ ယောက်နေတဲ့အိမ်ကို ၄ – ၅ – ၆ ထပ်တိုက်တွေ ဆောက်ကြတယ်။ ကျွန်တော် တခါ ရေးဖူးပါတယ် .. သူကတိုက်ဆောက်ရင် ငါလည်း ဆောက်မယ်ဆိုပြီး မဟားဒယားတွေ ဆောက်ကြတယ်။ နေတာ လူ ၃ – ၄ ယောက် .. ပြီးတော့ မန်းလေးမြို့သူ မြို့သား Behavior အရ တိုက်တာ ၃ – ၄ ထပ်ဆောက်မယ် .. ဘယ်တော့မှ အပေါ်ထပ်တွေမှာ လူမနေဘူး .. အောက်ထပ်မှာ အကုန် စုပြုံထိုင်ကြတဲ့ သဘော။

ဆိုလိုတာက မန်းလေးတဝိုက်က သဘာဝကျောက်တောင်တွေဟာ လူတွေ လောဘကြောင့် ပျက်ဆီးကုန်တယ်။ နောက် တိုက်ဆောက်ပြီးတာနဲ့ ကျုပ်တိုက် လှတယ်ဆိုတဲ့ သဘောနဲ့ အိမ်ရှေ့မျက်နှာသာက ဟိုးတခေတ်က သစ်ပင်တွေကို အကုန်ခုတ်ပစ်ကြတယ်။ သစ်တပင်ခုတ် အချုပ် ၃ လ ဆိုတာ ဆိုင်းဘုတ်ပေါ်ကစာ။ အာရကေ ပေးလိုက်တာနဲ့ မီးကြိုးနဲ့ မလွတ်လို့ဆိုပြီး စည်ပင်ကိုယ်တိုင်က ခုတ်တယ်။ ကွန်ကရစ်အပူချိန်ဟာ အဆိုးဝါးဆုံးမို့ သစ်ပင်နည်းလာသမျှ အပူချိန်က ပိုများလာပြီ။

နောက် အဆိုးဝါးဆုံးဟာ .. မြေအောက်ရေကို မဟားဒယား စုတ်ထုတ်ကြတယ်။ တခေတ်က စီမံကိန်းအဖြစ် ရေမီတာတွေလုပ်တယ်။ ပြသနာက လူတွေ။ မီတာခ မပေးချင်ကြလို့ တုတ်တွေထိုး .. ပိုက်တွေပြောင်းတပ် .. နောက်ပြီး သိတော်မူကြတဲ့အတိုင်း ကိုယ်တွေဆီက Project တခုခု လုပ်တာနဲ့ အဖျားက ရှူးနေကြ။ ရေက မလာတချက် လာတချက် လာလည်း သံချေးရေတွေလို နောက်ကျိနေတော့ ကြာတော့ မီတာရေဆိုတာ မသုံးဖြစ်တော့။

တခေတ်က ကျုံးရေဆိုတာတော့ ရှိခဲ့ပါရဲ့ .. ကန်တော့ပါရဲ့ စောက်ပေါက်တွေ အကုန်ပိတ်တော့ ကျုံးရေခေတ်က ပျက်ရော။ အဲဒီတော့ ကိုယ်မင်းကိုယ့်ချင်း ကိုယ့်ဖာသာ အဝီစိတွင်းတွေ တူးကြတယ်။ ပြသနာက မြေအောက်ရေဆိုတာ စုတ်တိုင်း မကောင်းဘူး။ အပေါ်ယံ မြေဆီလွှာခမ်းခြောက်လာတာကနေ .. တနေ့နေ့တချိန်ချိန်မှာ Sinkhole ဆိုပြီး ဝုန်းကနဲ မြေကျွံတာတွေဖြစ်တတ်တယ်။

ပြသနာက တနှစ်နဲ့တနှစ် အပြိုင်မြေအောက်ရေတွေနှိုက်ကြတော့ .. တချို့အပြော .. ရေစုတ်တာ မလိုက်တော့လို့ နောက်ထပ် ၁ဝ ပေလောက် အောက် ထပ်စိုက်တယ် စတဲ့ အသံဗလံတွေက စလာတယ်။ ဆိုလိုတာက တခေတ်က အောက်ကို ၂ ပေ ၃ ပေလောက် တူးလိုက်တာနဲ့ ရေကြောဟာ အခုဆို ပေ ၃ဝ – ၅ဝ ထိ ကျလာတယ်။

ဆိုလိုတာက အပေါ်ယံမြေဆီလွှာမှာ အစိုဓါတ်ဆိုတာ မရှိတော့။ ခြောက်သွေ့ကုန်တယ်။ မျက်လုံးထဲမြင်ကြည့် .. သစ်ပင်လည်း နည်းလာတယ် .. တချို့နေရာတွေမှာ အရိပ်ရပင်တွေ မရှိတော့ .. ကွန်ကရစ်တိုက်တွေက အပူချိန်တွေရယ် .. မြေဆီလွှာခြောက်သွေ့လာတာတွေ .. ကမ္ဘာကြီးက အပူချိန်မြင့်လာတာတွေကြောင့် .. မန်းလေးဟာ ဆောင်းပျောက်သွားတယ်။

မန်းလေးက ဆောင်းပျောက်သွားလို့ အေးမလားဆိုပြီး မေမြို့မှာ သွားပြီး အကွက်တွေ ရိုက်ဝယ်ကြရင်း မေမြို့ကိုပါ ထပ်ဖျက်ဆီးကြတယ်။ ဘာ Town Planning မှ မရှိပဲ မဟားဒယားတွေ ဆောက်ကြတဲ့အဖြစ်မှာ မေမြို့ကိုယ်တိုင်က ဘုရားစူး မိုးကြိုးပစ် မအေးတော့။ တခေတ်က ဘယ်အချိန်သွားသွား အေးတဲ့ ဖီလင်တွေဟာ လုံးဝ ပျောက်သွားတယ်။

Policy making အရ မန်းလေးမြို့တော်ဝန် ဥိးရဲလွင်ခေတ်မှာ သေချာ Town Planning တွေချ မြေအောက်ရေ ထပ်မနှိုက်တော့အောင် တားဆီးပြီး တခေတ်ကလို ရေပေးဝေရေးစနစ်တွေနဲ့ လုပ်မယ်လို့ မျှော်လင့်မိတယ်။ လုပ်ဖို့ရှိလား မရှိလားဆိုတာ မသိပေမယ့် .. လုပ်မယ်လို့ ယုံကြည်တယ်။

ပူရင် အဲကွန်းဖွင့်တာတို့ .. မီးမလာလို့ ဆိုလာတပ်ကြတာ ဖြေရှင်းနည်း မဟုတ်ဖူး .. အဲဒီဟာ ကိုယ်ချင်းစာစိတ်မရှိတဲ့သူတွေ လုပ်တဲ့အဖြစ်မျိုး။ မီးလည်းမလာ .. ရေလည်း ခက်ခဲ .. အိမ်က သွပ်မိုးနဲ့ နေနေကြတဲ့ ဆင်းရဲသား လူတန်းစားတွေ တပုံကြီး။ သူတို့ ဘယ်လောက် ပူလောင်နေသလဲဆို ခံစားပေးတတ်မှ။ ကိုယ့်လောဘကြောင့် အပေါ်ကပြောသလို မိသားစုဝင်က ခပ်နည်းနည်း ဆောက်ထားတာ ဟိုတယ် ဆန်ဆန် ၄ – ၅ ထပ် .. တပ်တဲ့ အဲကွန်းက တခန်း တလုံး .. အဲကွန်းတွေဖွင့်လို့ ထွက်လာတဲ့ ပန်ကာလေ အပူချိန်တွေ တိုက်က တန်ပြန်အငွေ့တွေ စုတ်သမျှ မြေအောက်ရေတွေကြောင့်ဖြစ်လာတဲ့ အကျိုးဆက်ဟာ ဆင်းရဲသား နင်းပြားအတွက်တော့ ငရဲပါပဲ။

သို့ပေမယ့် Domino Effect လို .. တစတစတော့ ပြိုလာတဲ့ အဖြစ်မို့ .. အဲကွန်းမရှိ သွပ်မိုးနဲ့ အပူဓါတ်တရှိန်းရှိန်းနေကြတဲ့ ဆင်းရဲသား နင်းပြားအဖြစ်မျိုးဟာ Middle Class တို့ Upper Middle Class တွေမှာ စပြီး ခံစားလာကြတယ်။

ပြသနာက ယခုပုံစံအတိုင်း ရှေ့ဆက်သွားနေရင် နောင်လာမယ့် မိမိသားသမီးတွေ နဲ့ အသက်ကြီးလာမယ့် မိမိဟာ မန်းလေးကို ဂွတ်ဘိုင်လုပ်ဖို့ ပိုနီးလာလေလေဖြစ်လာလိမ့်မယ်။

I am just reporting ပါ။

Myo Han Tun

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page