ကိုဗစ်ကြောင့် မြန်မာတို့ရဲ့ ကမ္ဘာကျော် လူသားဆန်မှုတွေ ပျောက်ဆုံး သွားခဲ့ရပြီလား?

ကိုဗစ်ကြောင့် မြန်မာတို့ရဲ့ ကမ္ဘာကျော် လူသားဆန်မှုတွေ ပျောက်ဆုံး သွားခဲ့ရပြီလား?

ကိုဗစ် နှင့် လူသားဆန်မှု

မနေ့ကမနက် ၈ နာရီသတင်းထဲမှာ ပါလာတဲ့ ကြည့်မြင်တိုင်မြို့နယ်က positive လူနာ ၂ ယောက်ထဲကတစ်ယောက်က သရက်တော ၃ လမ်းထဲက ဆေးရုံတက်နေတဲ့ အမျိုးသမီးဖြစ်‌နေတယ်။ ဘယ်ကနေ ဘယ်လိုစကူးခဲ့လဲ ဆိုတဲ့ ဇစ်မြစ်တော့ မသိရပေမယ့် သူနဲ့ ထိစပ်နေတဲ့ အထူးသဖြင့် ရေသန့်လုပ်ငန်းလုပ်‌နေတဲ့ သူ့အမျိုးသားနဲ့ ထိစပ်တဲ့လူတွေတော့ အတော်များသား။ ရေသန့်လိုက်ပို့တဲ့ အလုပ်သမားကောင်လေးတွေ ၊ဒီတလော အဲ့အမျိုးသမီးက ဆေးရုံတက်နေတယ်ဆိုတော့ သူ့အမျိုးသားအိမ်ပြန်အလုပ် လာလုပ်တဲ့ခဏအတွင်း ထိတွေ့တဲ့ အိမ်သားတွေ စသည်ဖြင့် အလျှိုလျှိုပေါ့လေ။

ဒီလိုနဲ့ အဲ့အမျိုးသမီး positive ဆိုတာသိတဲ့အချိန်ခဏအတွင်း ရပ်ကွက်လူကြီးတွေက အိမ်ကို လော့ဒေါင်း လုပ်ဖို့ပြင်ဆင်ကြပါလေကော။

အဲ့မှာ ကံဆိုးပြီး Q ဝင်ဖို့အစီအစဉ်ထဲ ပါသွားတာကတော့ သူတို့ဆီမှာ အလုပ်လုပ်တဲ့ ရေသန့်ပို့တဲ့ ကောင်လေးပဲ။ positive လို့သတင်းထွက်တဲ့နေ့မှာပဲ အဲ့အိမ်ထဲဝင်ခဲ့မိလို့ Q ဝင်ဖို့အကြောင်းဖန်လာခဲ့တယ်။ အဲ့ကောင်လေးက ဟိုဘက်ကမ်းကလာပြီး အလုပ်လုပ်တဲ့ကောင်လေး။ ဒီ positive လူနာရှိတဲ့ အိမ်နဲ့ဆက်စပ်မှုရှိတာကို သိတော့ သူ့နေရပ်က ပြန်လာဖို့အခွင့်မပေးတဲ့အပြင် ပြန်လာရင် တစ်ခုခုလုပ်မယ်ဆိုပြီး ချိန်းခြောက်ခံရတော့ သူ့ခဗျာ မပြန်ရဲရှာပဲ မိဘတွေလာပို့ခဲ့တဲ့ အဝတ်ထုပ်လေးပိုက်ပြီး ငိုနေရှာတယ်။

ဒီလိုနဲ့ အဲ့ဒီ ပိုးတွေ့လူနာရှင်မိသားစုတွေ Q ဝင်ဖို့နေရာကို သွားရမယ့်အချိန်ရောက်လာတော့ ကိုယ်တွေထင်ခဲ့တာ ဒီကောင်လေးလဲ ပါသွားမယ်ပေါ့။ သူ့အလုပ်သမား၊ သူတို့နဲ့ဆက်စပ်မှုရှိခဲ့လို့ ဒီလိုဖြစ်ရတာဆိုတော့ တစ်ခုခုများတာဝန်ယူပေးမှာပါ ဆိုပြီး အဲ့မိသားစုဝင်တွေကိုကော အဲ့ကောင်လေးကိုပါ သနားစိတ်တွေဝင်နေခဲ့တယ်။ ဘယ်လောက်မှတောင်မကြာလိုက်ပါဘူး။ Hotel Q ဝင်မယ်‌ဆိုပြီး မိသားစုလိုက် သူတို့ ကိုယ်ပိုင် ဟိုက်ဂျက် ကားနဲ့ ဟိုတယ် ကိုထွက်သွားပြီး ကောင်လေးကို အိမ်ရှေ့မှာ ပလပ်စတစ်ခုံလေးတစ်လုံးနဲ့ ထားခဲ့ပါကောလား။ ဒီကောင်လေးအတွက် တစ်ခုခုစီစဉ်ခဲ့လားဆိုတော့လဲ ဘာမျှရေရေရာရာမရှိ။ မျက်နှာလွှဲခဲပစ်နဲ့ ထွက်သွားလိုက်ကြတာ။ ပူပင်သောကတွေရှိနေမယ်ဆိုတာ နားလည်နိုင်ပေမယ့် အနည်းဆုံးတော့ ကိုယ့်ဝန်ထမ်းအတွက် တစ်ခုခုတော့စီစဉ်ပေးခဲ့သင့်တယ်မဟုတ်လား။ သူ့ရပ်ကွက်ကလဲ လက်မခံ၊ အားကိုးစရာ အလုပ်ရှင်မိသားစုကလဲ မျက်နှာလွှဲခံရတော့ ဒီကောင်လေး‌ဘယ်လောက်တောင် စိတ်ဆင်းရဲနေလိမ့်မလဲ။

Q ဝင်ဖို့နေရာတွေအားလုံးပြည့်နေပါတယ်ဆိုတော့ ဒီကောင်လေးကို ဒီ ၁၄ ရက်လုံး positive လူနာရှိတဲ့ အိမ်ရှေ့မှာပဲ အမိုးလေးလုပ်ပြီး ခြင်ထောင်ထောင်အိပ်ခိုင်းဖို့ စီစဉ်ကြတယ်။ ရပ်ကွက် သာရေးနာရေးအတွက် ဆောက်လုပ်လှူဒါန်းထားတဲ့ ဓမ္မာရုံကလဲ ပိုင်ရှင်ဘယ်သူအနေနဲ့ရှိနေလဲ မသိပေမယ့် ဒီကောင်လေးကိုထားဖို့ လက်မခံပါဘူးတဲ့လေ။ ဒီလိုနဲ့ပဲ ဒီကလေးလမ်းထဲမှာပဲ အဖီထိုးအိပ်ဖို့ ဖြစ်လာတယ်။ မိမိတို့ရပ်ကွက်ထဲက မဟုတ်သည့်‌တိုင်အောင် တစ်နေကုန်ဒီကောင်လေး စားဖို့အိပ်ဖို့ လမ်းသူလမ်းသားတွေ ကူညီပေးခဲ့ပေမယ့် ၁၄ ရက်လုံး လမ်းထဲမှာ ဒီလို အ‌ခြေ အနေပေးနေဖို့ဆိုတာ ဘေးပတ်ဝန်းကျင်ကလူတွေအတွက် စိုးရိမ်စရာ ဖြစ်နေတော့ ဒါကိုဘယ်သူမှလက်မခံခဲ့ကြဘူး။

တစ်ဖက်မှာလဲ အမိုးအကာမရှိ ခြင်ထောင်တစ်လုံးနဲ့ မြေကြီးပေါ်အခင်းခင်းအိပ်နေရတာဟာ အဆိုပါကောင်လေးအတွက် စိတ်‌ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ အခုအခြေအနေကိုကြည့်ပြီး မိမိစိတ်ထဲမှာ အတွေးများစွာဝင်လာတယ်။

အလွန်ဆုံးရှိ အသက် ၁၆၊ ၁၇ နှစ်လောက်ပဲရှိသေးတဲ့ ဒီကောင်လေး၊ ပိုးရှိမရှိ စစ်တောင်မစစ်ရသေးပေမယ့် positive လူနာရှိတဲ့ အိမ်ကို ဝင်ထွက်မိလို့ စောင့်ကြည့်လူနာစာရင်း ထဲပါနေတာကို ဝိုင်းဝန်းဖေးမရမယ့်အစား ကျိန်းမောင်းနေတဲ့ သူနေထိုင်ရာ ရပ်ကွက်ကိုပဲ အပြစ်တင်ရမလား။ မျက်နှာလွှဲခဲပစ်နဲ့ ဖြစ်ချင်ရာ ဖြစ် ကျန်ခဲ့တဲ့လူတွေရှင်းလိမ့်မယ်ဆိုပြီး ထွက်သွားကြတဲ့ အလုပ်ရှင်မိသားစုကိုပဲ အပြစ်တင်ရမလား။

တစ်နေ့လုပ်‌တစ်နေ့စားဘဝမို့ ကိုဗစ်ကာလ ဘာညာမရှောင်နိုင်ဘဲ လုပ်ကိုင်စားသောက်ဖို့အကြောင်းဖန်လာတဲ့ ထိုကောင်လေးရဲ့ ကံကိုပဲအပြစ်တင်ရမလားဆိုပြီး မေးခွန်းတွေခေါင်းထဲမှာ ဆက်တိုက်ပေါ်လာခဲ့တယ်။ ဒီလိုအတွေးပေါင်းစုံ စဉ်းစားရင်းနဲ့ပဲ ကိုယ်တွေလူ့အဖွဲ့အစည်းမှာ လူသားဆန်မှုမရှိတဲ့ အယောင်ဆောင် အမည်ခံ လူသားတွေရှိသေးပါလားဆိုတဲ့ အတွေးကတော့ဒီညအဖို့ ကိုယ့်စိတ်အစဉ်ကို ကြီးစိုးနေမည်မှာ အမှန်ပင် ဖြစ်ပါလိမ့်မည်။

PS – ဒီကောင်လေးကို တစ်ခုခုအကူအညီပေးနိုင်မယ်ဆို သက်ဆိုင်ရာ လူကြီးတွေကို ဆက်သွယ်ပေးကြပါအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်။

Than Phaye Lay

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page