စင်ကာပူပြည်တော်ပြန်တွေကို လူပေါ်လူဇော် လုပ်နေတဲ့ ကိုဗစ်ဗီဒီယိုမင်းသား

Relief flight ပြည်တော်ပြန် လေယာဉ်နဲ့ လူပေါ်လူဇော်များ

ကိုဗစ်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် စင်ကာပူမှာပိတ်မိပြီးဒုက္ခရောက်နေကြတဲ့မြန်မာတွေပြည်တော်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရ စင်ကာပူမြန်မာသံရုံး MNA လေကြောင်းလိုင်းတို့ပူးပေါင်းပြီး တပါတ်တခါလေယာဉ်ထွက်နိုင်အောင်စီစဉ်နေကြပါတယ်

ယနေ့အထိ ပြည်တော်ပြန်ဖို့ စာရင်းပေးထားသူပေါင်း(၄၅၀၀)ကျော်ရှိနေပါသေးတယ် လေယာဉ်တခေါက်ကို ခရီးသည်(၁၅၀)ခန့်သာ သယ်ဆောင်နိုင်တာမို့ အခေါက်ပေါင်းများစွ ာစီစဉ်ပေးကြရပါဦးမယ်

ပြည်တော်ပြန်များအတွက် Q စခန်းများ အဆင်သင့်ဖြစ်တဲ့ အပေါ်မှာလဲ မူတည်နေတာပါ လတ်တလေ ာပြည်တွင်းပိုးတွေ့သူနဲ့ ဆက်စပ်တွေများလာတာကြောင့် ပြည်တော်ပြန်တွေ အတွက် Q စခန်းရရှိဖို့ဟာ ပိုပိုပြီး ခက်ခဲလာပါတော့တယ်

​ဟိုးကတည်းက လေယာဉ်ပေါ်မှာ ပေါင်ပိုဆောင်ပြီး စင်ကာပူ-ရန်ကုန်-စင်ကာပူ စီးပွားရေးအရ ကုန်ပစ္စည်းတွေ သယ်ဆောင်နေကြတာပါ ပေါင်ပိုခကို ပစ္စည်းပို့ချင်သူကဆောင် သယ်ပေးသူကိုတော့ တကီလို ၂ ဒေါ်လာလောက်ပေးပြီး သယ်ကြတာပါ

အခုကိုဗစ်ကာလမှာလဲ ပြန်တော်ပြန်လေယာဉ်တွေနဲ့ ပြန်မယ့်သူတွေက တဆင့် ကုန်ပစ္စည်းတွေ ပို့နေကြတုန်းပါပဲ ခရီးသည်တယောက်ကို ကီလို၃၀နဲ့ လက်ဆွဲ(၇)ကီလို ခွင့်ပြုထားတာပါ ပေါင်း(၃၇)ကီလိုပေါ့

ဒါပေမယ့် ပုံမှန်ပြည်တော်ပြန် အများစုမှာ ကိုယ်ပိုင်ပစ္စည်း (၁၈)ကီလို ကီလို(၂၀)လောက်သာပါကြလေတော့ ပိုနေတဲ့ကီလိုအလေးချိန်ကို လူကြုံသယ်ခိုင်းတဲ့သဘောမျိုးလုပ်ကြတာပါ

ဟိုဘက် Q စခန်းရောက်တော့ ကြံဖန်ပြီးသွားထုတ်သွားယူကြလွန်းလို့ Q စခန်းဖွင့်ထားတဲ့ တချို့ဘုန်းကြီးကျောင်းတွေဆိုရင် မှောင်ခိုပစ္စည်းသယ်သူတွေရဲ့ ဒုက္ခပေးမှုတွေကြောင့် စည်းကမ်းချက် အမျိုးမျိုးထုတ်ပြန်ရတဲ့ အထိဖြစ်လာပါပြီ

ပြန်တော်ပြန်လေယာဉ်အတွက် လေယာဉ်စီးခကို အွန်လိုင်းကနေသွင်းရတာပါ စင်ကာပူမှ ာနာမည်ကြီး ကိုဘစ်ဗီဒီယိုမင်းသားတယောက် ရှိပါရောလား တချို့အိမ်အကူလေးတွေ အလုပ်သမားလေးတွေ အွန်လိုင်းကငွေသွင်းဖို့ အခက်အခဲရှိလေတော့ ဒါကိုသူက ငွေစိုက်လေယာဉ်ခ ကြိုသွင်းပေးပြီး ကူညီနေပါတယ် သာဓုခေါ်စရာပေါ့ဗျာ

​ဘယ်အလကားပါ့မလဲ သူစိုက်ထားတာကိုတော့ ပြန်ပေးရတာပေါ့ သူက ကြိုတင်ငွေစိုက်ကူညီထားရတာကိုး လေဆိပ်ကနေ ပြန်မယ့်နေ့ကို ကြိုစောင့်နေပြီး အိမ်အကူလေးတွေ အလုပ်သမားလေးတွေရဲ့ ပစ္စည်းတွေထဲကို သူသယ်စေချင်တဲ့ပစ္စည်းတွေအတင်းထိုးထည့် သယ်ခိုင်းတော့တာပါပဲ ဘယ်တပြားပေးပါ့မလဲ အတိုးအညွန့်သဘောပေါ့ ကူညီထားတာကိုး အပြစ်မဆိုသာဘူးမဟုတ်လား

သူ့မှာက မြန်မာပြည်ဘက်ကို ကိုဘစ်အလှူပံ့ပိုးပစ္စည်းတွေ ပို့ပေးရပါတယ်ဆိုတဲ့ ခေါင်းစဉ်က ရှိနေလေတော့ ခပ်တည်တည်ပါပဲ ရောချပုံများ

ပြန်တော်ပြန်တွေကို ကူညီနေတဲ့ ပရဟိတသမားတွေကတော့ လေယာဉ်ရှိတဲ့နေ့တွေတိုင်း ဒီမြင်ကွင်းကို တွေ့နေရလေတော့ မဆန်းဘူးအကိုရေ ဒီလို စီးပွားရေးသောင်းကျန်းလွန်းတာတော့ မကောင်းပါဘူး လေဆိပ်ရဲတွေက ဝိုင်းကြည့်နေတဲ့ ကြားထဲ သူက ဟိုတယောက်ကို တထုတ် ဒီတယောက်ကို တထုတ် ခွဲပေးနေတာ အမြင်မတော်ဘူးဗျ တော်ကြာစလုံးအစိုးရက ပြည်တော်ပြန်လေယာဉ်တွေကို ကြပ်လိုက်ရင် စင်ကာပူမှာ သောင်တင်နေတဲ့ မြန်မာတွေပဲ ဒုက္ခရောက်ရကြမှာတဲ့

ဪ စီးပွားရှာတတ်လွန်းပါလား မင်းသားရယ်လို့ အံ့ဩတကြီး ဖြစ်ရုံကလွဲပြီး။

ဝင်းထိန်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page