မန္တလေး လူငယ်သင်တန်းကျောင်းမှ လူငယ် (၅) ဦး Q ဝင်နေစဥ် ထွက်ပြေးမှု ဖြစ်ပွား

မန္တလေး လူငယ်သင်တန်းကျောင်းမှ လူငယ် (၅) ဦး Q ဝင်နေစဥ် ထွက်ပြေးမှု ဖြစ်ပွား

မန္တလေးမြို့ လူငယ်သင်တန်းကျောင်းမှ လူငယ်ငါးဦးသည် မသန်စွမ်းကျောင်း၌ ကွာရန်တင်း ဝင်နေစဉ် ယနေ့ စက်တင်ဘာ(၂၁)ရက် နံနက်(၄)နာရီဝန်းကျင်က ထွက်ပြေးသွားခဲ့ကြောင်း လူငယ်သင်တန်းကျောင်း တာဝန်ရှိသူများနှင့် နယ်မြေခံ ရဲစခန်းမှ သတင်းရရှိပါတယ်။

ကိုဗစ် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရီမန်၊ ချုပ်ရက်ကျ ကျောင်းသားငါးဦးကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်ရှိ မသန်စွမ်းသင်တန်းကျောင်း၌ (၂၁)ရက် ကွာရန်တင်း ထားရှိစဉ် ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားပါတယ်။

မသန်စွမ်းကျောင်းမှ ထွက်ပြေးသူ ငါးဦးသည် ရီမန်ယူထားသူများဖြစ်သော အသက်(၁၈)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၁၆)နှစ်အရွယ် တစ်ဦး၊ အသက်(၁၇)နှစ်အရွယ် နှစ်ဦး၊ အသက်(၁၄)နှစ်အရွယ် တစ်ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

၎င်းတို့သည် အခန်းအနောက်ဘက် ပြတင်းပေါက်တွင် ကာရံထားသော သံပန်းအား ပုဆိုးဖြင့် လိမ်ဆွဲ၍ဖွင့်ကာ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားပါတယ်။ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကျုံးဘေး ၁၂လမ်းနှင့် ၇၃လမ်းထောင့်ရှိ မန္တလေး လူငယ်သင်တန်းကျောင်းသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနအောက်တွင် ရှိပြီး အသက်မပြည့်သေးသော ပြစ်ဒဏ်ကျ လူငယ်များ ထားရှိရာ သင်တန်းကျောင်း ဖြစ်ပါတယ်။

မန္တလေး လူငယ်သင်တန်းကျောင်းသည် သင်တန်းသား (၂၀၀)ဝန်းကျင်သာ လက်ခံရမည့် ကျောင်းဖြစ်သော်လည်း သင်တန်းသား (၅၀၀)နီးပါး လက်ခံထားရသဖြင့် ‌နေရာထိုင်ခင်းနှင့် လုံခြုံရေးပိုင်း အပါအဝင် အဆင်မပြေမှုများ ရှိနေကြောင်း ကျောင်းတာဝန်ရှိသူများက ပြောကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page