ကိုဗစ်အထူးကြပ်မတ်ဆောင်ထဲက လူနာတွေရဲ့ အာဟာရကို စိတ်ပူတယ်ဆိုတဲ့သူတွေ သိစေဖို့

ကိုဗစ်အထူးကြပ်မတ်ဆောင်ထဲက လူနာတွေရဲ့ အာဟာရကို စိတ်ပူတယ်ဆိုတဲ့သူတွေ သိစေဖို့

ကိုဗစ်အထူးကြပ်မတ်ဆောင် ထဲက လူနာတွေရဲ့ အာဟာရကို စိတ်ပူတယ် ဆိုသူတွေကို လာလည်း လာကြည့်စေချင်တယ်။ လာလည်း လာမကြည့်စေချင်ဘူး။ မမြင် မသိဘဲ ထင်ရာမြင်ရာ ဝေဖန်နေကြလို့လေ။

ဒါကြောင့် တချက် ၂ချက်လောက်တော့ပြောပြချင်ပါတယ်။ တချို့ တွေ စွပ်စွဲကြသလို “ဆရာဝန်တွေ သူတို့ကတော့ ကူးမှာကြောက်လို့ ဝတ်စုံကြီးတွေဝတ်ပြီး”လို့ ပြောကြရအောင် မဝတ်လို့ ပိုးဝင်သွားရင် သူတို့အမျိုးအဆွေတွေကို ဘယ်သူတွေက ကြည့်မှာတုန်း။

တချို့ဆရာဝန်တွေ စွပ်စွဲကြသလို “လူနာအနားလည်းမနေ၊ သေချာလည်း စမ်းသပ်လို့ရတာမဟုတ်တော့ သေကုန်ကြတာလည်းပါမှာပေါ့” လို့လည်း မထင်မြင်စေကြလိုပါဘူး။ အပြင် control room မှာရှိတဲ့ CCTV နဲ့ Central monitor တွေက နေပြီး စဉ်ဆက်မပြတ် ကြည့်ရှုစောင့်ရှောက်နေကြသလို အလှည့်ကျ အထဲဝင်ပြီးတော့လည်း တယောက်ချင်းစီအနားမှာ သေချာစောင့်ကြပ် ကုသပေးနေကြတာကို သိလည်းသိစေချင်တယ်။

တကုတင်ပြီး တကုတင်ကူးနေရတဲ့ Covid ICU ထဲက ထရော်လီတိုင်းဟာ သောက်ဆေးထိုးဆေးတွေကို ဘဲ သယ်ဆောင်ထားတဲ့ ဆေးထရော်လေးတွေမဟုတ်ပါဘူး။ အစားအသောက်တင်ဆောင်တဲ့ ထရော်လီလေးတွေလည်း ပါပါတယ်။ လေယာဉ်မယ်လေးတွေ ထရော်လီလေးတွန်းပြီး လိုက်လံကျွေးမွေးသလိုဘဲ။ အသီးဖျော်ရည်လေးတွေ၊ နို့တွေ ပါသလို ဖျော်ပေးရမယ့် အာဟာရမှုန့် အန်ရှူးဝါးနဲ့ ဂလူဆားနား ဘူးတွေလည်းပါတဲ့အပြင် လိမ္မော်သီးလေးတွေတောင်ပါသေး ။ ခွက်ကလေးတွေနဲ့ဖျော် ပြီးတော့ လူနာ တယောက်ချင်း စိတ်ရှည်ရှည် လိုက် ကျွေး ပေးရတာ လွယ်မှတ်လို့ အာဟာရတဇွန်းတိုက်လိုက် အောက်ဆီဂျင် ရှူဖို့ပြန်တပ်ပေးလိုက်။ အစားတလုတ်ကျွေးလိုက် အသက်ရှူစက်ပြန်တပ်ပေးလိုက်။ တချို့ကျတော့ နှာခေါင်းပိုက်ကထည့်လိုက်၊ Drip တွေနဲ့ တနေ့စာတွက်ချက် ချိန်ဆ ချိတ်ပေးလိုက် မလစ်ဟင်းစေရပေါင်။

သူတို့ကိုယ်တိုင်ကျတော့ရော အာဟာရအတွက် ဂရုစိုက်နိုင်ကြရဲ့လားဆိုတာ။ ကြည့်ရင်းကြည့်ရင်း ကိုယ့် ဂျူနီယာတွေအားလုံး အရင်အလုံးအထည်တွေရဲ့ တဝက်လောက်ဘဲကျန်တော့တယ်။ အားလုံးပိန်ကျသွားလိုက်ကြတာ မြင်လိုက်တိုင်းမှာ စိတ်မကောင်းသလို ကိုယ်ခံစား ရတယ်။

နေ့နေ့ ညည နေမမြင် လမမြင်။ ဘောင်ခတ်ပြီးသာကြည့်ရတဲ့ မြင်ကွင်းတွေကလည်း ဖုတ်လှိုက်ဖုတ်လှိုက်ရှူနေကြတဲ့ လူနာများသာ။ သေမင်းနဲ့အပြိုင်လိုက်လုနေကြရတဲ့ လူနာများအတွက် စိတ်ဖိစီးမှုရဲ့ဒါဏ် ခံရတာလည်း အခုဆို ၃ လ ကျော်လာခဲ့ပြီလေ။ သူတို့ရဲ့ ညည်းသလိုလို လေသံဖျော့တော့တော့လေးတွေက “အမရယ် ထမင်းဘူးတွေလည်း စားမဝင်တော့ဘူး” တဲ့ ၃လလောက် အိမ်ထမင်း အိမ်ဟင်းနဲ့ဝေး နေကြပြီကိုး။



PPE ကြီးတွေဝတ်ပြီးအထဲဝင်သွားလိုက်ပြီဆို ထမင်းစားချိန်ကျော်သွားတောင် ပြန်ထွက်လာနိုင်ကြတာမဟုတ်ဘူး။ ပြန်ထွက်လာလည်း မောမောပမ်းပမ်းနဲ့ အဆာလွန်ပြီး မစားနိုင်ကြတော့ဘူး ဆိုတာ အပြင်မှာပျော်နေကြတဲ့ပြည်သူတွေသိရဲ့လား။

ဒီနေ့မှာမွေးနေ့ကျရောက်တဲ့ ဂျူနီယာလေးတယောက် PPE ဝတ်ပြီး အထဲမှာ အလုပ်လုပ်နေတာ နေ့လည်က မြင်ခဲ့ရတယ်။ သူမှန်း ကိုယ်ဘယ်လိုသိသလဲဆို နောက်ကျောမှာစာရေးထားလို့သာ။ လူနာတွေကြားမှာ သူအလုပ်လုပ်နေရင်း ကိုယ်အပြင်ကကြည့်နေတဲ့ control room မှန်ခန်းရှေ့က ဖြတ်အလျှောက်မှာ ကိုယ်လက်ပြလိုက်ပြီး “Happy Birthday “လို့ အမူအရာပြ နှုတ်ဆက်လိုက်တော့ ခဏရပ်တန့်ပြီး ကိုယ့်ကိုပြန်ကြည့်တယ်။ နောက်တော့မှ ကိုယ်မှန်းသိသွားပြီး လက်၂ဖက်လုံး ဝှေ့ယမ်းပြီး ကိုယ့်ကိုနှုတ်ဆက်ပါတယ်။

Maskတွေ၊ Face shield တွေ Goggle တွေ အုပ်ထားလို့ ဘာမှမမြင်ရပေမယ့် ပြုံးလိုက်တဲ့ သူ့မျက်လုံးလေးအစုံကိုတော့ မြင်လိုက်ရပါတယ်။ ပြီးတော့ သူကြည့်ရမယ့် လူနာကုတင်ရှိရာ အပြေးထွက်သွားရတဲ့အတွက် ကိုယ့်မျက်စိအောက်က ပျောက်သွားလို့ ဒီမှာပြဖို့ ဓါတ်ပုံလေးတောင်မရိုက်လိုက်နိုင်ပါဘူး။

မွေးနေ့ဆင်နွှဲနိုင်ဖို့ နေနေသာသာ ထမင်းစားချိန်တောင် အပြင်ပြန်ထွက်မလာနိုင်တဲ့ မွေးနေ့ရှင် ညီမလေးရေ Happy Birthday ပါ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ လိုအင်များအားလုံး ပြည့်စုံပါစေ။ ဒီထက်ပိုပြီးပျော်ရွှင်ရမယ့်မွေးနေ့ပေါင်းများစွာ ကို ပိုင်ဆိုင်နိုင်ပါစေ။

မွေးနေ့မှာ လူနာများကို စေတနာအပြည့်အဝနဲ့ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် အနီးကပ် ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ကုသိုလ် ဒါန အကျိုးကိုလည်း ခံစားနိုင်ပါစေ။ (ကိုယ့်ရဲ့တခြားတခြားသော ဂျူနီယာများအားလုံးလည်း အတူတူဘဲ ခံစားနိုင်ပါစေ ) “May all life’s blessings be yours on your Birthday and always” Hnin Hnin Aung yay!

Prof. Mu Mu Naing

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page