ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ရတဲ့ ကုန်းဘောင်ခေတ်က မြန်မာ့လူမျောက် မိသားစု

ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ရတဲ့ ကုန်းဘောင်ခေတ်က မြန်မာ့လူမျောက် မိသားစု

(မှတ်ချက်။ ၁၉ ရာစုနှစ်မှာ ခန္ဓာကိုယ် ထူးဆန်းစွာ ဖြစ်ပေါ်နေတဲ့ လူများကို ရုံသွင်းပြီး အထူးအဆန်းအဖြစ် ပြစားလေ့ ရှိတဲ့အလေ့အထ အနောက်နိုင်ငံတွေမှာ ရှိခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ လူ့အခွင့်အရေးနဲ့ မလျော်ညီတဲ့အတွက် အဲဒီလို ပွဲမျိုးတွေ မရှိကြတော့ပါဘူး။ မြန်မာပြည်ရဲ့ ထူးဆန်းတဲ့ မိသားစုဖြစ်တဲ့ ဦးရွှေမောင် မိသားစုကို ယခင်ခေတ်က သုံးနှုန်းခဲ့တဲ့အတိုင်း လူမျောက်ဟု သုံးစွဲထားခြင်းဟာ စာရဲ့ မူလအာဘော် မပျက်အောင်သုံးနှုန်းထားခြင်းသာ ဖြစ်ပြီး နှိမ့်ချစော်ကားလိုတဲ့ သဘောနဲ့ ခေါ်ဆိုခြင်း မဟုတ်ကြောင်း ဒီနေရာကနေ ရှင်းပြလိုပါတယ်။ စာတည်း)

ပထမဆုံး လူမျောက် ဖြစ်တဲ့ ဦးရွှေမောင် ကို ၁၇၉၆ ခုနှစ် မှာ သံလွင်မြစ် ( သို့ ) မုတ္တမြစ် ဘေးက လော နိုင်ငံ မိုင်းရုံးကြီး နယ် မှာ မွေးဖွား ခဲ့တယ်။ ( ပထဝီ အခြေ အနေနဲ့ အခေါ် အဝေါ် အရ အဲဒီ ဒေသ ဟာ အခု ထိုင်း နိုင်ငံ ထဲက Mae Yong ပဲ ဖြစ်ဖို့ များပါတယ် ) အဲဒီ ဒေသ ကို အပိုင်စား တဲ့ စော်ဘွား တစ်ယောက် က ထူးထူး ဆန်းဆန်း အမွေး အမျှင်တွေ နဲ့ ကလေးငယ် ကို မြန်မာ ဘုရင် ထံ အထူး အဆန်း လက်ဆောင် ပဏ္ဏာ အဖြစ်နဲ့ ဆက်သ လိုက်တာ မို့ သူ့ အသက် ငါးနှစ်သား အရွယ် မှာ အင်းဝ ဘုရင်ထံ ကို ရောက်လာ ပါတယ်။

သူ့ တစ်ကိုယ်လုံး မှာ အမွေး နုနုလေး တွေ ရှည်လျားစွာ ပေါက်နေ တယ်။ သူ့ မျက်လုံး အသား အရေ ပုံစံ စတာ တွေ က မြန်မာတွေ နဲ့ မတူဘူး လို့ ဆိုပါတယ်။ ( ဒီ အဖြစ်အပျက် တွေ ကို ၁၈၂၆ မှာ ပထမဆုံး မှတ်တမ်း တင်နိုင် ခဲ့တဲ့ အင်္ဂလိပ် သံအဖွဲ့ က ကရောဖို့ (ဒ်) မှတ်တမ်း ကို လူထု ဒေါ်အမာ ဆောင်းပါး ထဲမှာ ဖတ်နိုင် ပါတယ်)

ရွှေမောင် ဟာ အဲဒီ ကတည်းက နန်းတွင်း မှာ ပျော်တော်ဆက် အဖြစ်နဲ့ ကြီးပြင်း လာခဲ့တယ်။ မျောက်တွေ လို ကပြ ဖျော်ဖြေ ရပါသတဲ့။ သူ့မိဘတွေ မှာရော သူတို့ မျိုး နွယ်စု ထဲမှာပါ သူ့လို အမွေး အမျှင်တွေ မရှိဘူး လို့ သူက ပြောပါတယ်။ လူပျို အဖြစ်ကို အသက်၂၀ အရွယ် မှ ရောက်ပါ တယ်တဲ့။

အသက် ၂၂ မှာတော့ ဘုရင် က ( ဘကြီးတော် ဘုရား ) သူ့ကို လှတဲ့ နန်းတွင်းသူ တစ်ယောက် နဲ့ လက်ထပ် ပေးပါတယ်။ သူတို့ ကလေး လေးယောက် ရခဲ့တယ်။ အားလုံး က မိန်းခလေး တွေ ချည်းပါပဲ။ နှစ်ယောက် ကတော့ ငယ်ငယ် ရွယ်ရွယ်နဲ့ ဆုံးပါး သွားခဲ့ပြီး တတိယ သမီးလေး က မိခင် ဖြစ်သူ နဲ့ အတော် ကို တူပါ သတဲ့။

နောက်ဆုံး ၂ နှစ်အရွယ် ကလေး တစ်ယောက် ကတော့ သူ့ လိုပဲ အမွေး အမျှင် တွေနဲ့ ဖြစ်လာ တယ်။ အဲဒီ အငယ်ဆုံး သမီး က ရွှေမောင်ရဲ့ အမွေ ကို ဆက်ခံတဲ့ မဖုံး ဖြစ်ပါတယ်။ ကရောဖို့(ဒ်) ရဲ့ စာအုပ် ထဲမှာ ကိုရွှေမောင် နဲ့ သမီး မဖုံး ရဲ့ ပုံဆိုပြီး ဖေါ်ပြ ခဲ့ရာမှာ ကိုရွှေမောင် ရဲ့ ပုံက ဟုတ်ပေမယ့် မဖုံး ရဲ့ ပုံက မှား နေတယ် လို့ နောက်ပိုင်း မှာ ဟင်နရီနယူး(လ်) က ထောက်ပြ ခဲ့ပါတယ်။

အဲဒီနောက် ၁၈၅၅ မှာ အင်းဝကို ကပ္ပတိန် ဟင်နရီယူး(လ်) ရောက် လာခဲ့ ပါတယ်။ သူတို့ ရောက်လာချိန် မှာတော့ ကိုရွှေမောင့် သမီး မဖုံး ဟာ အသက် ၃၁ အရွယ် ရှိနေ ပါပြီ။ သူ့ကို အီတလီ လူမျိုး တစ်ယောက် က လက်ထပ်ပြီး နိုင်ငံခြား ကို ခေါ်သွားဖို့ ကြိုးစား ပါသေး တယ်။ ဒါပေမယ့် မြန်မာမင်း က ခွင့်မပြု ခဲ့ပါဘူး။ နောက်ဆုံး တော့ မဖုံးကို ဘုရင် ကပဲ သာမန် အရပ်သား တစ်ယောက် နဲ့ လက်ထပ် ပေးခဲ့ တာလို့ ဆိုရ ပါမယ်။ ဟင်နရီယူး(လ်) တို့ လာရောက် ချိန်မှာ မဖုံး မှာ သားလေး နှစ်ယောက် တောင် ရနေ ပါပြီ။ ဦးရွှေမောင် ကတော့ လူဆိုး ဓားပြတွေ သတ်ဖြတ် လို့ ကွယ်လွန် ပြီးခဲ့ပြီ လို့ သိရ ပါတယ်။

မဖုံး ဟာ လည်း သူ့ အဖေ ဦးရွှေမောင် လိုပဲ တစ်ကိုယ်လုံးကို အမွေးရှည် တွေနဲ့ ဖုံးလို့ နေပါတယ်။ မဖုံး ကနေ သားသမီး သုံးယောက် မွေးဖွား ခဲ့ပြီး အဲဒီ အထဲက မောင်ဖိုးဆက် နဲ့ မမိ တို့ဟာ မဖုံး လိုပဲ တစ်ကိုယ်လုံး မှာ အမွေးတွေနဲ့ ဖြစ်ပါတယ်။

သူတို့ မိသားစု ဟာ သူတို့ကို အထူး အဆန်း လာကြည့် တဲ့ နိုင်ငံခြားသား တွေ ဆီကနေ အခကြေးငွေ ကို ကောက်ခံ ပြီး အသက်မွေး ဝမ်းကျောင်းမှု ပြုခဲ့တယ်။ သူတို့ ဟာ ကြည့်ရှုသူ တစ်ယောက် ချင်း စီ ကနေ ရူပီးငွေ လေးဆယ် ယူတယ် လို့ သိရ ပါတယ်။

နာမည်ကြီး ဖျော်ဖြေ တင်ဆက်သူ တစ်ယောက် ဖြစ်တဲ့ ဘာနမ် ဟာ ၁၈၇၁ ခုနှစ် ကတည်း က သူတို့ကို အမေရိကန် ခေါ်ပြီး သူ့ရဲ့ ( Greatest Show On Earth ) ဆိုတဲ့ ဆပ်ကပ်ပွဲ ကြီးမှာ ပြစားဖို့ ကြိုးစား ခဲ့တယ်။ ဒါပေမယ့် ဘုရင် က ခွင့်မပြု ခဲ့ဘူး။

၁၈၈၅ မှာ တော့ သီပေါမင်း နန်းကျပြီး နန်းတွင်းရေး တွေ ရှုပ်ထွေး နေတဲ့ အချိန် မှာ မဖုံးတို့ မိသားစု ဟာ နေပြည်တော် ကနေ တောတွင်း တစ်နေရာ ကို ထွက်ပြေး ခဲ့ကြတယ်။ မောင်ဖိုးဆက် ဟာ မျက်စိ မကောင်းတော့ တဲ့ မိခင် မဖုံး ကို ကျောမှာ ပိုးပြီး ထွက်ပြေး ခဲ့တယ်လို့ ဆိုပါတယ်။ တော ထဲမှာ သူတို့ ဒုက္ခ ရောက်နေစဉ် မှာပဲ သီပေါမင်း ထံမှာ အမှုထမ်း ခဲ့ဖူးတဲ့ အီတလီ လူမျိုး အရာရှိ ကပ္ပတိန် ပေပါနို က ( Captain Paperno ) သူတို့ ကို ရှာတွေ့ ပြီး ကယ်တင် ခဲ့တယ်။ ပြီးတော့ သူတို့ ကို ဥပရော ကို ပို့ဖို့ စီစဉ် ခဲ့ပါတယ်။

၁၈၈၆ ဇွန်လ ထဲမှာ မမိ ကွယ်လွန် ခဲ့တယ် လို့ ဆိုပါတယ်။ အသက်၂၃ နှစ် အရွယ် လောက် မှာ ဖြစ် ပါလိမ့်မယ်။ ၁၈၈၆ နွေရာသီ မှာ တော့ သူတို့ကို လန်ဒန်မြို့ပီကာ ဒလီ လမ်း ပေါ်က Egyptian Hall မှာ ပြန်လည် တွေ့မြင် ရပါတယ်။

၁၈၈၆ ခုနှစ် နွေ ရာသီမှာ မဖုံး နဲ့ မောင်ဖိုးဆက် တို့ အင်္ဂလန်ကို ရောက်လာခဲ့ပါတယ်။ အဲဒီ အချိန်မှာ မဖုံး အသက် က ၆၂ နှစ် လောက် ရှိနေပြီ ဖြစ်ပြီး မျက်စိ လည်း ကွယ် နေပါပြီ။ ဘာနမ် လည်း သူတို့ ရှိရာ အင်္ဂလန် ကို လိုက်လာ ပါတယ်။ သူ့ အကြံ က အမေရိကား မှာ စီစဉ် တင်ဆက်နေ တဲ့ သူ့ရဲ့ ပွဲထဲမှာ မဖုံး တို့ သားအမိ နှစ်ယောက် ကို ပြသ ဖို့ပါပဲ။

ဒါပေမယ့် သူ့ထက် အရင် လာပြီး စည်းရုံး နေတဲ့ အခြားသော ပွဲ စီစဉ်နေသူ တွေ လည်း အဲဒီကို ကြိုရောက် နေတာကို တွေ့ခဲ့ ရတယ်။ နောက်ဆုံး မှာတော့ ဘာနမ် ဟာ အခြား သူတွေပေး တဲ့ စျေးထက် အများကြီး ပိုပေးပြီး သူတို့ မိသားစု ကို ၁နှစ် စာချုပ် နဲ့ သူ့ဆီမှာ ပြသ ဖို့ သဘော တူညီချက် ရရှိခဲ့ ပါတယ်။

မဖုံး နဲ့ သားဖြစ်သူ တို့ဟာ ၁၈၈၇ မှာ လန်ဒန် ကနေ ပြင်သစ် နိုင်ငံ က နာမည် ကျော် Folies Bergere ကို လည်း ရောက်သွား ခဲ့ပါသေး တယ်။ အဲဒီနောက် သူတို့ ဟာ ဘာနမ် နဲ့ သဘော တူညီချက် အရ အမေရိကန် က ဘာနမ် ရဲ့ ဆပ်ကပ်ပွဲ တွေမှာ လိုက်ပါ ဖျော်ဖြေ ခဲ့ကြတယ်။

စာချုပ် သက်တမ်း မကုန်ဆုံး မီကာလ ၁၈၈၈ ခုနှစ် ဖေဖော်ဝါရီလ မှာ တော့ မဖုံး ဟာ အမေရိကန် နိုင်ငံ ဝါရှင်တန် ဒီစီ မှာ ကွယ်လွန် ခဲ့တယ်။ ၁၈၅၅ ကပ္ပတိန် ဟနရီယူး(လ်) လာတုန်း က သူမ အသက်က ၃၁နှစ် ဆို ခဲ့တော့ ကွယ်လွန် ချိန်မှာ အသက် ၆၄ နှစ်လို့ မှတ်ယူ ရပါတယ်။သူ့ စျာပနကို ဝါရှင်တန် ဒီစီ သင်္ချိုင်းမှာပဲ မြန်မာ ထုံးတမ်း စဉ်လာ အတိုင်း သဂြိုဟ် ခဲ့တယ် လို့ သိရပါတယ်။

မဖုံး ကွယ်လွန် သွား ပေမယ့် မောင် ဖိုးဆက် ဟာ သူ့ မိန်းမနဲ့ အတူ ဆက်ပြီး ပွဲတွေ ပြသ ခဲ့တယ် လို့ ယူဆရ ပါတယ်။ သူ့မိန်းမ ဟာ တချိန် က နန်းတွင်း အပျိုတော် တစ်ဦး ဖြစ်ပါ တယ်။ မောင်ဖိုးဆက် ဟာ တစ်ကိုယ် လုံး အမွေးတွေ ဖုံးနေပေမယ့် ခါးကနေ စပြီး ဒူးအထိ မင်ကြောင် အပြည့် ထိုးထား တယ် နူးညံ့ သိမ်မွေ့ပြီး ဉာဏ်ရည် လည်း မနိမ့်ကျ သလို ဆက်ဆံရေး ကောင်းမွန် တယ်လို့ J.J. Weir ဆိုသူ ကလည်း မှတ်တမ်း တင်ခဲ့တယ်။

မောင် ဖိုးဆက် အကြောင်း နောက်ဆုံး တွေ့ ရတာက ၁၈၉၄ ခုနှစ်မှာ ထုတ်ဝေ ခဲ့တဲ့ World’s Columbian Dental Congress, Volume 1 မှာပါ။ အဲဒီ အထဲက ဆရာဝန် တစ်ယောက် ဟာ မောင်ဖိုးဆက် ကို ၁၈၉၁ မှာ တွေ့ဆုံ ခဲ့တယ် လို့ ဆိုပါတယ်။ သူ့ရဲ့ သွားတွေ ကို စစ်ဆေး ကြည့်ဖို့ ကြိုးစား ပေမယ့် ပွဲ စီစဉ်သူ တွေက ခွင့်မပြု ခဲ့ဘူး လို့ ဆိုပါတယ်။ အဲဒီ နောက်ပိုင်း မှာတော့ သူတို့ ရဲ့ သတင်းတွေ ပျောက်ကွယ် သွားခဲ့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page