အနံ့ မရလို့ ဆေးစစ်ဖို့ သွားကာမှ လူများနေလို့ ပြန်လွှတ်လိုက်ရတဲ့ သင်္ဃန်းကျွန်း ဆေးရုံက အဖြစ်

အနံ့ မရလို့ ဆေးစစ်ဖို့ သွားကာမှ လူများနေလို့ ပြန်လွှတ်လိုက်ရတဲ့ သင်္ဃန်းကျွန်း ဆေးရုံက အဖြစ်

အနံ့မရ၍ ကိုဗစ် ရှိမ ရှိ သိရန် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ သွားရောက်စစ်ဆေးရာ လူများနေသည်ဟုဆိုကာကာ နေအိမ်သို့ ပြန်လွှတ်ကြောင်း သွားရောက်စစ်ဆေးသူ ဒေါ်မိုးမိုးက ပြောကြားပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ်ရပ်ကွက်တွင် နေထိုင်သူ ဒေါ်မိုးမိုးမှာ စက်တင်ဘာလ ၁၀ ရက်နေ့က အနံ့မရ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ ဖုန်းဆက် အကြောင်းကြားခဲ့ပြီးနောက် စံပြဆေးရုံကြီးမှ ပရဟိတအဖွဲ့ အရေးပေါ် ကားက နေအိမ်သို့ ယနေ့ (စက်တင်ဘာ ၁၁) ည ၇ နာရီခွဲခန့်တွင် လာရောက်ခေါ်ဆောင်ခဲ့ပါတယ်။

ဆေးရုံသို့ ရောက်ရှိချိန်တွင် အရေးပေါ်ကားတွင်ပါသည့် စေတနာ့ဝန်ထမ်းက ဆေးရုံသို့ ဖုန်းဆက်ရာ စစ်ဆေးမည့်သူများကို နာရီဝက်စောင့်ဆိုင်းပေးရန် ပြန်လည်ဖြေကြား၍ စောင့်ဆိုင်းနေစဉ် PPE ဝတ်ဆင်ထားသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက လူများနေ၍ အိမ်သို့ပြန်ရန် ပြောကြားခဲ့ကြောင်း ဒေါ်မိုမိုးက ပြန်လည်ပြောပြ ပါတယ်။

“စံပြဆေးရုံရဲ့ ပြင်ပလူနာဌာနကို သူတို့ကားနဲ့ပဲ လာခေါ်တယ်။ နာရီဝက်လောက် စောင့်ဆိုလို့ စောင့်နေတုန်း လူများလို့တဲ့ဆိုပြီး ပြောတယ်။ အဲဒါဆိုလည်း ကျွန်မပိုက်ဆံတတ်နိုင်ပါတယ်။ အပြင်မှာ စစ်ပြီး ဟိုတယ်မှာ Quarantine ဝင်ပြီး စစ်မယ်ပြောတော့ ကိုယ့်ဟာနဲ့ကိုယ် ပိုက်ဆံရှိလည်း စစ်လို့မရဘူးလို့ပြောတယ်။ အန်တီ တို့ကို ပြန်လွှတ်လိုက်တယ်။ ကျွန်မနဲ့ နောက်ထပ် အနံ့မရသူတစ်ယောက် ပါသေးတယ်။ ကားပေါ်က နှစ်ယောက်လုံးကို အိမ်ပြန်ပို့တယ်။ ပြန်ရောက်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီက ဖုန်းဝင်လာပြီး မနက်ဖြန်မှ လာခေါ်မယ်လို့ ပြောတာပဲ” ဟု ဒေါ်မိုးမိုးက ပြောကြားပါတယ်။

လက်ရှိတွင် အနံ့မရသည့်လက္ခဏာမှလွဲ၍ ကျန်သော ကိုဗစ်လက္ခဏာများ ဖြစ်ပေါ်ခြင်းမရှိသေးကြောင်း၊ ၎င်းတွင် ဆီးချိုရောဂါအခံရှိကြောင်း ဒေါ်မိုးမိုးက ပြောဆိုပါတယ်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးထံသို့ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာ ဖုန်းဝင်သည့် နှစ်ကြိမ်လုံးတွင် ဖုန်းကိုင်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

သံသယလူနာအရေအတွက်များပြား၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်လည်း နေရာအခက်အခဲဖြစ်ပေါ်နေကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာမော်မော်ဦး က ပြောကြားထားပါတယ်။

လက်ရှိတွင်လည်း စက်တင်ဘာလ ၁၁ ရက်နေ့ ည ၈ နာရီအထိ ကိုဗစ်ပိုးတွေ့လူနာပေါင်း ၂၄၂၂ ဦးအထိရှိပြီး သေဆုံးသူ ၁၄ဦးအထိရှိနေပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page