ကိုဗစ်ကာလ ကျန်းမာရေးဝန်ထမ်းတွေ ကြုံတွေ့နေရတဲ့ လူမသိ သူမသိ အခက်အခဲများ

ကိုဗစ်ကာလ ကျန်းမာရေးဝန်ထမ်းတွေ ကြုံတွေ့နေရတဲ့ လူမသိ သူမသိ အခက်အခဲများ

ဆေးရုံအုပ်ကြီးသည် ကုတင်တွေ ရှာနေသည်.. ဟိုမှ ဒီမှ ချေးဌားနေရသည်။ အမှန်တော့ သူမ အိပ်စရာ ကုတင်တစ်လုံးသာလိုသည်။ အမှန်တော့ ကုတင်တစ်ခြမ်းသာ လိုသည်။ သူမ၏ မိသားစုနှင့် ခွဲနေရတာကြာပြီ… ကိုဗစ် ဆိုတဲ့ ငနဲ စပြီး ကျူးကျော်လာကတည်းက…။

အထူးကု ကြီးလည်း ညစ်နေရှာသည်။ သူမ၏ အဆောင်ကို ကိုဗစ်လူနာဆောင်အဖြစ် အသိမ်းခံလိုက်ရသည် ။ သူမ ရဲ့ ဘွဲ့တွေ တန်းစီရေးထားသော ဆိုင်းဘုတ် ကြီးလည်း ဖြုတ်ရသည်။ သူမရဲ့ ယာယီ လူနာဆောင် အဖြစ် အသုံးပြုရသော သူနာပြု အပျိုများ အဆောင်မှာကား သူမရဲ့ ဆိုင်းဘုတ် ချိတ်စရာ မရှိ ။ အားလုံးဟာ ဗြုတ်စဗျင်းလောင်း။

အဆောင်ဖယ်လိုက်ရသော သူနာပြု အပျို လေးတွေ ခမျာလည်း ဖိုသီဖတ်သီ ။ ဟို အဆောင် ပူးနေရ… ဒီနေရာ တိုးဝှေ့နေရ… ခက်တာက မကြာခဏလည်း Q ဝင်လိုက် ထွက်လိုက်နဲ့ အထုတ်အပိုး ပဲ ပြင်ပြင်နေရ… ချစ်သူ ရည်းစားနောက် ခိုးရာလိုက်တာကမှ အိန္ဒြေ ရဦးမယ် ။ ခက်တာက ငနဲသားတွေကလည်း မင်္ဂလာ ခန်းမတွေ ပိတ်ထားတာ အကြောင်းပြပြီး ယူကို မယူတာ ။ လာကို မခိုးတာ…. အမှန်တော့ ကိုဗစ်ကူးမှာ ကြောက်လို့ ။

ဆေးရုံ ဝင်းထဲက ခွေးလေ ခွေးလွင့်တွေကလည်း ညစ်နေရှာသည် ။ လူနာဆောင် အများစု မှာ တဖြေးဖြေး ကိုဗစ် အဆောင်များ ဖြစ်လာသည်။ ထိုလူနာများ၏ စားကြွင်း စားကျန် များကိုလည်း မီးရှို့ဖျက်ဆီးပစ်ရာ ခွေးလေ ခွေးလွင့်များ ရိက္ခာ ရှားပါးလာသည်။

ဒါပေသိ ဆေးရုံဝင်း ရှေ့… လမ်းမကြီး ပေါ်မှာတော့ Mask မတပ် တွေ Mask မေးချိတ်တွေ တရုန်းရုန်း သွားလာနေကြဆဲ… ကျောင်းမသွားရတဲ့ ကျောင်းသားအရွယ်တွေ စွန်လွှတ်နေကြဆဲ…

အရေးပေါ် ဌာနက ဆရာဝန် မလေး ကတော့ လယ်ဗယ်တူး ပီပီအီးကြီး ဝတ်ကာ ဘယ်တော့ ဖြေရမှန်းမသိ.. ဘယ်တော့ စစ်မယ်မှန်း မသိ… တဲ့ အထူးကု ဝင်ခွင့် စာမေးပွဲကြီး အတွက် ဖတ်ရမယ့် စာအုပ်ကြီး ရှေ့ချကာ… လွမ်းဆွေးနေလေရဲ့… သူမရဲ့ နှုတ်ခမ်းနီ ဗူးတွေ မှိုတက်ကုန်ပြီလေ။ နှုတ်ခမ်းနီ ဆိုးလည်း ဘယ်သူမှ မမြင်ရတော့ကာ…. ။

ဒေါက်တာတေဇကျော်…. မေမြို့

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page