မိုးကုတ်တွင် မြေပြိုမှုများ ဖြစ်ပွားပြီး (၄) နှစ်သား ကလေးငယ်အပါအဝင် လူ (၄) ဦး သေဆုံး
မိုးကုတ်တွင် မြေပြိုမှုများ ဖြစ်ပွားပြီး (၄) နှစ်သား ကလေးငယ်အပါအဝင် လူ (၄) ဦး သေဆုံး
မိုးကုတ်မှာ မိုးရွာသွန်းမှုများပြားပြီး မြေပြိုမှုကြောင့် လူလေးဦးသေဆုံးသွားခဲ့ပါတယ်။ မနေ့က ညပိုင်းလောက်ကစတင်ပြီး ဒီကနေ့ နံနက် ၁၁နာရီအထိ အဆက်မပြတ်မိုးရွာသွန်းပြီးနောက် မိုးကုတ်မြို့ အနောက်ပိုင်းနဲ့ အရှေ့ပိုင်းက ရပ်ကွက်အချို့မှာမြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး လူလေးဦးသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မိုးကုတ်က သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဟိန်းထက်မောင်ကပြောပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းက ရွှေတိုင်ရပ်ကွက်မှာ မြေပြိုပြီး လူနေအိမ်ပိလို့် တစ်ဦးသေဆုံးတာ၊ မြို့အနောက်ပိုင်းက ကိုးလန်ရပ်ကွက်မှာတော့ လူသုံးဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ လေးနှစ်အရွယ် ကလေးငယ်တစ်ဦးပါဝင်တယ်လို့သိရပါတယ်။
ဒါ့အပြင် မြေပြိုမှုတွေကြောင့် ဒဏ်ရာရရှိသူတွေလည်းရှိခဲ့ပါတယ်။ မနေ့ကညပိုင်းစတင်ပြီး ဒီကနေ့အထိ မိုးကုတ်မှာရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ ၆ဒသမ၆၂လက်မရှိတယ်လို့ အထက်မြန်မာပြည် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ စုံစမ်းသိရပါတယ်။
မိုးကုတ်မှာဆိုရင် နှစ်စဉ် မိုးရွာသွန်းပြီး မြေပြိုမှုကြောင့် လူသေဆုံးမှုတွေလည်း မကြာခဏဖြစ်ပွားလေ့ရှိနေပါတယ်။ အခုနေ့လယ်မှာတော့ မိုးတိတ်ပြီး ရေ ပြန်ကျသွားပြီလို့သိရပါတယ်။