ကိုဗစ်ကာလမှာ လူကြီးမိဘတွေနဲ့ အတူနေထိုင်တဲ့သူတွေ လိုက်နာရန် အချက်များ

ကိုဗစ်ကာလမှာ လူကြီးမိဘတွေနဲ့ အတူနေထိုင်တဲ့သူတွေ လိုက်နာရန် အချက်များ

ဒီရက်ပိုင်း အမေးအများဆုံးနှင့် လူတွေ စိတ်အပူဆုံး၊ အငြင်းဆုံးအကြောင်းအရာပါ။ အဖြစ်မှန်အတိုင်း အရှိအတိုင်း အမှန်အတိုင်းတည့်တည့်ပြောမှာမို့ စကားလုံးကြမ်းပါမယ်။ လက်မခံနိုင်သူများ ဝင်ရောက်ငြင်းခုံခြင်းမပြဘဲ ကျော်သွားလိုက်ပါ။ ကြိုသတိပေးပါမယ်။ သင်လက်မခံလဲ ဖြစ်နေမှာ၊ ဖြစ်လာမှာပါ။ ဒီတော့ အဖြစ်မှန်ကို လက်ခံပြီး လိုက်နာကျင့်သုံးရင် သက်သာမှာပါ။

မိဘတွေနဲ့အတူနေတယ် ကူးမှာစိုးရိမ်တယ်၊ အလုပ်ကလဲလုပ်နေရတာ ရပ်မရဘူး၊ အခန်းကျဉ်းလေးထဲမှာ တူတူနေတာ ဘယ်လိုလုပ်ရပါ့၊ အိမ်ကမိဘတွေက ရောဂါစုံတယ် စိုးရိမ်ရသလားဆရာ? ဒါတွေကတော့ အမေးအများဆုံးမေးခွန်းတွေပါ။

ငြင်းကြတာတော့.. Home Q ဆိုတာ မဖြစ်နိုင်ဘူး၊ လူကြီးတွေကူးကုန်မှာပေါ့။ မပိတ်ဘဲ ဖွင့်ထားပြီး ကိုဗစ်ကို ရင်ဆိုင်မယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး မရနိုင်ဘူး စသဖြင့်ပေါ့ ဦးဆုံးအနေနဲ့ လူကြီးမိဘတွေနဲ့ အတူနေသူတွေ လိုက်နာလုပ်ဆောင်ရမှာတွေ ပြောပေးပါမယ်..

မိဘတွေကို စိတ်ပူနေသလား.. မေ့လိုက်ပါ.. ထိုင်ပြီး စိတ်ပူနေတာ သုံးစားမရပါဘူး။ သင်စိတ်ပူလို့လဲ ကိုဗစ်က သင့်မိဘကို သက်ညှာအလွတ်ပေးမှာမဟုတ်ပါဘူး။ အလကားနေရင်းနဲ့ ကိုယ်ပါ ဖိအားဖြစ် စိတ်ညစ်ညူးပြီး ဆုံးဖြတ်ချက်လွဲတာပဲအဖတ်တင်ပါမယ်.. တကယ် ဂရုစိုက်တယ်ဆို အောက်ပြောမယ့်အချက်တွေသာ တစ်ခုမကျန်ရအောင်ကြိုးစားလုပ်ပါ။

၁။ လူကြီးမိဘတွေကို အပြင်ကို ကိစ္စနဲ့ လုံးဝမထွက်ပါစေနဲ့

ဒီဟာက ရောဂါကူးစက်မှု မဖြစ်စေရန် အကောင်းဆုံးတားဆီးနည်းပါ။ ဒါပေမယ့် ပြောဖို့ အခက်ဆုံးလဲ ဖြစ်ပါလိမ့်မယ်။ ကိုယ့်အဖေအမေလောက် ပြောရခက်တာ ကိုယ့်အဖေအမေပဲဖြစ်မှာပါ။ ငါသိပါတယ်ဆိုတာနဲ့ လုပ်ချင်တိုင်းလုပ်မှာလဲ လူကြီးတွေပဲဖြစ်ပါလိမ့်မယ်။ အိပ်ယာထဲလဲမနေရင် ခိုးခိုးထွက်မှာလဲ သူတို့ပဲဖြစ်မှာပါ။

ရအောင် သေချာရှင်းပြဖို့လိုပါလိမ့်မယ်။ ဘာမှမဖြစ်စေချင်ရင် သေချာစောင့်ကြည့်ထိန်းချုပ်ဖို့လိုပါလိမ့်မယ်။ ပြောလို့ ထိန်းချုပ်လို့မှ မရရင်တော့ အချိန်မရွေး ကိုဗစ်ဝင်ပြီး သေသွားနိုင်တယ်ဆိုတာ လက်ခံထားဖို့လိုပါမယ်။ ဒါဆို ကိုဗစ်ကို လုံးဝရှောင်လို့ရပြီလားဆိုတော့ မရပါဘူး။

လုံးဝမထွက်ဖို့ဖြစ်နိုင်လားဆိုတော့ မဖြစ်နိုင်လို့ပါ။ ရောဂါအခံရှိသူတွေ ရောဂါမထိန်းနိုင်ရင် ထွက်ကို ထွက်ရမှာပါ၊ ဆေးရုံ ဆေးခန်းပြကိုပြရမှာပါ၊ ဘယ်လောက်ချမ်းသာ ချမ်းသာ ဆရာဝန်မပြလို့မရပါဘူး၊ ဆေးရုံမတက်လို့်ရပါဘူး။ ပြပြီဆိုတာနဲ့ ကူးစက်နိုင်ချေရှိသွားပါပြီ။ ကူးရင်လဲ သေဆုံးနိုင်ချေရှိပါပြီ။

ကူးမှာကြောက်လို့ ဆေးရုံဆေးခန်းမသွားဘဲ ပိတ်နေရင်း ရောဂါတက်လို့ သေသွားတာတွေ မနည်းပါ။ ဘယ်နည်းသုံးသုံး သေမှာရှောင်လို့မရပါဘူး။ ဒီတော့ အတတ်နိုင်ဆုံးလုပ်ပေးပါ၊ ကံတရားကိုလက်ခံနိုင်အောင်သာ ကြိုးစားထားပါ။ မကုဘဲသေသွားရတာက ပိုခံစားရခက်ပါတယ်။ ကုလိုက်ရင် ကိုဗစ်ဝင်လဲ ရှင်နိုင်လောက်ချေရှိပါတယ်။

ဒီကိစ္စမှာ ကျန်းမာရေးအတွက် ချွင်းချက်အဖြစ် အပြင်လူမရှိတဲ့နေရာတွေ နေရောင်ရတဲ့ ကွင်းပြင်ကျယ်တွေကိုသွားပြီး လမ်းလျှောက်တာ အပန်းဖြေတာ လုပ်လို့ရပါတယ်။

၂။ လေကောင်းလေသန့်ရဖို့ လေဝင်လေထွက်ကောင်းအောင်ထားပါ

လူကြီးတွေနေရာကို အလုံပိတ်ခန်းဖြစ်နိုင်ရင်မထားပါနဲ့ လေဝင်လေထွက်ကောင်းပါစေ။ ဒီနေရာမှာ အပြင်က လူဖြတ်လူသွားများတယ်ဆိုရင်တော့ ပိတ်ထားတာပိုကောင်းပါတယ်။

၃။ ကိုယ်က အပြင်ထွက်နေတဲ့ရသူဆိုရင် သူတို့နား ဘာအကြောင်းနဲ့မှ မကပ်ပါနဲ့

ဒီဟာလဲ အကြီးဆုံးပြဿနာတစ်ခုဖြစ်မှာပါ။ ကိုယ့်မိဘကို အနီးကပ်ပြုစုချင်တယ်၊ ခြေဆုပ်လက်နယ်ပြုစုချင်တယ်၊ မိဘကလဲ ပူးပူးကပ်ကပ်နေချင်တယ်၊ နွေးနွေးထွေးထွေးနေချင်တယ်။ မကပ်ရင် အပြစ်မြင်မယ်။

ဟုတ်ကဲ့ သူတို့မသေစေချင်ဘူးဆို ချစ်တာတွေ ယုယချင်တာတွေ ပြုစုချင်တာတွေ မေ့ထားလိုက်ပါ။ သူတို့နေဖို့ သီးသန့်နေရာ သတ်မှတ်လိုက်ပါ။ သူတို့နေရာကိုယ်မသွားပါနဲ့၊ ကိုယ့်နေရာ သူတို့မလာပါစေနဲ့။ အခန်းရှိရင် ခွဲနေပါ။ အိမ်ကျဉ်းလဲ အနည်းဆုံး ၁၀ ပေရအောင်ခွါပါ။ သူတို့နဲ့ကိုယ့်ကြားမှာ လေအဝင်အထွက် တိုက်ရိုက်မရှိအောင် ပိုးမသွားနိုင်အောင် ပလတ်စတစ်ကာထားပါ။

အသုံးအဆောင်တွေခွဲသုံးပါ။ ပန်းကန်ပြား ဇွန်းခရင်း ရေခွက်ကအစ ခွဲသုံးပါ။ ကိုယ့်အဝတ်အစား အင်္ကျီတွေကိုဝေးရာထားပါ။ ဖြစ်နိုင်ရင် ချက်ချင်းလျှော်ပါ။

ထမင်းဟင်းကျွေးချိန်မှာ စားပွဲပေါ် တင်ထားပေးခဲ့ပြီး ကိုယ်မရှိမှ လာစားပါစေ။ ထမင်းလက်ဆုံစားချင်တာ မေ့လိုက်ပါတော့ စိတ်လျော့လိုက်ပါတော့။ စကားလက်ဆုံကျချင်ရင် ၁၀ ပေလောက်ခွါပြီးမှ ပြောပါ။

အိမ်ကျဉ်းလို့ လူကြီးနား မဖြစ်မနေဖြတ်သွားဖြတ်လာ ကပ်ရတော့မယ်ဆို Mask အကောင်းတပ်သွားပါ။ စကားမပြောပါနဲ့၊ ချောင်းမဆိုးနှာမချေပါနဲ့၊ Mask မတပ်ထားဘူးဆို ဖြစ်နိုင်ရင် အသက်ရှူအောင့်ထားပြီးမှ သူတို့နား ဖြတ်ပါ။

အိမ်သာရေချိုးခန်းကဲ့သို့ ဘုံသုံးနေရာတွေမှာ ကိုယ်သွားပြီးတိုင်း အရက်ပျံနဲ့ ဖြစ်စေ ဆပ်ပြာနဲ့ဖြစ်စေ လက်ကိုင်ဘုတို့ ဘုံဘိုင်ခေါင်းတို့ကို ပြန်ဆေးခဲ့ပါ။

အိမ်ကျဉ်းပြီးပူးကပ်နေရတယ်။ ဘယ်လိုမှလုပ်မရဘူးဆိုရင်တော့ အိမ်ခွဲနေဖို့စဉ်းစားပါ။ မခွဲနိုင်ရင် အချိန်မရွေးကူးသွားနိုင်တာကိုသာ လက်ခံထားလိုက်ပါ။ တကမ္ဘာလုံးက သက်ကြီးရွယ်အိုတွေ အဲ့လိုနဲ့ကူးပြီးသေကုန်တာပါပဲ။ နေရာမလုံလောက်တာ ကိုယ့်နိုင်ငံမှမဟုတ်ပါဘူး။

၄။ အစားအသောက်တွေ ကိုယ်ကချက်ပြုတ်ကျွေးမွေးပါ

အစားအသောက်မှာ ပါလာကောင်းပါလာနိုင်တဲ့ပိုးတွေကို ရှောင်ဖို့ delivery နဲ့ အသင့်စားတွေ မကျွေးပါနဲ့။ ကိုယ်တိုင်ချက်ကြွေးပါ။ ချက်တဲ့အချိန်မှာ ဟင်းပွဲပြင်တဲ့အချိန်တွေမှာ Mask အကောင်းစားတတ်ပါ၊ ချောင်းမဆိုးနှာမချေပါနဲ့။

၅။ အဲကွန်းကို ဘုံနေရာတွေမှာ မသုံးပါနဲ့

အဲကွန်းက ကူးတတ်ပါတယ်ဆိုတဲ့ သက်သေတွေရှိပါတယ်။ ဒီတော့ ဖြစ်နိုင်ရင် သူ့ကိုယ်ပိုင်အခန်းမှာ သူ့အဲကွန်းသူသတ်သတ်ဆိုသုံးပါ၊ ဧည့်ခန်းလိုနေရာ မသုံးပါနဲ့။ မဖြစ်မနေ သုံးရမယ်ဆို အဲကွန်းနား ၆ ပေလောက် အပြင်ထွက်နေရတဲ့သူတွေ လုံးဝ မသွားပါနဲ့

၆။ အပြင်ထွက်လို့ ကားတူတူစီးရမယ်ဆို

လူအကုန် Mask တပ်ထားပါ။ မှန်ဖွင့်စီးပါ။ မဖြစ်မနေ အဲကွန်းသုံးရမယ်ဆို လေကိုအပျော့ဆုံးဖွင့်ပါ ဖြစ်နိုင်ရင် စကားလုံးဝမပြောပါနဲ့။

၇။ အိပ်ရာထဲလဲနေသူဆို ဘယ်လိုလုပ်ရမလဲ။

ဟုတ်ကဲ့ အနီးကပ် သီးသန့်ပြုစုဖို့ တစ်ယောက်လိုပါမယ်။ အဆိုပါပြုစုသူဟာ အပြင်မထွက်ရမယ့်အပြင် အပြင်ထွက်နေတဲ့သူနဲ့လဲ အပေါ်မှာပြောခဲ့တဲ့အချက်တွေထဲကအတိုင်း လုံးဝမကပ်ဖို့ မထိတွေ့ဖို့လိုပါမယ်။ မလုပ်နိုင်ဘူးလား၊ သီးသန့်ပြုစုမယ့်သူမရှိဘူးလား။ ဒါဆိုရင်တော့ အပေါ်ကအချက်တွေလိုက်နာပြီးပြုစုပါ။

သူတို့နားကပ်မယ်ဆို Mask အကောင်းစားသေချာတပ်ပါ။ လက်သေချာဆေးပြီးမှသွားပါ။ မလိုအပ်ဘဲ စကားမပြောပါနဲ့။ မလိုအပ်ပဲ ဖက်လှဲတကင်းမနေပါနဲ့။ ပြီးတော့ ဘယ်လောက် ဂရုစိုက်ပြီးကာကွယ်ကာကွယ် အချိန်မရွေးကိုဗစ်ဝင်ပြီး သေသွားနိုင်တာကို လက်ခံထားလိုက်ပါ။ ထိုင်ပြီး complaint တက်နေလို့လဲမထူးပါဘူး။ လောကကြီးက သင်တို့လိုချင်သလို မမျှတပါဘူး။

၈။ တရုတ်နယ်စပ်မှာ ကာကွယ်ဆေးရပြီပြောတယ် ထိုးရမလား၊ ကုသဆေးပေါ်နေတယ်တိုက်ရမလား

ဟုတ်ကဲ့ ကိုယ့်မိဘကို အစမ်းသပ်ခံပူးလေးဖြစ်စေချင်တယ်ဆို ထိုးပါ။ တိုက်ပါ။ မတားပါဘူး။ စမ်းသပ်ဆဲအဆင့်ဖြစ်ပြီး စိတ်ချရခြင်းမရှိသေးတာမို့ ကာကွယ်ဆေးထိုးလိုက်ရင် အချိန်မရွေး သေသွားနိုင်ပါတယ်။ ဒီအတိုင်းနေမှ မသေအောင် ဂရုစိုက်စောင့်ရှောက်လို့ရအုံးမယ်။ ဒီအချက်ကို သိထားဖို့လိုပါတယ်။

ဒီလောက်ဆို အတော်လုံလောက်မယ်ထင်ပါတယ်။ နောက်ဆုံးပြောချင်တာ ဘယ်လောက်ဂရုစိုက်စိုက် ကူးသွားနိုင်ချေရှိတာမို့ စိတ်ထဲမှာတော့ ကြိုပြီးလက်ခံထားဖို့လိုပါတယ်။ အကောင်းဆုံးလုပ်ပေးဖို့ပဲလိုတာပါ။

ဒေါက်တာကျော်ကျော်စိုင်း (M.B.,B.S. IM1)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page