ဇမ်ဘီယာနိုင်ငံက လပ်ကီးငါးကြီး သေဆုံးသွားမှုကြောင့် သမ္မတအပါအဝင် တနိုင်ငံလုံး ဝမ်းနည်းပူဆွေးနေ

ဇမ်ဘီယာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး တက္ကသိုလ်က ရေကန်ထဲမှာ မွေးထားတဲ့ ငါးကြီးတစ်ကောင် သေသွားလို့ သမ္မတ အက်ဒ်ဂါ လွန်ဂူနဲ့အတူ တစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေးနေကြပါတယ်။ ဒီငါးကြီးသေသွားတာကို ဝမ်းနည်းကြောင်း ပြတဲ့အနေနဲ့ အဲဒီ ကော့ပါးဘဲလ် တက္ကသိုလ်က ကျောင်းသားတွေက ဖယောင်းတိုင်တွေ ထွန်းညှိပြီး တက္ကသိုလ်ဝင်းအတွင်း စီတန်း လှည့်လည်ခဲ့ကြပါတယ်။

မာဖီရှီ လို့ချစ်စနိုးခေါ်ကြတဲ့ အဲဒီငါးကြီးရဲ့အမည်နဲ့ တွစ်တာ လူမှုကွန်ရက်မှာ တင်ထားတဲ့ပို့စ်က ဇမ်ဘီယာနိုင်ငံမှာ အရမ်းရေပန်းစားနေပါတယ်။ ဒီငါးကြီးက စာမေးပွဲတွေမှာ ကံကောင်းစေတယ်လို့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေကဆယ်စုနှစ် နှစ်ခုကျော်ကြာ ယုံကြည်လာခဲ့ကြတာပါ။

ဘမ်ဘာ ဘာသာစကားနဲ့ “ငါးကြီး” လို့ အဓိပ္ပာယ်ရတဲ့ “မာဖီရှီ” ဟာ အနည်းဆုံး အသက် ၂၂ နှစ်လောက် ရှိပြီလို့ ယူဆရပြီး တက္ကသိုလ်ဝင်းထဲက ရေကန်ထဲမှာ နေနေတာ အနှစ် နှစ်ဆယ်ကျော် ရှိပြီလို့ ကျောင်းသားခေါင်းဆောင် လောရန့်စ် ကဆွန်ဒေးက ပြောပြပါတယ်။

ငါးကြီး ဘာ့ကြောင့် သေခဲ့တာလဲ ဆိုတာကို စုံစမ်းနေဆဲပဲလို့လည်း သူက ပြောပါတယ်။ “ငါးကြီးကို မမြှုပ်ရသေးဘူး။ သူ့ကို မပုပ်မသိုးအောင် ရုပ်လုံးမပျက် ဆေးစိမ်ထားဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်”

တချို့ကျောင်းသားတွေက စာမေးပွဲ မဖြေခင် ငါးကြီးကို သွားကန်တော့လေ့ ရှိကြပါတယ်။ ဒီလိုလုပ်ရင် စာမေးပွဲ ဖြေနိုင်မယ်လို့ တချို့က ယုံကြည်ကြသလို တချို့ကလည်း ငါးကြီးက သူတို့ရဲ့ စိတ်ဖိအားတွေကို ဖြေဖျောက်ပေးတယ် ဆိုပြီး ယူဆထားကြတယ်။

ဒုတိယနှစ်ကျောင်းသား အက်ဒွင် နမ်ဘိုက ဒီငါးကြီးဟာ တက္ကသိုလ်ရဲ့ အထင်ကရ သင်္ကေတ တစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။ “ရေထဲမှာ သူကူးခတ်နေတာကို ကြည့်နေရုံနဲ့တင် စာမေးပွဲ မဖြေခင်နဲ့ ပင်ပန်းနွမ်းနွယ်နေစဉ်ကာလတွေမှာ စိတ်ဖိစီးမှုဒဏ်တွေ ပြေပျောက်သွားစေတယ်” လို့ ဆိုပါတယ်။

“နိုင်ငံတစ်နိုင်ငံမှာ တိရစ္ဆာန်တွေအပေါ် ဘယ်လို ဆက်ဆံသလဲဆိုတာ ကြည့်ပြီး အဲဒီနိုင်ငံရဲ့ ကြီးကျယ်မြင့်မြတ်မှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို အကဲဖြတ်လို့ရတယ်” ဆိုတဲ့ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမ ဂန္ဒီ ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို သမ္မတ လွန်ဂူက ဖေ့စ်ဘွတ်ပေါ်က သူ့ရဲ့ဝမ်းနည်းကြောင်းသဝဏ်လွှာထဲမှာ ထည့်သွင်း ကိုးကားထားပါတယ်။

“မင်းရဲ့နောက်ဆုံးခရီးကို ကောင်းကောင်းမွန်မွန် ပို့ဆောင်ပေးကြတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ငါတို့အားလုံး မင်းကို လွမ်းဆွတ် သတိရနေကြမှာပါ” လို့ သမ္မတ လွန်ဂူက ပြောခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင် ဟာကိန်ဒီ ဟီချီလမ်မာ ကလည်း ကျောင်းသားတွေရဲ့ အချစ်တော် ငါးကြီး မာဖီရှီ ကွယ်လွန်သွားတာနဲ့ ပတ်သက်လို့ အရင်ကရော အခုပါ ကျောင်းသားထုကြီးနဲ့အတူ ဆက်ရပ်တည်ခဲ့တယ်လို့ ပြောပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ရေးသားသူတစ်ယောက်ကလည်း “သူ့ရဲ့ဆူးတောင်တွေ ငြိမ်းချမ်းစွာ အနားယူပါစေတော့၊ သူ့ရဲ့သေတမ်းစာအတွက် အကောင်းဆုံး ရှေ့နေတွေ၊ စာရင်းကိုင်တွေ ကျွန်တော်တို့ ငှားပေးလိုက်ပါတယ်” လို့ ရေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page