ကိုဗစ်ကို အဆုံးသတ်အနိုင်ယူမယ့် မေတ္တာတရား (ဒီလိုချစ်ခြင်းတရားတွေ ရှိနေသရွေ့ ကိုဗစ် အနိုင်မရစေရဘူး)

ကိုဗစ်ကို အဆုံးသတ်အနိုင်ယူမယ့် မေတ္တာတရား (ဒီလိုချစ်ခြင်းတရားတွေ ရှိနေသရွေ့ ကိုဗစ် အနိုင်မရစေရဘူး)

၃၀ ရက်နေ့ကတော့ မှတ်မှတ်ရရပါပဲ …

နေ့ခင်းဘက် ထမင်းစားသောက်ပြီး ခဏအနားယူနေတုန်း ကိုယ်တာဝန်ကျတဲ့ Positive လူနာတွေထားတဲ့တိုက်ဘက်က အခန်း၄ခန်းလောက်က ရေမီးအဆင်မပြေတာလေးတွေကို ဖုန်းနဲ့လှမ်းပြောပြကြတော့ တစ််ခြားလုပ်စရာကျန်တာလေးတွေပါပေါင်းလုပ်ဖို့အတွက် လူ၃ယောက် PPE ဝတ်ပြီးအထဲဝင်ကြမယ်၊၂ယောက်က အပြင်မှာနေပြီး အထဲက၃ယောက်လိုအပ်တာလေးတွေကူညီပေးကြမယ်ဆိုပြီး တာဝန်ကိုယ်စီခွဲယူလိုက်ကြတယ် …

PPE ဝတ်ပြီး Positive လူနာတွေထားတဲ့ လေးထပ်ဆောင်ရဲ့အပေါ်ဆုံးအလွှာကိုအသွားမှာ အမှတ်တမဲ့ ကိုရင်လေးတစ်ပါးကိုတွေ့မိလိုက်တော့ ကျနော့်စိတ်ထဲဟာခနဲဖြစ်သွားမိတယ်၊ အရင့်အရင်ရက်တွေမှာ တစ်ခြားကလေးငယ်လေးတွေကိုတော့တွေ့မိတယ်၊ ကျနော် Volunteer ဝင်လုပ်ပေးနေတဲ့ ၁၈ ရက်နေ့ကနေ ဒီနေ့အချိန်အထိ ရိုးမရိပ်သာ Covid Center က Positive အဆောင်တွေမှာ အခုလို ကိုရင်လေးတွေကို မတွေ့မိသလို ရောက်လာလိမ့်မယ်လို့လဲ ထင်မထားခဲ့မိဘူး၊ ခေါင်းထဲမှာလဲ ကိုရင်လေးအတွက် ညစာဘယ်လိုစီစဥ်ပေးထားမလဲသိချင်လိုက်တာ၊ အဆင်ကောပြေမှပြေရဲ့လား၊ ကိုရင်လေးကိုလှူဖို့အတွက် ငါ့မှာဘာမုန့်ရှိလောက်လဲဆိုတဲ့အတွေးက မရပ်တော့ဘူး …

တွေးရင်းတွေးရင်းနဲ့ ညကဆရာဝန်ကြီးပေးထားတဲ့ အအေးပုလင်းနဲ့ မုန့်ပုံးကိုသတိရမိတော့ ကိုရင်​ေလးကိုပြန်လှူလိုက််မယ်ဆိုတဲ့စိတ်နဲ့ ကိုယ်လုပ်စရာရှိတဲ့အလုပ်လေးတွေမြန်မြန်သွက်သွက်လုပ်ပြီး ပြန်အဆင်းမှာ ကိုရင်လေးနေတဲ့အခန်းနံပါတ်ကို မေးလာခဲ့လိုက်တယ် …

ညဘက်ရေမိုးချိုး ထမင်းစားသောက်အပြီး အကို၊ အမအချို့နဲ့ ကိုရင်လေးအကြောင်းစကားစပ်မိတော့ သူတို့လဲတစ်ခြားကလေးငယ်ငယ်လေးတွေ ဝရန်တာမှာဆော့ကစားနေကြတာတွေ့မိကြောင်းနဲ့ လှူမယ်ဆိုရင်သူတို့ဆီကမုန့်တွေပါယူလို့ရကြောင်းပြောတာနဲ့ ချက်ချင်းမုန့်တွေစုလိုက်တာ ကလေးဆယ်ယောက်စာလောက်ရသွားတယ် …

အဲ့ဒါနဲ့ ဆရာဝန်တွေနေတဲ့အခြမ်းဘက်သွားပြီး ကိုရင်လေးနေတဲ့ တိုက်နားဝန်းကျင်မှာရှိတဲ့ ကလေးလေးတွေရဲ့ နာမည်စာရင်းကိုတောင်းကြည့်လိုက်တော့ နှစ်ဆယ့်သုံးယောက်လောက်ရှိနေတာသိခဲ့ရတယ်၊ အခန်းထဲပြန်ရောက်ချိန်မှာ စုထားတဲ့မုန့်ထက် ကလေးအရေအတွက်ကများနေကြောင်းပြန်ပြောပြတော့ အခန်းထဲကအကိုတစ်ယောက်က တစ်ခြားအခန်း၃ခန်းက အင်ဂျင်နီယာအကို၊ အမတွေဆီကိုပါသွားပြီး Positive ဖြစ်နေတဲ့ ကလေးလေးတွေကို ကိုယ်ရထားတဲ့ဝေစုထဲက မုန့်လေးတွေပြန်လှူဖို့ စီစဥ်ထားကြောင်းနဲ့ ပါဝင်ကြအုန်းမလားဆိုပြီးလိုက််မေးပေးတယ်၊ ချက်ချင်းဆိုသလိုပဲ မုန့်တွေလာပေးကြတာ ကျနော့်ကုတင်နဲ့အပြည့်ဖြစ်သွားတယ်ဗျ …

မနက်ဘက် Pဆောင်တွေဆီကို ထမင်းသွားပို့ပေးမဲ့ Volunteer တွေနဲ့ တစ်ခါတည်းထည့်ပေးလိုက်နိုင်အောင် မောင်နှမတတွေ ရလာတဲ့မုန့်လေးတွေကို စာရင်းလုပ်၊ အညီအမျှခွဲပြီး ထည့်ပေးမယ့်အိတ်လေးတွေမှာ ကလေးလေးတွေရဲ့ နာမည်နဲ့ အားပေးစကားရေးတဲ့သူကရေး၊ ခွဲထားတဲ့မုန့်လေးတွေထည့်တဲ့သူကထည့်၊ အိတ်လေးတွေပြန်ပိတ်ပြီး အဆောင်နံပါတ်အတိုင်းအိတ်တစ်ခုထဲ စုထည့်တဲ့သူကထည့်နဲ့ ဝိုင်းလုပ်လိုက်ကြတာ ည၁၂ခွဲလောက််မှပြီးသွားတယ် …

အိပ်ယာထဲအရောက် ကလေးလေးတွေအတွက် ကိုယ်လုပ်ပေးထားတာလေးတွေပြန်တွေးရင်း ခံစားရတဲ့ပီတိက ပြောမပြတက်အောင်ဖြစ်ရတယ်၊ ကလေးဆိုတာ မုန့်ကြိုက်တက်တဲ့အမျိုးဆိုတော့ မုန့်လေးတွေရရင် ပျော်သွားကြမယ့် သူတို့လေးတွေရဲ့ မျက်နှာကိုလဲ မြင်ယောင်ကြည့်မိတယ်၊ တစ်ချိန်ထဲမှာပဲ ကိုယ်တာဝန်ယူရမယ့် ၁၃ ဆောင်မှာ ကိုယ်လက်လှမ်းမှီတဲ့ အဆောင် ၄ ခုလောက်က ကလေးလေးတွေကိုပဲ မုန့်လေးတွေ ပြန်လည်ဝေမျှခွင့်ရတဲ့အတွက် ကျန်သွားတဲ့အဆောင်က ကလေးတွေအတွက် တွေးမိပြီး စိတ်မကောင်းပြန်ဘူး၊ ဖြစ်နိုင်ရင် အကုန်လုံးကို ဝေမျှပေးချင်တာပါ …

ထပ်တွေးမိတာလေးက ကိုယ်ရထားတဲ့ဝေစုလေးတွေထဲက မုန့်လေးတွေကိုစုပြီး ညီလေး၊ ညီမလေးတွေအတွက် ပြန်လည်ဝေမျှခွင့်လေးရတာတောင် ပီတိတွေဒီလောက်ဖြစ်နေရရင် ကျနော်တို့လို Volunteer တွေ၊ Q ဝင်နေရတဲ့သူတွေနဲ့ Positive လူနာတွေ အရသာရှိရှိ အဟာရပြည့်ပြည့်ဝဝ စားနိုင်ဖို့ အနောက်ကနေ ပံ့ပိုးကူညီလှူဒါန်းပေးနေကြတဲ့ အလှူရှင်တွေဆိုရင် ဘယ်လောက်တောင်များ ကြည်နူးပီတိတွေ ဖြစ်နေကြမလဲဆိုတာကို ခံစားမိလာတယ်ဗျာ …

အခုလို တစ်ဆင့် ပြန်လည်မျှဝေလှူဒါန်းခွင့်ရတဲ့အတွက်လဲ အနောက်ကနေ ပံ့ပိုးကူညီလှူဒါန်းပေးကြတဲ့ အလှူရှင်မိသားစုအားလုံးကို ကျေးဇူးအထူးတင်မိပါတယ် …

Positive ဖြစ်နေတဲ့ ညီလေး၊ ညီမလေးတွေလဲ ရောဂါအမြန်ဆုံး သက်သာပျောက်ကင်းပြီး ကျန်းကျန်းမာမာနဲ့ အရင်လို ခုန်ပေါက်ပြေးလွှားဆော့ကစားနိုင်ကြပါစေ … ( ကိုယ့်ကိုယ်ကို ရောဂါဖြစ်လို့ဖြစ်နေကြမှန်းတောင် မသိရှာပဲ Positive လူနာအဆောင်ရဲ့ ဝရန်တာလေးတွေမှာ ပြေးလွှားဆော့ကစားနေကြတာကိုမြင်ရတာ ရင်ထဲမကောင်းလွန်းလို့ပါ )

ကျနော်တို့အားလုံး ဒီကပ်ရောဂါကြီးကို မေတ္တာတရားတွေနဲ့ အတူတူ ကျော်ဖြတ်ကြရအောင်လား ! …

ချစ်ခြင်းများစွာဖြင့် –

Tin Tun Oo
TU_Magway, Chauk
We ❤ Yangon Engineer Team

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page